Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၅ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာလ ၅ ရက်၊ ၂၀၂၁

လက်နက်ကိုင်အဖွဲ့အစည်းတွေ အပစ်ရပ်ဖို့ အာဆီယံရဲ့ ပန်ကြားချက်နဲ့ ဂယက်
မြန်မာ့အရေးကိစ္စနဲ့ပတ်သက်လို့ အာဆီယံက အထူးတာဝန်ပေးထားတဲ့ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူက မြန်မာနိုင်ငံကို လာရောက်ဖို့ ဆက်သွယ်ဆောင်ရွက်နေစဥ်မှာပဲ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကဆွေးနွေးမှုအပြီးမှာ မြန်မာ့နိုင်ငံရေးမှ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ၄ လတာ အပစ်ရပ်ကြဖို့ တိုက်တွန်းထားကြောင်း ထုတ်ပြောလာပါတယ်။ အပစ်ရပ်ဖို့ ပန်ကြားတဲ့ ရည်ရွယ်ချက်က စစ်ဘေးကြောင့် တိမ်းရှောင်နေရတဲ့ အရပ်သားတွေကို လူသားချင်းစာနာမှုအကူအညီ ပထမအသုတ်ပေးနိုင်ဖို့လို့လည်း ဖွင့်ဆို ရှင်းပြထားပါတယ်။ ဧပြီလက ဂျာကာတာမှာသဘောတူထားတဲ့ အာဆီယံမူ ငါးချက်ထဲက တချက်ဖြစ်တဲ့ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို အကူအညီပေးဖို့ ခွင့်ပြုရမယ်ဆိုတဲ့ အချက် တချက်ပါဝင်ခဲ့တာပါ။ အာဆီယံကိုယ်စားလှယ်ရဲ့ အခုလို ၄ လတာ အပစ်ရပ်ဖို့ တိုက်တွန်းခြင်းဟာ
စစ်ကောင်စီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အန်ယူဂျီတို့ကို ရည်ရွယ်ပြောဆိုတာလို့ နားလည်ပါတယ်။ အခြားလက်နက်ကိုင် အဖွဲ့တွေကိုလည်း တိုက်ရိုက်မဟုတ်တဲ့နည်းလမ်းနဲ့ ဆက်သွယ် အသိပေးထားပြီလို့လည်း ကိုယ်စားလှယ်က ဆိုပါတယ်။

လတ်တလော မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၃ ဖွဲ့ကလည်း ပြီးခဲ့တဲ့ရက်ကပဲ ပြည်သူလူထုကို စိုးရိမ်စေပြီး လုံခြုံရေးကို ထိခိုက်စေမည့် စစ်ရေး လှု့ပ်ရှားမှုများနှင့် အပြုအမူများကို ချက်ခြင်းရပ်တန့်ကြဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်၊ အဆိုပါစာရဲ့ ရည်ညွှန်းချက်တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုများ ထိန်းချုပ်ကာကွယ်နိုင်ရန်၊ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးတကြီး လိုအပ်သဖြင့် နိုင်ငံတဝှမ်းဖြစ်ပွားနေသည့် တိုက်ပွဲများကို လျော့ချရန် လိုအပ်ကြောင်း၊ စစ်ရေးအခြေအနေ ပိုတင်းမာလာပြီး စစ်ဘေးဒဏ်ကို ဆိုးဝါးစွ ခံရမည့်အရေးကို ရှောင်လွှဲနိုင်ရန် တာဝန်ရှိသည့် အစုအဖွဲ့များအားလုံး စဉ်းစားအဖြေရှာရန် ထောက်ပြလိုပါသည်လို့ ရေးသားပါရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ မြောက်ပိုင်း ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပျက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မုံးကိုး ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့တိုက်ပွဲက မပြီးဆုံးသေးခင်မှာပဲ အခုလို မြောက်ပိုင်း ၃ ဖွဲ့ရဲ့ ကြေညာချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တဖက်မှာလည်း အာဆီယံသံတမန် အနေနဲ့ နေပြည်တော်က စစ်ကောင်စီခေါင်းဆောင်တွေကို ဆက်သွယ်ပြီး မြန်မာနိုင်ငံလာရောက်ဖို့ တွေ့ဆုံသင့်တဲ့သူတွေနဲ့ တွေ့ခွင့်ရဖို့ ညှိနှိုင်းဆွေးနွေးနေစဥ်မှာ အခုလို မြောက်ပိုင်း ၃ ဖွဲ့ ရဲ့ ကြေညာချက်ထွက်လာတာပါ။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလလည်လောက်က စတင်ကာ ဆန္ဒပြမှုတွေကို ကျည်အစစ်နဲ့ စတင်ပစ်ခတ်ဖြိုခွဲခဲ့တဲ့နောက် ဆန္ဒပြသူတွေထဲက အချို့က အကြမ်းမဖက်နည်းနဲ့ စစ်တပ်ကို ဖြုတ်ချနိုင်မှာမဟုတ်ဘူးလို့ ယူဆကြပြီး တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ ကာလတို စစ်သင်တန်းတွေ သွားတက်ခဲ့ကြပြီး မေလဝန်းကျင်က စလို့ ပြန်လည်ဝင်ရောက်လာကြရာမှာ အခုလို ၇ လကြာမြင့်ချိန်မှာ သင်တန်းတက်ရောက်သူတွေရော၊ ရက် ပိုင်းမျှ ဖေါက်ခွဲနည်း သေနတ် ပစ်ခတ်နည်း သင်ယူပြီး မြို့တွေဆီ ပြန်ဝင်လာသူတွေ အများအပြားရှိပါတယ်။

သင်တန်းတက်ပြီး ပြန်ဝင်ရောက်လာသူတွေထဲက ဗုံးဖောက်ခွဲတာတွေ၊​ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လုပ်ကြံ သတ်ဖြတ်တာ၊ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ကိုင်ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာ၊ တီဗွီတို့မှာ ပြောဆိုထားတာပါ။ ဒီလိုသင်တန်းတက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ စစ်အာဏာရှင် ဆန့်ကျင်တဲ့လူငယ်တွေ ရှိသလို မြန်မာနိုင်ငံအလယ်ပိုင်း အချို့ဒေသတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ စစ်သင်တန်းသွားတက်တာမျိုးမဟုတ်ပဲ မိမိဒေသမှာပဲ အမဲလိုက်သေနတ်တွေ မိမိတို့ဘာသာ လက်ဖြစ်ထုတ်လုပ်ပြီး ရွာခံကာကွယ်ရေး တပ်ဖွဲ့သဖွယ် ကျေးရွာမှာရှိတဲ့ အမျိုးသားအားလုံးနီးပါး ဝင်ရောက်ပါဝင်ကြရတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။

ဒီလိုဖွဲ့စည်း တိုက်ခိုက်နေကြတဲ့ ပီဒီအက်ဖ်လို့ ယေဘုယျ အခေါ်အဝေါ်ခေါ်ဆိုကြတဲ့ အဖွဲ့ပေါင်း မြန်မာနိုင်ငံတဝှမ်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊​ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့မှာ ရှိနေကြပြီဖြစ်ပါတယ်။

အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ မဟာမိတ် လုပ်ဆောင်ထားတာလည်း ရှိသလို တချို့ဒေသတွေမှာတော့မရှိကြပါဘူး။ မိမိမြို့ မိမိဒေသ သီးခြားစီ တိုက်ခိုက်၊ ဖောက်ခွဲ၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေကြတာပါ။

အခုလို ရာဂဏန်းချီတဲ့ လက်နက်ကိုင် ဒေသအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး အရစုစည်းနိုင်မှု အမိန့်ပေးနိုင်မှု မတွေ့ရှိရသေးတာကြောင့် အခုလတ်တလော အာဆီယံက နှိုးဆော်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ၄ လတာ အပစ်ရပ်ကြဖို့ နှိုးဆော်ချက်ကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာတော့ မှန်းဆရခက်ခဲပါလိမ့်မယ်။

အမျိုးသားညီညွတ်ရေး အစိုးရဘက်ကတော့ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ပြောဆိုတာ ဝေဖန်ပြောဆိုတာမျိုး ခုချိန်ထိ မထွက်ပေါ်သေးပါဘူး။ သို့သော်လည်း
စစ်ကောင်စီက တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာရပ်တန့်ဖို့ စက်တင်ဘာ ၅ ရက်စွဲနဲ့ NUG ကလည်း ထုတ်ပြန်တယ်လို့ ဘီဘီစီသတင်းမှာ ဆိုပါတယ်။ ASEAN နဲ့ တရုတ်တို့ရဲ့ မြန်မာစစ်ကောင်စီအတွက် Road Map က အချက်တခု 'အပစ်ရပ်ကြဖို့' ဆိုတာ အခုအချိန်မှာ အသံထွက်လာပါပြီ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar