Breaking News

မိုးမခကဗျာများ - မောင်သစ်ကြည်၊ မောင်နေသစ်(ရေဦး)၊ ညီတင့်

မိုးမခကဗျာများ 
စက်တင်ဘာ ၁၁၊ ၂၀၂၁

''မီးစွဲလောင်နေတဲ့တာဝါတိုင် ''
မောင်သစ်ကြည်

စိတ်ကစဉ့်ကရဲ ရောဂါဟာ
လူနာဆောင်အမှတ်( ၆ ) ထဲရောက်နေသလိုပဲ
ဟိုမှာ..မိုးသားမည်းမည်းတွေ အုံ့ဆိုင်းလို့
Mytel tower တိုင်တွေ ပြိုကျနေတဲ့အတိုင်း
ငိုသံပါကြီးနဲ့
မပြောမပြီး မတီးမမြည်တဲ့လက်ခုပ်သံများ
ရုပ်ပျက်ဆင်းပျက်ဖြစ်နေပုံက
သွေးရူးသွေးတန်း ပရမ်းပတာ
မျက်ခွက်တွေ ထိတ်လန့်နေသောနေ့ရက်များ
လူသေတွေသယ်ဆောင်လာတဲ့
ကြယ်တံဆိပ်ထရပ်ကားကြီးတွေ မုန့်ဟင်းခါးစားလို့
ဟစ်တလာရဲ့သုတ်ရည်တစ်စက်သာ
မေရီအင်တွိုင်းနက်ရဲ့ယောနိပုလင်းထဲမဝင်ခဲ့ရင်
ဒုတိယကမ္ဘာစစ်ကြီးဖြစ်မည် မထင်
မိုးရေတွေ တစ်စက်ချင်းရဲ့ခုတင်ပေါ်မှာ
မျက်ရည်တွေ ညဝတ်အကျႌဝတ်ထားသလား
ဒီစစ်ကြီးပြီးရင်တော့
တာဝါတိုင်ကြီးဟာ နှလုံးခုန်မှာမဟုတ်တော့ဘူး။  ။

၁၁ စက်တင်ဘာ ၂၀၂၁

...

'' မြွေနဲ့လူ '' 
မောင်နေသစ်(ရေဦး)

တကယ်တော့
မြွေနဲ့လူဟာ
မိတ်ဆွေလည်းမဟုတ်ဘူး
ရန်သူလည်းမဟုတ်ဘူး။

မြွေက
မြွေနေရာ မြွေနေ။

လူက
လူနေရာလူနေ။

မြွေမှာ
အဆိပ်ရှိသလို
လူမှာလည်း
အဆိပ်ရှိတယ်။

အရေးကြီးတာက
ပြသနာဖြစ်လာရင်
မြွေသေပြီး
လူရှင်ဖို့ပဲလိုတယ်။

11/9/2021

...


'' အိပ်မက်ခြားသူ ''
ညီတင့်

ခင်ဗျားတို့ခေတ်မီဆေးဝါးအလုအယက်ဝယ်နေချိန်
သောက်ရေအိုးစင်ကရေတခွက်
ကျနော်ခပ်ပြီးသောက်လိုက်ပါတယ်
တောသားတွေအတွက် ရေဆိုတာဆေးတပါးပါပဲ။
ခင်ဗျားတို့အောက်ဆီဂျင်ဗူးအသည်းအသန်ရှာနေချိန်
သစ်ပင်ရိပ်အောက် ဝင်လေထွက်လေအာနာပါနစီးဖြန်း
ကျနော်တို့တောသား သဘာဝလေဖမ်းရှူနေရတယ်။
ကောင်းကင်ပေါ် ဖြူဖြူဖွေးဖွေး
တိမ်မျဉ်းကြောင်းတကြောင်းလား
တိုက်လေယာဉ်တစီးကထုတ်လွှတ်သွားတဲ့မီးခိုးကြောင်းလား။
ညအခါမှိတ်တုတ်မှိတ်တုတ် တလက်လက်
လမ်းပြကြယ်ကလေးတလုံးလား
ထောက်လှမ်းရေးဒရုန်းတစင်းလား
မိုးကောင်းကင်ကြီးတောင် လုံခြုံမှုမရှိတော့ပါ။
ပင်လယ်ပြင်မှာညီညွတ်ရေးကခေါင်းတွဲပဲ
အားအားရှိတိုင်း တိုက်ခတ်နေကြတဲ့လေတွေ
တသုန်သုန်တညင်းညင်း တိုက်ခတ်ပေးမယ်ဆိုရင်
ပန်းတိုင်ရောက်ဖို့ အထောက်အကူဖြစ်နိုင်ရဲ့
အတားအဆီးမဲ့ ဗရမ်းဗတာတိုက်ခတ်ပေးနေကြရင်တော့
ဂျန်ဇီ သင်္ဘောမှောက်မယ် သတိပြုလေ။
လူ့ဘဝ
မွေးဖွားခြင်းတာဝန်၊သေဆုံးခြင်းတာဝန်
တာဝန်နှစ်ရပ်ထမ်းဆောင်ပြီးမှအဓိပ္ပာယ်ပြည့်ဝ
ဒါပေမဲ့ အချိန်မတန်သေးဘဲ
ငါတို့လူငယ်တွေ သေဆုံးခြင်းတာဝန်ထမ်းဆောင်နေကြရတယ်။
သွေးသံရဲရဲ မိတကွဲဖတကွဲ
ရက်စက်လွန်းတဲ့လောကဓံသင်ခန်းစာ
ငါတို့ကလေးငယ်တွေ မချိမဆန့်သင်ကြားခံလိုက်ရပြီ။
ဘဝမှာဘယ်သူထင်မှာလဲ
ကပ်ဘေးဆိုး တပ်ဘေးဆိုးကြီးတွေ
ငါတို့ရွာကလေးအပေါ် ကျရောက်လာလိမ့်မယ်လို့။
အိမ်ဆိုတာ လုံခြုံရာ
ရွာဆိုတာ နားခိုရာ
အခုတော့အဲဒီနေရာတွေကနေ အသက်လုထွက်ပြေး
ငါတို့ကိုယ်တိုင် ပရဟိတသမား
ငါတို့ကိုယ်တိုင် သတင်းသမား
ငါတို့ကိုယ်တိုင် ကျန်းမာရေးလုပ်သား
ငါတို့ကငါတို့နဲ့ဝေမျှစားကြရ
ဒီအချိန် မလွတ်မြောက်နိုင်မှန်းသိရက်နဲ့
အချုပ်ထောင်ကျ ခင်ဗျားတို့တတွေက
ရှေ့နေရှေ့ရပ် အသည်းအသန်ငှား
ကိုယ့်အတွက်ကိုယ် ခုခံကာကွယ်နေကြဆဲလား။
လမ်းမပေါ်ထွက် လမ်းမလျှောက်ရဲရင်ရှိပါစေ
အသက်စွန့်သွား ပြည်သူ့မျက်နှာထောက်ထား
တရားရုံးလောက်တော့ သပိတ်မှောက်သင့်လှပေရဲ့။
တော်လှန်ရေးလုပ်မလို့တဲ့ နိုင်ငံရပ်ခြားစွန့်စားထွက်ခွာ
ရဲဘော်သုံးကျိပ် စစ်ပညာသင်တဲ့ခေတ်က ကုန်ခဲ့ပြီ
ခေတ်မီပညာရပ်တွေအမျိုးမျိုးသင်
ကမ္ဘာကြည့်ကြည့်မြင် ထင်ပေါ်ကျော်ကြား
ငါတို့ရွာသားတွေ မော်ဖူးကြရတဲ့ကျေးဇူးရှင်သူရဲကောင်းများ။
ကိုယ့်အသိုက်ကိုယ်ဖျက်ဆီး စစ်ဗိုလ်ကြီးတွေ
ဝိနည်းတတ် ကြက်သတ် နိုင်ငံကျော်ဆရာတော်ကြီးတွေ
ရိုးသားအေးငြိမ်းရွာကလေးကနေ
တမိပေါက်တယောက်ထွန်းမွေးဖွားခဲ့တာ ဝမ်းနည်းစရာ။
ကပ်ရောဂါဆိုးထဲ
မိစ္ဆာဒိဋ္ဌိဘာသာခြားက တတ်အားသမျှကူညီမျှဝေ
ထေရဝါဒထွန်းကားရာ ရွှေနိုင်ငံတော်ကြီးမှာ
ဗုဒ္ဓဘာသာဖြစ်ရတာ ငါရှက်ရွံ့အားနာမိပါတယ်။
၁၃၀၀ ပြည့်အရေးတော်ပုံ
ဖက်ဆစ်ဂျပန်တော်လှန်ရေး
၁၉၈၈ အရေးတော်ပုံ
၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ
၂၀၁၅, ၂၀၂၀ ရွေးကောက်ပွဲ
သမိုင်းတာဝန်မှန်သမျှ
အရိုးကျေကျေ အရေခမ်းခမ်း
ငါတို့ရွာသားတွေ ကျေပွန်အောင်ထမ်းရွက်ခဲ့ကြပါတယ်။
ပြည်သူလူထုဟာသူတို့နဲ့ထိုက်တန်သောအစိုးရသာ ရရှိပေလိမ့်မယ်တဲ့
နိုင်ငံရေးသုခမိန် မဟာပညာကျော်တို့ရဲ့စကား
ကြားရတာ အသည်းနာလိုက်လေ။
နောက်လိုက်ကောင်းတွေပေါသလောက်
ခေါင်းဆောင်ကောင်းတွေရှားပါးခဲ့
ကံဆိုးရှာတဲ့ ငါတို့ရဲ့မြန်မာနိုင်ငံတော်။
အို ခေါင်းဆောင်ဆိုသူအပေါင်းတို့
ငါတို့လိုချင်တဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး
သင်တို့ဆောင်ကြဉ်းမပေးနိုင်ခဲ့ကြောင်း
ပွင့်ပွင့်လင်းလင်းဝန်ခံဖို့ အချိန်ကျရောက်လာပါပြီ။
အွန်လိုင်းမှတဆင့်အမိန့်ကျေညာချက်ထုတ်ပြန်
ဇွန်းမီတင် သတင်းမီဒီယာနဲ့တွေ့ဆုံဖြေကြား
ဌာနဆိုင်ရာ ရာထူးကြီးငယ်ခန့်ထား
လောင်းကစားလုပ်ရန်ပုံငွေရှာ
ကမ္ဘာ့အံ့ဖွယ်သုတ တော်လှန်ရေးအစိုးရ
ဘာပဲဖြစ်ဖြစ် အောင်ကြပါစေ အောင်ပါစေပေါ့။
မင်းတို့ကကျေညာချက်အမျိုးမျိုးထုတ်လေ
ငါတို့ရွာသားတွေအပေါ်ဖိနှိပ်ဖို့ အကြောင်းပြချက်ကောင်းလေ
နိုင်ငံတကာမျက်နှာစာ သံခင်းတမန်ခင်းအတွက်တဲ့လား။
ဆင်လီးခွေးမျှော်
အာတူးပီ အာဆီယံ ယူအင်န် ယူအက်စ်
တနေ့သော်ပေါ်လာလိမ့်နိုး
ကိုယိ့အားကိုယ်ကိုးဖို့မေ့နေကြတယ်။
ပြည်သူလူထုကကိုယ်တတ်စွမ်းသမျှအကူအညီပေးကြပါတဲ့
ရွာကိုရောက်အောင်လာခဲ့ပါလေ
မင်းတို့ရှေ့ကအသေခံမဲ့ ငါတို့ရွာသားတွေအဆင်သင့်။
ကျွဲနွား အိမ်မွေးတိရစ္ဆာန်ကျည်သင့်
လယ်ထွန်စက် မျိုးစေ့ စားနပ်ရိက္ခာမီးခ
ဒီနှစ်အတွက်လယ်ယာစိုက်ပျိုးမပေးနိုင်တော့တာ
ခွင့်လွှတ်တော်မူကြပါလေ။
ခငိဗျားနဲ့ကျနော် ဘယ်လောက်ဝေးဝေး
ပင်လယ်သမုဒ္ဒရာခြားပါစေ
ကမ္ဘာမြေကြောရှုံ့လိုက်ရင် နီးပါတယ်
ခင်ဗျားနဲ့ကျနော်ကြား
အိပ်မက်ခြားခဲ့ရင်တော့
သမိုင်းကြောရှုံ့လို့လည်း မနီးနိုင်ပြီ။ ။

၁၀-၉-၂၀၂၁
(ယော/ ချင်းတွင်း/ မူးမြစ်ကမ်းဘေး တပ်ဦးကျွံ ရွာကလေးများသို့)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar