လှကျော်ဇော - ဆရာဂါမဏိသို့ ...
ကျွန်မတို့တတွေက ရဲဘော်အောင်စိုးလို့ခေါ်တဲ့ စာရေးဆရာ ဂါမဏိ မနေ့က ဆုံးသွားပြီး ဒီနေ့သဂြိုဟ်တယ်လို့ ကြားရပါတယ်။ ဒီသတင်းနဲ့ မရှေးမနှောင်းမှာပဲ သူ့သားလေး မောင်မောင်ရဲ့ အဖေ့အတွက်အမှတ်တရရေးထားတဲ့ မှတ်စုလေးတစောင် သတင်းကွန်ရက်မှာ တက်လာပါတယ်။
နောက်ဆုံးပိုဒ်ကလေးက ဒီလိုပါ။
.... အဖေပေးဆပ်ခဲ့တာနဲ့ ပြန်ရတာနဲ့ နည်းနည်းလေးမှ မတန်ပါဘူးဗျာ ... တဲ့။
မဟုတ်ပါဘူး သားရယ်။
.... တို့တတွေပေးဆပ်ရတာက များပေမယ့် ပြန်ရမှာက ပိုများပါတယ် ... တဲ့။
သံမဏိသူရဲကောင်း ပေပယ် ကော်ချာဂင် ပြောခဲ့တဲ့စကားပါ။
ဒါဟာ သက်ဆုံးတိုင် မိမိတို့ရဲ့ရည်မှန်းချက် ယုံကြည်ချက်အတွက် ရရာနေရာ ရောက်ရာအရပ်က အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့ကြတဲ့ ရာသက်ပန်တော်လှန်ရေးသမားများရဲ့ ခံယူချက်ပါ။
သားဖေဖေလဲ ဒီလိုပဲ ခံယူသွားမှာပါ။
ကျွန်မတို့တတွေဆိုတာကတော့ ၇၄-၇၅-၇၆ မဆလ ဆန့်ကျင်ရေးလူထုတိုက်ပွဲကြီးများအပြီး ဗမာပြည်ကွန်မြူနစ်ပါတီရှိရာ အရှေ့မြောက်ဒေသသို့ တသုတ်ပြီးတသုတ် ထွက်ပြေးရောက်ရှိလာကြတဲ့ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ စာရေးစာချီဝန်ထမ်းတွေ စတဲ့ လူပေါင်းစုံအုပ်ကြီးကိုဆိုလိုတာပါ။ အများစုဟာ ၂၀ ကျော် ၃၀ တွင်းတွေပါ။ (အခုတော့ ၆၀-၇၀ တန်းတွေ ဖြစ်ကုန်ပြီ။)
ဒီတော့ သူနဲ့ကျွန်မနဲ့က ဒီအသုတ်တွေထဲမှာ ပါခဲ့တာပေါ့။
ကျွန်မက သူ့ကို ပန်ဆန်းက ဗဟိုရုံးမှာစတွေ့ဖူးတာပါ။ ၁၉၈၀ ခုနှစ် အစလောက်မှာ သူက မြောက်ပိုင်းဗျူရိုက နိုင်ငံရေးမှူး ရဲဘော်အောင် (နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ရဲ့ကြေးနန်းသမားအဖြစ် ပန်ဆန်းကိုပါလာတာပါ။ ကျွန်မက သူဆေးတက္ကသိုလ်ကျောင်းသားမှန်း သိထားပါတယ်။ ဒီတော့ ကျွန်မ က ဗဟိုဆေးကျောင်းမှာ လာဆရာလုပ်ဖို့ သူ့ကို ဆွေးနွေးကြည့်ပါတယ်။
... ကျွန်တော် ဆေးတက်တာ ဝါသနာပါလို့မဟုတ်ဘူး။ အမှတ်မီလို့ အိမ်ကတက်ခိုင်းလို့ တက်ရတာ။ အခုလဲ ရဲဘော်အောင်က အတင်းခေါ်ထားလို့၊ ရှေ့တန်းတပ်ပဲ သွားချင်တာ ....တဲ့။
အပြတ်ပဲ။ ဒီနောက် ကျွန်မကို ဘယ်နေရာတွေ့တွေ့ ရှောင်ပါတော့တယ်။ ဒါပေမဲ့ ကျွန်မမောင်များ (အထူးသဖြင့် အောင်ကျော်ဇော ကိုမြမောင်) နဲ့တော့ ခင်ပုံရတယ်။
၁၉၈၉ နောက်ပိုင်း ကျွန်မတို့ဇာတ်ခေါင်းကွဲသွားပီး ကာလတပိုင်း အဆက်အသွယ်ပြတ်သွားပေမဲ့ သတင်းကွန်ရက်တွေ တိုးတက်လာတော့ သူနဲ့ပြန်အဆက်ရလာပါတယ်။
ကျွန်မက ဖေဖေဆုံးသွားပြီးတော့ စာလေးပေလေးရေးလာပြီး ကျွန်မတို့ပါတီကထုတ်တဲ့ စာစောင်တွေကလည်း သိပ်မများသေးတော့) ဘယ်နေရာပို့ရမှန်းမသိ ဖြစ်နေပါတယ်။ ဒီတော့ ကိုမြမောင်က
... ကျွန်တော် ဂါမဏိ မေးကြည့်မယ်။ သူပို့နေကျ မိုးမခပို့ပေးပါလို့ အကူအညီတောင်းကြည့်တာပေါ့ ...တဲ့။ သူက အဲဒီအချိန်မှာ ဂါမဏိဆိုတဲ့ ကလောင်နာမည်နဲ့ နာမည်ကြီး ဖြစ်နေပြီ။
အစပိုင်း သူကတဆင့်ပို့ပေးပြီး နောက်တော့ သူက မောင်ရစ်ရဲ့အီမေးလ်လိပ်စာ ပို့ပေးပါတယ်။
... သူတို့က ကျွန်တော်တို့ ဒီဖက်ကလူတွေကို လေးစားပါတယ်။ ကိုယ်ဟာကိုယ် တိုက်ရိုက်ပို့ကြည့်ပါ ...တဲ့။
အဲဒါနဲ့ နောက်တော့ တိုက်ရိုက်ပို့ဖြစ်သွားတယ်။
ကျွန်မတို့မောင်နှစ်မနဲ့ သူနဲ့က စကိုက် (Skype) က အဆက်သွယ်မပြတ်လှပါဘူး။ ကျွန်မတို့ရေးစရာအကြောင်းများ မပြည့်မစုံဖြစ်ရင် အပြန်အလှန် မေးကြမြန်းကြရပါတယ်။ တခါတလေတော့ သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်မကို အကြံဉာဏ်တွေဘာတွေ လှမ်းတောင်းတတ်ပါတယ်။
ဒီလိုနဲ့ ကျွန်မတို့တတွေ မပြီးသေးတဲ့တာဝန်တွေကို ဆက်လုပ်ဆောင်နေကြရင်း အခုတော့ သူက ငြိမ်းချမ်းစွာ အနားယူသွားပါပြီ။
ကျွန်မတို့တတွေ တယောက်နဲ့တယောက် အမြင်တွေမတူတာ၊ ငြင်းကြ ခုန်ကြ၊ စိတ်ဆိုးကြ၊ ရန်ဖြစ်ကြနဲ့။ ဒါပေမဲ့ ကျွန်မတို့တတွေအားလုံး မရိုးမစွဲ တူညီတဲ့အချက်ကတော့ ....
တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ထားရှိတဲ့ စေတနာပါ။ ကျွန်မတို့လုပ်ဆောင်ခဲ့ကြတဲ့၊ လုပ်ဆောင်နေဆဲဖြစ်တဲ့၊ နောင်လဲ အဆက်မပြတ် လုပ်ဆောင်ကြဦးမယ့် အလုပ်တွေကတော့ ဒီစိတ်စေတနာရဲ့ညွှန်ကြားစေခိုင်းမှုသာဖြစ်ပါတယ်။
ဒီစာတမ်းလေးကို ဖေဖေကွယ်လွန်စဉ်က ကဗျာဆရာ ဖိုးနီ အမှတ်တရရေးပေးခဲ့တဲ့ကဗျာရဲ့နောက်ဆုံးပိုဒ်ကလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။
ချစ်ရဲဘော်ရေ ....
တသက်တာဘဝ
ဒါနကုသိုလ်ပြုလိုက်ရပြီပဲ
ကျေနပ်ပါတော့ ...။
လှကျော်ဇော။
၅-၉-၂၀၂၁။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar