Breaking News

မိုးမခကဗျာများ - ခက်ထန်ပိုင်စိုး၊ နိုင်သစ်နီ၊ သဝေ


မိုးမခကဗျာများ 
စက်တင်ဘာ ၂၂၊ ၂၀၂၁

"နေ့စဉ်သတင်းစာ"
ခက်ထန်ပိုင်စိုး

တောင်တွေပေါ်ခရီးထွက်သူတွေက
ပင်လယ်ကိုမျက်နှာမူပြီး
ပင်လယ်လေ ရှူတယ်
သောင်ပြင်ပေါ်
လမ်းလျှောက်နေသူတချို့က
တောင်တွေပေါ်
စိတ်ကူးနဲ့တက်လိုက်လာခဲ့ကြတယ်
ပျော်ရာပျော်ကြောင်းဆိုတာလဲ
နေ့လိုညလို့ မမှန်တော့ 
အရာရာ ရှာရဖွေရတယ် 
(ဥပမာ)
ပွဲခင်းထဲမှာ
အုန်းမွှေးလုံးလှည့်မယ်
ကားတာယာကွင်းထဲကိုဝင်အောင်
ဘောလုံးကန်မယ်
စွန့်စားချင်တော့
တပတ်ပြီး တပတ်
ကမ္ဘာကြီးကို ချားရဟတ်လိုစီးခဲ့ရတယ်
တန်ရာတန်ကြေးကို
တန်ရာတန်ကြေးထက်ပိုပြီး
မျက်နှာသာ ပေးခဲ့ကြရတယ်
တကယ့်ဘဝတွေက
စနေပြီးရင်တနင်္ဂနွေ
တနင်္ဂနွေပြီးတော့တနင်္လာ
မတတ်နိုင်ဘူး မတတ်နိုင်ဘူး
အရှိအတိုင်း
လမ်းဘေးမှတ်တိုင်တွေကိုပဲ
အစဉ်အတိုင်းရွတ်ဆိုမိတယ်
ကွင်းချောင်း ဆင်မင်းစျေး
ဒန်အိုးစက် သစ်တောလမ်း
ထော်လီကွေ့
ပန်းခြံ။

၁၈-၉-၂၁

...

"မနှစ်မြို့ခြင်းဥပေက္ခာ"
နိုင်သစ်နီ

တောသူတောင်သားဓလေ့
ကျီးပြိုတာကို အမျိုးမျိုး
အဓိပ္ပာယ်ကောက်ကြတယ်။
အဘွား
ကျွန်တော် အဲဒီအသံတွေ 
မကြိုက်ဘူးဆိုတော့
လူလေးရယ် သတ္တဝါတွေပဲ
မိုးလာပျက် လေလာပျက်ဆိုတော့
အသိုက်ပြောင်းချင်လို့နေမှာပေါ့ကွယ်တဲ့။

ကွန်ကရိတောအုပ်ထဲမှာ
မိသားစုဘဝတည်ဆောက်ဖြစ်တော့
အဘွားစကားသံကို ဆွတ်ဆွတ်ကြင်ကြင်သတိရ
လူသာဓုခေါ် နတ်သာဓုခေါ် အပြုအမူတွေနဲ့သာ
မွေ့လျောနေမိပါတော့တယ်။

မိုးလာလို့ ပျက်သည်ဖြစ်စေ
လေလာလို့ ပျက်သည်ဖြစ်စေ
ကျီးပြိုချင် ပြို
မပြိုချင် နေ
မနှစ်မြို့ခြင်းကို ရှောင်သွေတယ်
အဓမ္မဘက်မှာ ကျွန်တော်မရှိ
ဗုဒ္ဓံ ဓမ္မံ သရဏံ ဂစ္ဆာမိပါဘုရား။     ။

ညနေ-၅း၃၆ နာရီ
၁၈-၆-၂ဝ၂၁

...

"နွေဦး၏အသိဉာဏ်ထဲမှ မှတ်တမ်းမှတ်ရာများ"
သဝေ

စေးပျစ်သောအရာများကဲ့သို့အရေခြုံမြေခွေးများနှင့်
နွေဦးရဲ့လောက်ကောင်တွေဟာ
တော်လှန်ရေးရဲ့ဟင်းအမယ်များဖြစ်တယ်...

အသိုက်တွေ ဖျက်ဆီးခံခဲ့ရသူတွေအဖို့
အသိုက်တွေ ပြန်ဖျက်ဆီးရဲခဲ့ကြပြီ...

အသက်တွေ စတေးခဲ့ရသူတွေအတွက်
အသက်တွေ လျော်ကြေးတောင်းနေကြပြီ...

ညရဲ့နောက်ဆုံးရှင်သန်ကျန်ရစ်နေကြရသူတွေဟာ
အလျှံတညီးညီး လှောင်မြိုက်ခံရပြီး
ဘယ်စကြဝဠာရဲ့ကျောင်းသုံးစာအုပ်ဖြစ်မှန်းမသိမယ့်
မှတ်တမ်းမှတ်ရာတွေပေါ့...

မတရားမှုက ဦးနှောက်တခုလုံး တစ်စစီပြန့်ကျဲအောင် 
ပစ်ချခံလိုက်ရတဲ့အခါ
အမှန်တရားအတွက်
ရင်ဘတ်တခုလုံး ပွင့်ထွက်သွားရသည်အထိ 
အသည်းမာခဲ့ကြပြီးပြီ...

ဦးခေါင်းခွံတွေ အက်ကွဲသည်အထိ 
ခေါင်းမာပြသူရှိခဲ့တော့
နောက်ထပ် ဘယ်ဦးခေါင်းခွံမှ ခေါင်းမမာနိုင်တော့ဘူးလို့
ထင်ထားကြသလား
အလောင်းပြန်မရတော့လို့ အလောင်းပြန်မယူတာ
အမှန်တရားက ဘယ်တော့မှ ကျန်မနေစေရဘူး
သွေးကြွေးတွေ ပြန်မယူဘူး ထင်မနေနဲ့...

တရားနဲ့ရှင်းမရတော့တဲ့အခါ
ဓားအိမ်ထဲက ဓားတွေထွက်လာတာ 
မထူးဆန်းဘူး မဟုတ်လား ...။        ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar