Breaking News

မင်းကိုနိုင် - သမိုင်းသစ်ရေးမည့်လက်များ

မင်းကိုနိုင် - သမိုင်းသစ်ရေးမည့်လက်များ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၁

“ကမ္ဘာကြီးက
ဘယ်သတင်းမျိုးမှ ခံတွင်းလိုက်နေတာတဲ့ လဲ”

မြို့ပြလမ်းမှာ
ပြောက်ကျားသပိတ်ထဲ
ပါနိုင်သလောက် ပါ
ဓာတ်ပုံလည်း ရိုက်
ရွာကိုမြေလှန်မီးရှို့ခံရတော့
ဖုန်းစုတ်လေးနဲ့ရိုက်ပို့တယ်(နိုင်ငံသားသတင်းသမား)
ကမ္ဘာမြေတနေရာက ၊ဒါကိုရရှိကြောင်း
အကြောင်းပြန်
အမှုတွဲ ဖိုင်အသစ်ဖွင့်ပြီ ။

ဘယ်လမ်းထဲ စခဘယ်နှစင်း ဝင်လာ
ဘယ်လောက်ပါတယ်တွေ့ လို့တင်၊
share ချင်သူတွေနဲ့
ပြည်တွင်းပြည်ပ၊ ညီညာနိုင်သောလက်တွေရဲ့
ကျက်သရေရှိတဲ့ဝါကျများ

*************

၂၁ရာစုမှာ
ကြည်းရေလေစစ်တပ်ကြီးကို
တူမီးနဲ့တော်လှန်တာ
ဘယ်နိုင်ငံမှာ ကြုံဖူးလဲ
ဘယ်သမိုင်းမှာ သင်ဘူးလဲ။

*******************

“နိုင်ငံခြားမှာ ကိုယ့်ပညာနဲ့ကိုယ်
နေနိုင် စားနိုင် ဂေါက်ရိုက်ပြနေရာက
ကောက်စိုက်သမတွေလို တကုန်းကုန်း
ဘာတွေ ကြော်လှော်ချက်နေသတုန်း“

လစဥ် ဒေါ်လာတစ်ထောင် လှူရလည်း
အားမရနိုင်ပေါင်ဆိုမှတော့
ညိုမြတို့ ဉာဏ်များပုံ
တသက်လုံး လင်နဲ့သားတွေကို
ကြက်ဥသာ ကြော်​ကျွေးတဲ့ မိန်းမက
ခုတော့
ရံပုံငွေ စျေးရောင်းပွဲမှာ
ကမ္ဘာမှာ မရှိဖူးတဲ့ မီနူးအသစ်တဲ့

ငါးဆိုရင်
ငါးမြင်း ငါးဒန် ကကတစ်လို
ငါးသလဲထိုး ခုတ်သားရှိတယ် ထင်သူက
မီနူးအသစ်ထွင်ချလိုက်ပြီ

ရှင်က နယ်စပ်ပို့
ကျွန်မက အတွင်းနဲ့ CDM ပို့မယ်
ဇနီးမောင်နှံ ကိုယ်သန်ရာ ကိုယ်ပို့
အလစ်မှာ နည်းနည်း ပိုပို ပို့ ။

***************

ကိုဗစ်တုန်းက
ဝယ်စုထားသမျှ အစားအစာတွေ၊
အဖေ့အိမ် ပို့မယ့်အထုပ်တွေ၊

ဟိုမှာ ခလေးတွေ ခက်နေပြီဆိုတာနဲ့
ယူစေ၊ လှူစေ
ပူ မနေဘူး

နောက်တခါ ပြန်ဝယ်တယ် ဟေ့
နောက်တနေရာ လိုပြန်ပြီဟေ့
လှူသဟေ့ ယူလေ့
ယာဂု ထမနဲ အိုးကြီးကွဲမှ လှူတာမဟုတ်

သဒ္ဓါကြည်ဖြူဆိုတာ
ဒါကိုခေါ်တာ

*************

Fund Raising မှာ
လက်လွန် ကြက်သွန်တွေ ခဏခဏ
ဒီကိစ္စနဲ့ ပတ်သက်ပြီး
လင်မယား သတ်ရလည်း
တန်ပါတယ် တဲ့ ။

*****************

“အသုံးအဖြုန်းကြီး ငါ့သမီး၊
ကပ်စီး ဘာကြောင့်နည်းသွားရ”

“မရှိမဖြစ်ကလွဲရင် ဘာမှ ဇိမ်ခံ မဝယ်တော့ဘူး
လှူစရာတွေအများကြီးမှာ
တယောက်ထဲ ကောင်းကောင်းစား၊
လှလှလေးနေရတာ
လိပ်ပြာမလုံပါဘူး အမေရာ “
ဒီလိုသမီး အများကြီး ။

********************

ထီလက်မှတ်တွေ ရောင်းမယ်ဟေ့၊
(ဝယ်ဒေဟေ့)၂
ရက်ဖယ်တစ်ကပ် ရောင်းတယ်ဟေ့၊
(ဝယ်ဒေဟေ့)၂
မပေါက်လဲပျော်၊ပေါက်လဲပျော်
လှူဖြစ်ခြင်းသာ ဒို့လိုရင်းကွ
အမိမြေကိုချစ်ခြင်းများနဲ့ ပြည်သူတွေ။

****************

ပလပ်စတစ်အိပ်လေးတထွာတညှို့ထဲ
အကိုက်အခဲပျောက်ဆေး၊
ပိုး‌သတ်ဆေးနဲ့ပလပ်စတာ
ဓာတ်ဆားထုပ်နဲ့ မုန့်ခြောက်ပါတယ်
ပိုက်ဆံကလေး ငါးထောင် (၁) သောင်းလည်း ပါသပေါ့
ဘယ်ကမွေးမွေး - ဒို့ကလေးပဲ
ကလေးတွေလာရင်ပေးချင်လို့တဲ့
ဪ.....ဒို့ပြည်သူ‌တွေ.....ပြည်သူတွေ ။

**************

"အဲဒီက အားဆေးသည်၊ အားပေးမယ်" တဲ့
ဗီတာမင်အပြည့်နဲ့ စကားတွေ
စိတ်မကျနဲ့ ပြန်တင်လှဲ့ ...
Live လွှင့်ပြီးတွဲခေါပြီ

ခရီးကြမ်းမှာ
ဘယ်သူ့ကိုမှ လဲကျန် မခံ
အရတွဲထူ ကမ်းခေါ်ယူပြီ
ပြည်သူတွေ ပြည်သူ‌တွေ မြတ်သောပြည်သူတွေ ...။

*********************

“CDM သားသမီးများကို အခမဲ့သင်ပေးပါရစေ"
အွန်လိုင်းသင်တန်းနဲ့ စေတနာဝန်ထမ်းတွေ
ပြည်သူတွေ ပြည်သူ‌တွေ မြတ်သောပြည်သူတွေ ... ။

Click to donate တဲ့
ကလစ်နှိပ်ပြီး ကူ​ငွေရှာကြတဲ့အခါ
ကွန်ပြူတာလက်​တော့​ပ်တွေပတ်လည်ထောင်
သားသမီး​တောင်ဂရုမစိုက်နိုင်လည်း
က​လေး​တွေ၀မ်းမနည်းဘူး
ကြေကွဲစရာ​တွေ
သူတို့​ခေတ်အထိ အ​ရောက်မခံ
နည်းပညာနဲ့​အာခံနေတာ သူတို့သိတယ်

ဒါက
မြို့လည်​ခေါင် လေးဘက်​ထောက် အကန်ခံရတဲ့
မိန်းက​လေးတ​ယောက်ရဲ့ ဂုဏ်သိက္ခာအတွက်

ဒါက
လက်သုံး​ချောင်း​ထောင်ရင်း
ဖူး​ယောင်​နေတဲ့မျက်နှာက ထီမထင်မျက်လုံး​တွေနဲ့
လဲကျသွားတဲ့ သားနှစ်​ယောက်အတွက်

ခံပြင်းတဲ့မျက်ရည်၊ မာန်တင်းတဲ့မျက်ရည်
သမိုင်းသစ်​ရေးမယ့်လက်​တွေ....။

**************

ကျွန်းနိုင်ငံက​လေးမှာ
အိမ်အကူအလုပ် လုပ်ရရှာသူ က​လေးမ
(၁) ပတ်မှာ (၁) ရက်နားရက်ရတာကို
အိမ်အကူ လာလုပ်​ပေးပါ​ရ​စေ
လှူချင်လွန်းလို့ပါတဲ့
နာရီပိုင်းအတွင်း​ခေါ်သူအပြည့်

လူငယ်​လေး​တွေကလည်း
အဲကွန်းပြင်တတ်တယ်
လုပ်အားခပြန်လှူချင်လို့
"ခေါ်ပါဗျို့" ဆိုတာနဲ့
မိနစ်ပိုင်းအတွင်းဝိုင်း​ခေါ်ကြ
၀န်းရံပြည်သူ​တွေ...။

ဒီလိုညီတဲ့ပြည်သူ​တွေ
ဘယ်​တော်လှန်​ရေးမှာ ရှိဖူးကြလဲ
ဘယ်သမိုင်းမှာ ကြားဖူးကြလဲ
ဘယ်မှာ​နေ​နေ ဘယ်​ရေ​သောက်​သောက်
ဘယ်​လောက်​ဝေး​ဝေး​ သွေးမ​အေးဘူး
"အ​ရေးကြီးပြီ ညီ​နောင်အ​ပေါင်းတို့"
တစ်​ယောက်​ခေါ်ရာ၊ ရာ​ထောင်သိန်းသန်း
ကု​ဋေကဋာ လက်ဆန့်တန်းပြီ

ဘာမဆိုငါတို့လက်နဲ့ မီတယ်

"သမိုင်းသစ်​ရေးတယ်" ဆိုတာ
တင်စားတာမဟုတ်ဘူး
တကယ်ကို ...
​ ကမ္ဘာ့တော်လှန်ရေးသမိုင်းအသစ်ကျပ်ချွတ်ကို​
ရေးနေတယ်

ပြည်သူ​တွေ
မြင့်​သော ပြည်သူ​တွေ
မြတ်​သော ပြည်သူ​တွေ...။ ။

(ဆက်ရန်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar