မိုးမခအက်ဆေး - မြဇင်ယော် " ဘဏ် "
မိုးမခအက်ဆေး
စက်တင်ဘာ ၆၊ ၂၀၂၁
" ဘဏ် "
မြဇင်ယော်
တနေ့က အဖေ့တူမဖုန်းဆက်တယ်။ သူဖျားနေတယ်၊ သူ့ယောက်ျားက ဟိုဘက်နိုင်ငံကနေ ငွေလွှဲချင်တယ်၊ ဘဏ်ကငွေထုတ်ပြီး အပေါင်ဆိုင်က ရွှေလည်းရွေးပေးပါ တဲ့။ တကယ်တော့ ဒီအချိန်မှာ ဘဏ်ကိုလုံးဝမသွားချင်ပါ။ ဒါပေမယ့် အဖေ့တူမဆိုတာ ရွာကအိမ်ကိုစောင့်ရှောက်ပေးနေတဲ့အပြင် ကိုယ်တွေတအိမ်လုံး ဖျားနေတုန်းကဆို အဖေက ဆီးဖြူသီးထောင်း နဲ့ ဟင်းချိုပူပူလေး စားလိုက်ချင်တာဆို ဆီးဖြူသီးဆွတ်ပေး၊ ဖန်ခါးသီးနဲ့ငပိဖုတ်လေးစားချင်တယ်ဆို ဖန်ခါးသီးခူးပေး၊ ငါးဆိုငါး၊ မျှစ်ဆိုမျှစ်၊ မှိုဆိုလည်းမှို အကုန်စီမံပြီး ကိုယ်တွေဆီအရောက် ပို့ပေးရှာတာ။ ဟော အခုတော့ သူကဖျားပြီ။ ကိုယ့်ကိုကူညီဖူးတာတွေပဲများပြီး သူက ဒီတခါလေး အကူအညီတောင်းတာဆိုတော့ မငြင်းချင်။
အဲ့ဒါနဲ့ သူပြောပြတဲ့ ဘဏ်ကို ငွေလွှဲထုတ်လို့ ရမရ၊ ရရင် တယောက်ကို တပတ်အတွင်း ငွေဘယ်လောက်ထုတ်ပေးသလဲ သွားမေးရတယ်။ ပြန်ဖြေတဲ့လူက " ငွေကထုတ်လို့ရတယ်၊ တယောက်ကို ငါးသိန်းထုတ်ပေးမလား၊ ရှစ်သိန်းထုတ်ပေးမလားဆိုတာ ကျွန်တော်တို့ မန်နေဂျာပေါ်မှာ မူတည်တယ်" တဲ့။ ဆိုတော့ သိပ်မသေချာ။ သူလွှဲမှာက ၁၆ သိန်းဆိုတော့ တယောက် ၅ သိန်းထုတ်ပေးတယ်ပဲဆိုဦး၊ ဘဏ်ကို ၃ ခါလောက် သွားရမယ့်ကိန်း။ ၃ ခါမသွားရအောင် အဖေ၊ အမေ၊ ကိုယ် သုံးယောက်ရဲ့နာမည်တွေနဲ့ပဲ လွှဲခိုင်းလိုက်ရတယ်။ ဘဏ်ကပို့တဲ့ ငွေရောက်ကြောင်း စာတိုလေးရောက်ပြီး နောက်တရက်မှာ ဘဏ်ကို သားအမိသားအဖ သုံးယောက်သား ချီတက်ကြရပါတယ်။
ရှေ့စီနီယာတွေက မှတ်ပုံတင်တွေကြိုထပ်ထားရတာလို့ ပြောပြကြလို့ ဘဏ်ကို မနက် ၉ : ၁၅ အရောက်သွားရတယ်။ ဘဏ်ရှေ့မှာ လူတွေ အနည်းဆုံး ၅၀ လောက်ရောက်နေပြီ။ ဘဏ်ရဲ့တည်နေရာက စျေးအရှေ့ဘက်လမ်းပေါ်၊ ယာဉ်သွားယာဉ်လာတွေကများ၊ ဘဏ်ကိုလာကြတဲ့ ဆိုင်ကယ်တွေကလည်း လမ်းဝဲယာမှာ တန်းစီထိုးထားတော့ လမ်းကလည်းကျဉ်း၊ တခါတခါ လမ်းကပိတ်နေပြန်တယ်။ အဲ့ဒီ့အထဲမှာမှ ဘဏ်ရှေ့မှာရပ်စောင့်နေကြတဲ့လူတွေက တစတစများလာလိုက်တာ၊ ၆ ပေအကွာမပြောနဲ့ တထွာတောင်မပြည့်ချင်။ ကိုယ့်ဆိုင်ကယ်ပေါ်ကိုယ် တက်ထိုင်ရင်းစောင့်နေတဲ့လူတွေ၊ ဆိုင်ကယ်ကြိုဆိုင်ကယ်ကြား ရပ်နေတဲ့လူတွေ၊ လမ်းအရှေ့ဘက် ဗာဒံပင်အရိပ်အောက်သွားနေတဲ့လူတွေ ရာဂဏန်းနီးနီးပါပဲ။
ကိုယ်တွေလည်း လူရှင်းတဲ့နေရာလေးများ ရမလားဆိုပြီးကြည့်မိတော့ ဘဏ်လုံခြုံရေးတဲနားမှာ ရှင်းနေသလိုပဲ။ အနားသွားကြည့်တော့ ရှင်းမှာပေါ့၊ အဲ့ဒီအနားမှာ ဗာဒံကိုင်းတွေချိုင်ချထားတာ။ မိုးရွာတော့ ဗာဒံကိုင်းအခြောက်ပေါ်ကကျတဲ့ ရေနောက်နောက်တွေက ရွှံ့ဗွက်လို ဖြစ်နေတယ်။ အဲ့ဒီအပေါ်မှာမှ ပလတ်စတစ်အမှိုက်နည်းနည်းနဲ့ ကွမ်းသွေးတွေလည်းရှိနေပြန်တော့ လူနေလို့မရ။ ဆိုတော့ လူကြောက်နေလို့မရတော့ဘူး။ ကြောက်နေရင်လည်း အိမ်ပြန်ပြေးရုံပဲ။ အဲ့ဒါနဲ့ လူအုပ်အနားပဲ ရပ်လိုက်ရတော့တယ်။
လူတိုင်း နှာခေါင်းစည်းပါတာပဲ။ ဘာကြောက်စရာလိုလဲ။ ခဏရပ်မိတော့ " ပျစ်ခနဲ " အသံကြားရတယ်။ ကြည့်လိုက်တော့ ဘေးနားကလူ ကွမ်းသွေးထွေးတာ။ နှာခေါင်းစည်းကို ပါးစပ်ပေါ်အောင်ဆွဲချပြီး ထွေးတာ၊ ထွေးပြီး နှာခေါင်းစည်းလေး နှာခေါင်းပေါ် ပြန်တင်လိုက်တယ်၊ လက်နဲ့ဖိလိုက်တယ်။ ပြီးတော့ ကွမ်းဆက်ဝါးနေတယ်။ ပြီးတော့ စောစောကလိုပဲ ကွမ်းသွေးထွေးပြန်တယ်။ သူ့ကို ကျောပေးပြီး ရပ်လိုက်တယ်။ ကိုယ်မျက်နှာမူရာမှာတော့ အမျိုးသမီးနှစ်ယောက် စကားပြောနေကြတယ်။ နှာခေါင်းစည်းလေးအောက်ဆွဲချလိုက် စကားလေးပြောလိုက်၊ နှာခေါင်းစည်းပြန်တင်ပြီး တဖက်ကပြောတာ နားထောင်လိုက်နဲ့ နှစ်ယောက်စလုံးဟာ လက်ရောပါးစပ်ရော နားရော အလုပ်လုပ်နေကြတယ်။
ခဏနေတော့ ဘဏ်ရှေ့လူအုပ်ကြားထဲ ကိုရင်လေးတပါး စာအိတ်လေးတွေ လိုက်ကမ်းတယ်။ စာအိတ်ပေါ်မှာ " ...မြို့နယ်၊ ...လမ်းခွဲ နှစ်ဦးစေတီတောင်ပေါ်ကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရန်အတွက် အလှူဒါယကာ/ဒါယိကာမတို့ထံ ကိုယ်တိုင်ကိုယ်ကျ အလှူခံကြွရောက် " တဲ့။ အဲ့ဒီအောက်မှာတော့ ဘိလပ်မြေ ၁ အိတ်တန်ဖိုး၊ သဲ ၁ ကျင်းတန်ဖိုး၊ ကျောက် ၁ စီးတန်ဖိုး၊ သွပ် ၁ ချပ်တန်ဖိုး လေးတွေပါပါတယ်။ တန်ဖိုးတွေအောက်မှာတော့ " ကျန်းမာချမ်းသာကြပါစေ၊ လှူနိုင်တန်းနိုင်ကြပါစေ သာဓု သာဓု သာဓု " လို့ ရေးထားပါတယ်။ တချို့က စာအိတ်ကို မယူပါ။ ခေါင်းယမ်းပြကြတယ်။ တချို့က ယူ ထားတယ်၊ ဘာမှတော့ မထည့်။ ကိုရင်က စာအိတ်တွေ ပြန်သိမ်းတဲ့အချိန်မှာ ကိုယ့်နားက နှစ်ယောက်ပဲ အလှူငွေထည့်တယ်။ တယောက်က ၂၀၀၊ နောက်တယောက်က ၅၀၀။
ခဏနေတော့ အမျိုးသမီးတယောက်က ဘဏ်ဝန်ထမ်းဆီ မှတ်ပုံတင်လာထပ်တယ်။ ဒီကြားထဲ မှတ်ပုံတင်လာထပ်ကြသူတွေ များပေမယ့် သူလာပုံက ရို့ ရို့လေး။ အထက်လူကြီးတွေ၊ ကြောက်ရွံ့ရိုသေရတဲ့လူတွေရှေ့ လာပုံမျိုး။ ဘဏ်ဝန်ထမ်းက မှတ်ပုံတင်ယူပြီး ခေါင်းညိတ်ပြလိုက်မှ ခါးပြန်မတ်တယ်။ သြော်...။ ဘာရယ်မသိ၊ ရေရွတ်မိတယ်။ စိတ်ထိခိုက်မိသလိုလို။ သူသွားထိုင်တဲ့နေရာကိုလိုက်ကြည့်တော့ အဲ့ဒီနေရာမှာရှိနှင့်နေတဲ့ အမျိုးသမီးတယောက်ဖုန်းပြောနေတယ်။ " အေးလို့၊ တဦးပဲ ရောက်တယ်၊ တဦးက မရောက်ဘူးလို့၊ အတူတူလွှဲတာပဲကို၊ အရင်လကလည်း အဲ့ဒီလိုပဲ၊ ရောဂါတွေက ကြောက်ပါတယ်ဆို၊ နေ့တိုင်း မြို့ကိုလာနေရတယ်၊ နင့်ယောက်ျားကိုလည်း မလွှဲခိုင်းသေးနဲ့ဦး၊...... အေးပေါ့ အဲ့လိုဆိုလည်း လွှဲခိုင်းပေါ့ " တဲ့။ အင်း မလွယ်ပါလား။
အဲ့ဒီလိုနေကြတုန်း ဘဏ်ဝန်ထမ်းက မှတ်ပုံတင်အထပ်လေးကိုင်ပြီး နာမည်တွေခေါ်တယ်။ တခါခေါ် ၁၀ ယောက်။ နာမည်အခေါ်ခံရတဲ့လူတွေက ဘဏ်ထဲဝင် ငွေထုတ်။ ပြီးတော့ ပြန်ပေါ့။ နာမည်များအခေါ်ခံရပြီဆို အခေါ်ခံရသူတွေမှာ ပြုံးလို့ ၊ အနားကလူတွေက သူ့တို့ကို ကံထူးရှင်ကြီးတွေဆိုပြီး အားကျတဲ့အကြည့်တွေနဲ့ ဝိုင်းကြည့်ကြသေးတယ်။ ဘယ်အချိန်ကတည်းက မှတ်ပုံတင် လာထပ်ထားကြတာလဲမသိ။ ဝီရိယတွေလည်း ကောင်းလိုက်ကြတာ။ အင်း မကောင်းလို့လည်း မရပါလား။ တခါကလည်း နာမည်အခေါ်ခံရတဲ့လူတွေ ပျော်ပြီး ဝန်ထမ်းတွေနားကပ်လာကြတာ။ ပျော်တာပေါ့၊ သူတို့ရောက်တာ သိပ်မှမကြာသေးပဲ။ ဒါပေမယ့် သူတို့ကျတော့ ငွေမရောက်သေး၊ နောက်နေ့မှ ပြန်လာပါတဲ့လေ။ အမျှော်ကြီးမျှော်လင့်ပြီးခါမှ စိတ်ပျက်သွားလိုက်မယ့်ဖြစ်ခြင်း။
နာမည်အခေါ်မခံရသေးတဲ့လူတွေကတော့ ဘဏ်အဆောက်အဦးထဲဝင်ဖို့မပြောနဲ့၊ ဘဏ်ဝင်းထဲတောင် မဝင်ရ။ ဘဏ်ဝန်ထမ်းကောင်လေးနှစ်ယောက်က လူဝင်ချိန်မှ တံခါးဖွင့်၊ လူဝင်ပြီးတာနဲ့ တန်းပိတ် ဂျိတ်ပဲ။ သော့လေးတောင်ချိတ်ထားသေးတယ်။ " သြော် မင်းတို့မှာလည်း လွန်လွန်းတယ်၊ မဝင်နဲ့ဆို မဝင်ပါဘူး" လို့တွေးနေတုန်း အမေကြီးတယောက်က တံခါးဟတဲ့အဟ ကို ဇွတ်တိုးဝင်တယ်။ ဝန်ထမ်းတွေက "ဝင်လို့မရပါဘူး၊ သူ့အလှည့်နဲ့သူ၊ မှတ်ပုံတင်ပေးပါ" ဆိုလည်း မရ။ ဇွတ်ဝင်တာပဲ။ ခဏနေတော့ ပြန်ထွက်လာရရှာတယ်။ မှတ်ပုံတင်ပြန်ထပ်ရတာပါပဲ။ သြော် လူတွေ လူတွေ ပိုကိုပိုကြတယ်။
တဖြည်းဖြည်းနဲ့ နေကလည်း ပူသထက် ပူလာပြီ။ လမ်းအရှေ့ဘက်က ဗာဒံပင်အရိပ်က မရတော့။ လမ်းအနောက်ဘက်က ဗာဒံပင်ကလည်း အရိပ်မလာသေး။ ထိုင်တဲ့လူတွေထိုင်ကုန်ပြီ။ ဆောင့်ကြောင့်ထိုင်တဲ့လူနဲ့၊ ဖိနပ်နှစ်ဖက်ချွတ်ပြီး ဖိနပ်ပေါ် ပြစ်ပြစ်နှစ်နှစ်ထိုင်တဲ့လူနဲ့။ ကိုယ့်မှာတော့ နေရိပ်အလာ နေပူမှာရပ်စောင့်နေရတဲ့အပြင် ဆိုင်ကယ်ဦးထုပ်ကြီးလည်းဆောင်းထားတော့ ချွေးတွေထွက်။ မျက်နှာပေါ်မှာ ချွေးတွေ စီးကျနေလည်း လက်နဲ့မသုတ်ရဲ။ ဒီလက်က ဟိုနေရာ ဒီနေရာ နေရာအစုံကိုထိထားတော့ ရောဂါကြောက်လို့ ဒီလက်နဲ့ မျက်နှာကိုမထိရဲ။ ဒီကြားထဲ နားကလည်းယား၊ ဒုက္ခပါပဲ။ ဘေးနားကြည့်လိုက်တော့ သူ့မှာလည်း ချွေးတလုံးလုံး၊ ကိုယ့်မှာလည်း ချွေးတလုံးလုံး။
ကိုယ်ရောက်ခါစကဆို လူတွေဟာ မှတ်ပုံတင်အထပ်လိုက်ကိုင်လာတဲ့ ဝန်ထမ်းကိုမြင်ရင် လှုပ်လှုပ်ရွရွ တွေဖြစ်ကုန်တယ်။ ထိုင်နေတဲ့သူတွေက ထ၊ ဝေးနေတဲ့သူတွေက အနားတိုးလာပြီး ကိုယ့်နာမည်လေးများ ပါသလား နားစွင့်ကြတယ်။ ဒီတသုတ် မပါသေးဘူးဆိုမှ နေလက်စနေရာ ပြန်နေကြတယ်။ အခု ကိုယ်ရောက်တာ နှစ်နာရီကျော်ကြာလာတော့ လူတွေဟာ ရင်မခုန်တော့။ မှတ်ပုံတင်အထပ် ကိုင်လာတာတွေ့လည်း သိပ်မထူးခြားတော့။ တခါတခါ ကာယကံရှင်ကမကြားလို့ အနားကလူတွေက တဆင့် ပြန်အော်ပေးနေကြရတယ်။ ငြီးငွေ့လာကြတဲ့လူတွေဟာ ရေသောက်သူတွေက သောက်၊ အချိုရည်ဗူးမော့သူက မော့၊ မုန့်စားသူက စား၊ ငေးသူက ငေး၊ ဖုန်းပွတ်သူက ပွတ်။ ကိုယ်ဆိုလည်း ရေက ဆာ၊ နေက ပူနဲ့၊ ပြန်ပြေးချင်စိတ်တွေချည်း ပေါက်နေမိတယ်။
မနက် ၉ နာရီ ကျော်ကတည်းက စောင့်လာတာ၊ ၁၁ ခွဲပြီးတဲ့အချိန်အထိ ကိုယ့်နာမည်မပါသေး။ မတ်တပ်ရပ်တာကကြာ ချွေးကထွက် ဆိုတော့ ခေါင်းက မိုက်လာတယ်။ ၁၁:၄၅ လောက်မှာ ခေါ်တဲ့အသုတ်ထဲတော့ ကိုယ့်နာမည်ပါကောင်းပါရဲ့ လို့ တွေးနေတုန်း ဘဏ်ဝန်ထမ်းက ကိုယ့်နာမည်ခေါ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကိုယ်က ဘဏ်ဝန်ထမ်းလို့မမြင်တော့ဘဲ ကျေးဇူးရှင်ကြီးလိုလို ကယ်တင်ရှင်ကြီးလိုလို မြင်မိတော့တာပဲ။ " ဆိုင်ကယ်ဦးထုပ်ချွတ်ပါ၊ လက်ဆေးပါ " တဲ့။ ဘဏ်အဆောက်အဦးထဲ ဝင်ခွင့်ရပါပြီ။ လေအေးပေးစက်ရှိတဲ့အခန်းထဲမှာ အေးမြလိုက်တာ။ ငွေထုတ်မယ့်သူတွေထိုင်ဖို့ ပလတ်စတစ်ခုံ ၁၀ ခုံကို ၄ ပေလောက် ခြားပြီးချထားတယ်။ သြော် ဒီလိုလား၊ အဆောက်အဦးထဲမှာ လူ ၁၀ ဦး ခပ်ကျဲကျဲလေး နေနိုင်ဖို့ အပြင်မှာ လူတွေ စုပြုံနေရတာပဲ။
ဝန်ထမ်းတွေ အလုပ်လုပ်တဲ့နေရာကို ပလတ်စတစ်နဲ့ ကာထားတယ်။ တကယ့်တကယ် ပိုက်ဆံထုတ်တော့ ၅ မိနစ်ပင်မကြာ။ အဲ့ဒီ ခဏလေးအတွက် စောင့်ခဲ့ရတာက သုံးနာရီနီးပါး။ ပိုက်ဆံထုတ်ပြီးတော့ ပျော်လိုက်တာ။ ထီပေါက်တဲ့လူတောင် ကိုယ့်လို ပျော်မယ်မထင်။ သြော် ကိုယ့်တို့ဆီမှာ ကိုယ့်ပိုက်ဆံကိုယ် အချိန်ကုန်လူပင်ပန်းနဲ့ ဒုက္ခခံစောင့်ပြီးမှ ပြန်ရတာဟာလည်း ပျော်စရာဖြစ်ရတာပါပဲ။ ။
မြဇင်ယော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar