Breaking News

ညီပုလေး - ခြစ်ဆွဲမိတဲ့ ဘကြီးမိုး စကက်ချ်



ညီပုလေး - ခြစ်ဆွဲမိတဲ့ ဘကြီးမိုး စကက်ချ်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၁
 
ဒါ လေနီကြမ်းဆင်နေတာ၊ မုန်တိုင်းလာတော့မှာတဲ့။ တချို့က ဒါ ရောင်နီပျို့တာ။ အရုဏ်ကျင်းပြီး သာယာတဲ့ မနက်ခင်း လေပြည်ညင်းတွေ လာတော့မှာတဲ့။

အောက်ဆီဂျင်… အောက်ဆီဂျင်… လွတ်လပ်စွာ အသက်ရှူပိုင်ခွင့်။ သရေကြိုး… ငါးမွှေထိုး… တာရိုးကသွားဆိုတဲ့ အသံတွေ ဆူညံပွက်လောရိုက်ချိန်။

ကျွန်တော့်ရဲဘော်တွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ… လေးစားရတဲ့ ဆရာသမားတွေ၊ ဘောလုံးကန်ဖက်တွေ၊ စက်ဘီးစီးဖော်တွေ၊ ဓာတ်ပုံရိုက်ဖက်တွေ၊ ကျောင်းနေဖက်တွေ၊ ထောင်ကျဖော်တွေ… ကွယ်လွန်ခဲ့ကြ၊ လှော်ရင်း နစ်ခဲ့ကြသူတွေ မနည်းဘူး။ စားမဝင်၊ အိပ်မပျော်၊ ရင်ထဲ မချိအောင် ခံစားနေရပြီး တောက်ခေါက်လိုက်ရ၊ သက်ပြင်းချလိုက်ရ၊ အံကြိတ်ပြီး ခေါင်းယမ်းလိုက်ရနဲ့ နေ့တနေ့ကို ကုန်လွန်ခဲ့ရတယ်။

အစိုးရထုတ် သတင်းစာတွေကို မဖတ် မယူ၊ သပိတ်မှောက်ထားချိန်မှာ လူမှုကွန်ရက်စာမျက်နှာကိုပဲ အဖော်ပြုနေရချိန်၊ တိုက်ပေါ်က ခုန်ချသွားကြသတဲ့။

ရွာကို မီးရှို့၊ ဆန်တွေကို ဒီဇယ်လောင်း၊ အစုလိုက် အပြုံလိုက် မြှုပ်နှံတဲ့ သတင်း။ အုပ်ကြီးကို ဖောင်းဒိုင်းသံ တညံညံ။ ဒလန်တွေ… ဇွပ် ဇွပ်တွေ ထပ်နေချိန်မှာ ညီအစ်ကိုရင်းလို ချစ်ခင်ရတဲ့ ရန်ကုန်က ကိုမြင့်ဦး (ဂျေဂျေ) ဆီက စာတိုလေးတစောင် ကျလာတယ်။ ပျော်တတ်၊ ပါးတတ်၊ စတတ်၊ နောက်တတ်သူဆီက လာတဲ့စာဆိုတော့ စိတ်ပင်ပန်းသမျှ အမောပြေတဲ့စာလို့ ထင်မိတယ်။ ထင်ထားတာနဲ့ တခြားစီပဲ။

“ဘကြီးမိုး သင်ကန်းကျွန်းဆေးရုံမှာ အောက်စီဂျင်ကျလို့ ထင်တယ်၊ ကိုဗစ်တော့ မဟုတ်ဘူး”

(ရေးထုံးမူရင်းအတိုင်း)

သူ့စာဖတ်ပြီး စိတ်ပူမိတာတော့ အမှန်ပဲ။ ဒါကြောင့် ပူဖော်ပူဖက်တွေဆီ ထပ်ဆင့်မျှဝေမိတယ်။ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်)ဆီက စာပြန်လာတယ်။

“မနွယ်နီ လှမ်းပြောပါတယ်၊ ငါ ကြားတယ်။ O2 ပိုက်တန်းလန်းနဲ့၊ နည်းနည်းလျှောက်ရင်ကို မောလိုက်တာ။ သူ မောမှာစိုးလို့ ခဏခဏ မဆက်တာ။ ခုနကတော့ စကားပြောချင်ရှာတယ်။ COVID နောက်ဆက်တွဲပေါ့”

ဆရာတို့ဆီက ပြန်စာရပြီး မကြာဘူး၊ ညနေ ၆ နာရီ ၅၁ က ဆရာမောင်မိုးသူ ဆုံးသတဲ့။

ဘကြီးမိုး အကြောင်းပေါင်းစုံ အာရုံထဲမှာ ပြန်ပေါ်နေတယ်။ တကယ်လို့ လွမ်းရစ်အောင် လုပ်ခဲ့တဲ့ဆရာ၊ အစ်ကိုပါပဲ။

ထီးပေါင်းကား စာအုပ်တိုက်က ပထမဆုံး ‘ဆယ့်နှစ်မျက်နှာ နာရီစင်နှင့် မီးသွေးခဲမို့ မည်းသလို’ စာအုပ်ထုတ်ဝေတော့ ဆရာမောင်မိုးသူ အများကြီး ကူညီတဲ့အပြင် အမှာစာပါ ရေးပေးသေးတယ်။

ဆရာ့ရဲ့ ‘ရဲရဲတွေး၊ ရဲရဲရေး’ အမှာစာက အဲဒီအချိန် ဂယက်ရှိခဲ့တယ်။ လူငယ်တွေကို အားပေး ချစ်ခင် တန်ဖိုးထားစိတ် ဆရာမောင်မိုးသူမှာ ရှိကြောင်း လှစ်ပြတဲ့ အမှာစာပါ။

လွန်ခဲ့တဲ့ တနှစ်လောက်က စိန့်ပီတာ၊ အ.ထ.က (၉) ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲ ပုလဲရတုမဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဆရာကိုညိုလုံးက ဒီမဂ္ဂဇင်းအတွက် ဆရာမောင်မိုးသူဆီ စာမူတောင်းပေးပါဆိုတော့လည်း ဆရာ ရေးပေးရှာတယ်။ ဆရာ့ဆောင်းပါးက ကျွန်တော် မသိ မမီလိုက်တဲ့ စိန့်ပီတာကျောင်းအကြောင်း ပေါ့ပေါ့ပါးပါးလေး ရေးသွားတာ ဆရာ့ကလောင်စွမ်းပါပဲ။

ဆရာမောင်မိုးသူ ကွယ်လွန်တော့ ကျွန်တော့်အစ်မကြီး ဒေါက်တာမြမဉ္ဇူက သူ့လူမှုကွန်ရက်မှာ “ကျွန်မ မိဘတွေ သားတွေနဲ့အတူတူ အသက်ထက်ဆုံး မနေခဲ့ရဘူး။ အစ်ကိုကြီး အသက် ၂၀ ကျော် အိမ်က ထွက်သွားရတယ်။ မောင်အကြီးလေး အသက် ၃၀ ကျော် ထွက်သွားရတယ်။ အခုထိ အိမ်ပြန်မရောက်သေးဘူး။ အမေ သူ့ကို ပြန်တွေ့မသွားရဘူး။ မောင်အငယ်ဆုံး လေးညိုက ကျွန်မမိဘတွေရဲ့ သားလက်ကျန်လေးပေါ့။ ဒါပေမဲ့ အမေနဲ့ အဖေအတွက် နတ်သိကြားတွေ ဖန်ဆင်းပေးထားတဲ့ သားကြီးတွေ သူတို့အနားမှာ ရှိခဲ့တယ်။ ကိုစွမ်းရည်၊ ကိုတင်မိုး၊ ဦးကိုလေး၊ ဦးမိုးသူ၊ ဦးစိန်ဝင်း၊ အောင်အောင်တိတ်တို့ ကျွန်မမိဘတွေနားနေပြီး စာပေဟောပြောပွဲတွေ၊ ခရီးတွေ အတူတူ သွားကြပြီး အဖော်လုပ်ပေးကြ၊ စောင့်ရှောက်ခဲ့ကြတာတွေကြောင့် ကျွန်မ အမေနဲ့အဖေ ဘဝတွေ ပြည့်စုံခဲ့ကြတယ်”

အစ်မကြီး ဒေါက်တာမြမဉ္ဇူ သူ့လူမှုကွန်ရက်မှာ ရေးတဲ့ ဒီစာမှာ အမေနဲ့ ဆရာမောင်မိုးသူတို့ရဲ့ ဓာတ်ပုံလည်း ပါတယ်။ ဓာတ်ပုံက အတော်ကောင်းတယ်။ တောင်လေးလုံးမှာ ကျင်းပတဲ့ တခုသော အမေ့မွေးနေ့မှာ ရိုက်ထားတာ ထင်ပါရဲ့။ ကျွန်တော်ကတော့ ဆရာ တက္ကသိုလ်မောင်စောလွင်နဲ့ ဆရာကြည်အောင်တို့ နှစ်ယောက်ကို အစ်မ ရေးတဲ့ သားကြီးတွေစာရင်းမှာ ထပ်ဖြည့်ချင်တယ်။

ဆရာမောင်မိုးသူဟာ တခါတလေ ထူးဆန်းတဲ့ အတွေးပါတာတွေ ပြောတတ်တယ်။ သူ လက်ပတ်နာရီ မပတ်ဘူးတဲ့။

“ရှုပ်တယ်၊ အချိန်သိချင်ရင် ငါ့အနား နာရီတွေပြည့်လို့။ ပြီးတော့ နာရီလက်တံတွေရဲ့ အခိုင်းခံဘဝကြီးကလည်း မနိပ်ပါဘူး ဘိုညိုရာ။ လွတ်လွတ်လပ်လပ် နေရတာ ကောင်းတယ်ကွ” တဲ့။

ကျွန်တော်က တခါတလေ ကိုစိန်မြင့် လို့ခေါ်တဲ့ ဆရာမောင်မိုးသူက အဲဒီလို ပုဂ္ဂိုလ်မျိုး။

“မေ့တတ်တတော့ မပြောနဲ့တော့ ဟေ့ကောင်၊ ငါတော့ ခေါင်းထဲ အမှိုက်အရှုပ်မခံဘူး။ အကုန် မေ့ပစ်လိုက်တာပဲ”တဲ့။

ဆရာမောင်မိုးသူက သူ့ဟဒယလေသံနဲ့ အားရပါးရ လက်ချာရိုက်နေချိန်မှာ တချိန်လုံး ငြိမ်ပြီး ပြုံးနားထောင်နေတဲ့ ဆရာပေါ်ဦးသက်က စကားတလုံး ဝင်ထောက်တယ်။ ဒီတော့ တဝိုင်း ပွဲကျသွားတာပေါ့။

“ဒါဖြင့် ကိုစိန်မြင့်၊ ကျွန်တော် မေးမယ်။ မှန်မှန်ဖြေနော်။ ခင်ဗျား… ခင်ဗျားရဲ့ ရည်းစားဦး နာမည်မေ့သလားပြော”

ကျွန်တော်ဟာ အဲဒီလို ချစ်ခင်စရာ အစ်ကိုဆရာ၊ ဆရာအစ်ကိုတွေကြား တိုးဝှေ့နေထိုင်ခဲ့ဖူးတဲ့ နှစ်ကာလတွေကို လွမ်းမိပါတယ်။

ဆရာမောင်မိုးသူက ဆရာကြီးရွှေဥဒေါင်းနဲ့ တကြမ်းတည်း၊ တစားပွဲတည်း အတူ အရက်သောက်ခွင့်ရတာ၊ သောက်ဖူးတာကို ဂုဏ်ယူလေ့ရှိတယ်။

“ဆရာကြီးက တော်ရုံလူ၊ လူရာသွင်းတာ မဟုတ်ဘူးကွ။ မင့်ဦးလေး ဦးမောင်လေးရယ်၊ ငါရယ်တော့ သူနဲ့ အရက် အတူတူသောက်ခွင့်ပေးတယ်။ လူကြီးလူကောင်းသောက် သောက်ကြရတာ။ အဲဒီအချိန်မှာ ဆရာကြီးရွှေဥဒေါင်း ပြောတဲ့ ဒဿနာတွေ၊ သူ ဖတ်ထားတဲ့ မက်ကောလေးတို့ ဘယ် တော်ရုံလူ ဝင်ပြောနိုင်မလဲ။ ဦးမောင်လေးနဲ့ ငါတို့ပဲ အင်္ဂလိပ်လို အဖတ်အရှုနာလို့ ပြောနိုင်တာ”

တခါတလေ ၈၃ လမ်း၊ ဂုန္တန်ရပ်က အရှေ့တိုင်းနို့ဆီ ဦးစောလှ အိမ်မှာ ဆရာကြီးရွှေဥဒေါင်း တို့ ဝိုင်းဖွဲ့တတ်သတဲ့။ ညနေတိုင် အင်္ဂလိပ်သတင်းစာ လာယူလှည့်၊ မင်း ဖတ်တတ်အောင် ဖတ်လို့ ဦးစောလှက ပြောလို့ သတင်းစာ သွားသွားယူရတဲ့ မောင်ထွန်းအောင်ကျော်ဆိုတဲ့ ချာတိတ်လေးက ဆရာကြီးတို့ဝိုင်းရဲ့ ‘တောက်တိုလေး’ ‘ခိုင်းဖပ်လေး’ ပေါ့။ ဒီဝိုင်းက ပုဂ္ဂိုလ်ကြီးတွေကို တောက်တိုလုပ်ပေးရင်း အင်္ဂလိပ်သတင်းစာ ချိုင်းကြားညှပ် ငေးခဲ့ရသူက ဒီနေ့ မန္တလေး ရှေ့နေလောကမှာ လူသိများတဲ့ တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်ကျော် (စာရေးဆရာ မခေသူ) ပါပဲ။ အတိတ်က အရိပ်တွေကို စွဲမြဲတတ်တဲ့ ကိုထွန်းအောင်ကျော်က—

“ဘိုညိုရေ… ကိုစိန်မြင့်က ဆရာကြီးရွှေဥဒေါင်းကိုတောင် စတတ် နောက်တတ်တယ်။ စလို့ နောက်လို့ ရတယ်။ ဆရာကြီး နောက်ဝံ့တဲ့သူ ငါဖြင့် မတွေ့ဖူးဘူး” လို့ အစချီပြီး…

“ကိုစိန်မြင့်က လူမှုရေးလည်း ဖင်မလေးဘူး။ ငါ့အစ်မ ခြေထောက်ကျိုးတာ သူ့ ဘယ်သူက ပြောလိုက်တယ် မသိဘူး။ မင့်အစ်မကြီး ခြေခထောက်ကျိုးလို့ဆို၊ ငါ လိုက်ကြည့်ဦးမယ် ဆိုပြီး တုတ်ကောက် တဒေါက်ဒေါက် ပဲ့နင်း ပဲ့နင်းနဲ့ ငါ့အိမ် လိုက်လာတာကွ။ ငါ့အစ်မ ကျောက်ပတ်တီး ကိုင်ကြည့်ပြီး သူ့ထုံးစံအတိုင်း ရယ်မောပြီး ‘ဘာမှ မပူနဲ့၊ ဟောဒီမှာ တုတ်ကောက်၊ ကျွန်တော်လည်း ခြေထောက်ကျိုးဖူးတာပဲ၊ ဒီတုတ်တချောင်းနဲ့ ရွာစဉ်လည်နေတာ’ လို့လည်း ပြော၊ တရားလွှတ်တော်ရှေ့နေရဲ့ အစ်မကြီးက ‘ဆရာ ခြေထောက်ကျိုးတာ၊ စာတွေရေးတော့ ပိုက်ဆံရတယ်။ ကျွန်မက စာလည်း မရေးတတ်၊ ပျောက်လည်း မပျောက်သေးတော့ ဒီအတိုင်း အိပ်ရာထဲနေရတာပဲ’ လို့ ပြန်ပြောတဲ့အခါ ဘကြီးမိုးခမျာ ထုံးစံအတိုင်း သူ့မှေးစက်တဲ့ မျက်လုံးတွေ ပိတ်သွားအောင် ပါးစပ်ကြီးဖြဲပြီး အားရပါးရ ရယ်နေသတဲ့။”

ဆရာမောင်မိုးသူ ဖခင် သခင်ဗတုတ်နဲ့ ရှေ့နေ ကိုထွန်းအောင်ကျော် ဖခင် သခင်ချစ်ထူးတို့ဟာ ဒို့ဗမာအစည်း အရုံးဝင်တွေ ဖြစ်ကြပြီး လူထုတိုက်ကို ဝင်ထွက်နေကြတဲ့ သခင်တွေပါ။ အဲဒီ သခင်ပုဂ္ဂိုလ်တွေရဲ့ နောက်မျိုးဆက်တွေဖြစ်တဲ့ ဆရာမောင်မိုးသူနဲ့ ရှေ့နေ ကိုထွန်းအောင်ကျော် တို့လည်း အစဉ်အလာမပျက် လူထုကို ဝင်ထွက်ကြတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူက လူထုမိသားစုအပေါ် ဘယ်လိုပဲ အမြင်မကောင်းဘဲ ရှိနေပါစေ၊ အသံကျယ်ကျယ်၊ စကားတွေ ဟောင်ဖွာဖွာ သူတို့ ပြောချင်တာတွေ ပြော၊ တည်ခင်းတာတွေ စားသောက်နေကျ။ သူတို့ဖခင်တွေရဲ့ ခြေရာနင်းကြသူတွေပေါ့။

အမေလူထုဒေါ်အမာက ကိုစိန်မြင့် အိမ်လာလည်၊ ရယ်စရာတွေ သူ့မိတ်ဆွေအကြောင်းပြောတဲ့အခါ- ‘ရယ်လိုက်ရတာ ဒေါ်ဒေါ်ရယ်လို့ အစချီပြီး အားရပါးရ ပြော၊ ပြောပြီး မောင်စိန်မြင့်က သူ့ရယ်စရာ သူ့ဘာသာ အရင်ရယ်တဲ့အကောင်’ တဲ့။ ပြီးတော့… ‘ပြောစရာတွေကုန်မှ သူ့အဖေ သခင်ဗတုတ်လိုပဲ ပြန်တော့မယ်ဆိုပြီး ပြန်တဲ့အကောင်’တဲ့။

မြေညီထပ်မှာ ဆရာမောင်မိုးသူ ရောက်နေတယ်ဆိုတာ အပေါ်ထပ်က အသံကြားရတဲ့ ဆရာ။ မီးဖိုထဲ ကူညီလုပ်ပေးတဲ့ ကလေးမလေးက ‘လက်ဖက်ပွဲ ပြင်လိုက်ရတော့မလား’လို့ အောက်က မခိုင်းသေးဘဲ ကျွန်တော်တို့ကို ရယ်ရင်း မေးရတဲ့ ကိုစိန်မြင့်ပါ။

ကျွန်တော့်ဦးလေး ဦးမောင်လေး (အမေ့မောင်) နဲ့ ဆရာမောင်မိုးသူတို့ကလည်း အတွဲညီကြတယ်။ ဦးမောင်လေးကို ဆရာမောင်မိုးသူက ကိုမောင်လေး လို့ ‌ခေါ်တယ်။ အသက်တော့ ဆရာမောင်မိုးသူက ငယ်တယ်။ ဒီလောက် ခင်ကြတဲ့ မန္တလေးသားနှစ်ယောက်ကြားမှာ စိတ်ထဲ စနိုးစနောင့်လေး ဖြစ်ရာ ကျွန်တော့်ဦးလေးတို့ မိသားစုမှာ ကြုံခဲ့ဖူးတယ်။ ဦးမောင်လေးက လူငယ် ကြက်ခြံလုပ်ငန်း လုပ်ပြီး ဒေါ်ဒေါ်ခင်လှမြင့်က ဈေးချိုအောက်လိုင်း နာရီစင်နားမှာ ရတနာပုံ ဖိနပ်ဆိုင်ဖွင့်တယ်။

ကြုံကြိုက်လို့ မန္တလေးမြို့ရဲ့ ဗောက်စဝက်ဂွန်း လိပ်ခုံးကားကလေးတွေ ချစ်ကြသူတွေ စာရင်းပြုစုကြရင် ဝါးတန်းက ရေချိုဦးအေးမောင်၊ တာရဲတန်းက ဒေါက်တာလျမ်း၊ လက်ဆည်ကန်က ဦးမောင်လေး၊ သမားတော်ကြီး ဒေါက်တာစံဘော်၊ ၂၇ လမ်းက သစ်ဘရားသား ကိုကျော်ဝင်း၊ ၈၃ လမ်းက နာမည်ကျော် ဓာတ်ပုံဆရာ ဦးချစ်ဝိန်တို့ ချန်လှပ်လို့မရဘူး။ 

ဦးမောင်လေးက ဗဟိုတရားရုံးရှေ့နေလည်း လုပ်ခဲ့တယ်။ ဒီမိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် မွေးတယ်။ လူငယ် ခြံလုပ်ငန်းဆိုတာ မန္တလေးမြို့မှာ မွေးမြူရေး ကြက်ဥကို စက်နဲ့ ဖောက်တဲ့လုပ်ငန်း စွန့်ဦးတီထွင်ခဲ့သူပါ။

ဂျပန်ပြည်က ကြက်ဥဖောက်စက် တင်သွင်းစမ်းဖောက်ပြီး အောင်မြင်တော့ ပြည်တွင်း ကြက်ဥ ဖောက်စက် တီထွင်သူတဦးပဲ။ သားတယောက်၊ သမီးတယောက်မွေးထားပြီး ချစ်လွန်းတဲ့ သူတို့မောင်နှမတွေကို နာမည်လှလှပေးဖို့ အားထုတ်ကြတော့ ‘မမိုးသူ’ နဲ့ ‘မောင်မင်းပျို’ ရယ်လို့ ဖြစ်လာတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်၊ ၇၀ နီးနီးက မြန်မာလူမျိုးတွေ ဒီလိုနာမည်မျိုး မှည့်ခေါ်ကြဖို့ စိတ်ကူးမိသူ ရှိရင်တောင်မှ ရှားပါမယ်။ ဦးလေးမောင်လေးတို့၊ ဒေါ်ဒေါ်ခင်လှမြင့်တို့ ကလေးတွေကလည်း ရေကူးအရာ၊ ကျွမ်းဘားအရာမှာသာမက ကျောင်းစာမှာပါ တော်ကြတယ်။ မမိုးသူက လူရည်ချွန် ဖြစ်ခဲ့ဖူးတယ်။

အဲဒီအချိန်မှာ ကိုစိန်မြင့်က သူ့ကလောင်နာမည်ကို ‘မောင်မိုးသူ’ လို့ ယူလိုက်တော့ ဘယ်သူလဲ မောင်မိုးသူ၊ ဘယ်က မောင်မိုးသူလဲ ဖြစ်ကြရတာပေါ့။ နောက်တော့မှ သခင်ဗတုတ် သား ကိုစိန်မြင့်မှန်း သိကြတယ်။ ကျွန်တော့်ဦးလေး စိတ်ထဲမှာ ‘မောင်မိုးသူ’ ဆိုတဲ့ နာမည်ဟာ သူ့အတွက် အတော် စနိုးစနောင့် ဖြစ်နေရှာတယ်လေ။

‘မောင်စိန်မြင့် ကွာ၊ မသကာ မောင်မိုးသားလောက် လုပ်ရင် တော်သေး’ လို့ မချိတရိ ပြောရှာတယ်။

နောက်တော့လည်း ရယ်ဖြဲဖြဲ ဝင်မြဲ ထွက်မြဲပါပဲ။ ဦးလေးမောင်လေးရဲ့ ဗောက်စ်ဝက်ဂွန်းကားခေါင်းထဲ လိုက်ပါမြဲ။ မြေးသူကြီး ဦးစောမောင်၊ ဦးလေးမောင်လေး၊ ဆရာမောင်မိုးသူ တို့ ညနေစောင်း ဖွဲ့တဲ့ စကားဝိုင်းကလည်း ပျော်ရွှင်စိုပြည်မြဲပါပဲ။

ဆရာမောင်မိုးသူရဲ့ ရင်ထဲမှာ စာပေချစ်စိတ်၊ ကလောင် မြတ်နိုးစိတ်ကို အမြုတေဖြစ်အောင် မြှုပ်နှံပေးလိုက်တာ မိဘနှစ်ပါးဖြစ်တဲ့ သခင်ဗတုတ်၊ ဒေါ်မြမြ တို့အပြင် ဒီဘိုးရပ်ကွက် စာကြည့်တိုက်က အဓိကဆိုရင် ငြင်းသူ မရှိဘူး။ မောင်စိန်မြင့်က ဒီဘိုးစာကြည့်တိုက်ထဲက စာအုပ်တွေ တအုပ်မကျန် ဝါးစားသလို ဖတ်ခဲ့သတဲ့။

ပြီးတော့ သူ့ကို ပညာတွေ သင်ပေးလိုက်တဲ့ စိန်တောင်ဘုန်းကြီးကျောင်း၊ စိန့်ပီတာ အင်္ဂလိပ်ဘုန်းကြီးကျောင်း၊ နေရှင်နယ်အမျိုးသားကျောင်း၊ တိုင်းချစ်ကျောင်းတို့က ဆရာ၊ ဆရာမတွေရဲ့ ပြုစုပျိုးထောင်မှုလည်း ပါမှာ ဧကန်ပါပဲ။

ညီပုလေးတို့ လူငယ်အသိုင်းအဝိုင်းမှာ တဦးနဲ့တဦး စကြ၊ နောက်ကြတာလည်း ကိုစိန်မြင့်က ဝင်ဆံ့တယ်။ အမီလိုက်နိုင်တယ်။ ခေတ်မီတယ်။ ဘာအကြောင်း ပြောတယ်ဆိုတာ သိတယ်။ လူငယ်တွေအကြောင်း လူငယ်တယောက်ထက်တောင် သိမီမှာပေါ့။ ‘ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်’ ဆောင်းပါးတွေ ပင်တိုင်ရေးနေတဲ့ ဆရာလေ။

ကိုစိန် (ခ) မောင်မိုးသူ (ခ) ဘကြီးမိုးဟာ အဖေတို့ အမေတို့ ပြောကြသလို သူ့ဖခင် သခင်ဗတုတ်နဲ့ သိပ်တူတာပဲဆိုတာ ကျွန်တော်က ငယ်သေးလို့ ကောင်းကောင်းမမှတ်မိပေမဲ့ မအံ့ဩမိဘူး။ ကိုစိန်မြင့် (ခ) မောင်မိုးသူ (ခ) ဘကြီးမိုးရဲ့ သားကြီးဩရသ အာဂျလာ (ခ) ပန်းသီး (ခ) ထွန်းမြတ်ဦးကတော့ သူ့ဖခင် ဘကြီးမိုးနဲ့ အလွန်တူကြောင်း သက်သေခံနေပါတယ်။

ထွန်းမြတ်ဦးဟာ ဘကြီးမိုးဂျူနီယာပါ။

ကိုညို(ခ)ငြိမ်းချမ်း(ခ)ညီပုလေးကိုတော့ ဘကြီးမိုးက အမြဲနိုင်တဲ့ နိုင်ကွက်ရှိတယ်။ ညီပုလေး ဖနောင့် သံစူးပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေရင် ဘကြီးမိုးက ဒီတိုက်ကွက်နဲ့ တချက်တည်း အပြတ်ကိုင်ပေါက်တတ်တယ်။ သူ့ညီလို၊ တပည့်လိုချစ်လို့ ဆုံးမတဲ့သဘောပါ။ အဲဒါကတော့…

“ဟေ့ကောင် ဘိုညို၊ ဘာတွေ ညာတွေ လျှောက်ပြောမနေနဲ့။ ငါနဲ့ အမာ မင်္ဂလာဆောင်တုန်းက ငါတို့ မင်္ဂလာဆောင်မှာ မင်း ရေခဲမုန့်တွေ အားရပါးရ စားနေတဲ့ဓာတ်ပုံ ငါ့မှာရှိတယ်”တဲ့။

ဒါဟာ ဂျူဒိုပညာရပ်နဲ့ ပြောရရင် တချက်ကောင်း ပွဲသိမ်း ‘အိပွန်း’တိုက်ကွက် ဖြစ်ပါတယ်။

ဆရာမောင်မိုးသူက လွမ်းရစ်အောင် လုပ်ခံရသူတွေထဲက…

ညီပုလေး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar