Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း





မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၇ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၁

ပြဿနာပေါ် ပြဿနာဆင့်တဲ့ မြန်မာနိုင်ငံ
ခုရက်ပိုင်း သတင်းတွေထဲ စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ မြင့်လာတဲ့သတင်းတွေတွေ့လာနေပါတယ်။ ကချင်ပြည်နယ်လို၊ ရှမ်းပြည်နယ်တို့လိုက စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေ မြင့်မားလာနေတာ ဖြစ်ပါတယ်။ နကိုကတည်းက လူဦးရေ အများအပြား ကျဥ်းကြပ်စွာ စုဝေးနေထိုင်ကြရတဲ့ စစ်ဘေးရှောင်စခန်း၊ ဆေးဝါးကုသမှု၊ ကိုယ်ပိုင်ဝင်ငွေဆိုလို့ မရှိကြပဲ ရိက္ခာအကူအညီပေါ်မှီခိုနေကြရတဲ့ သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ကလေးတွေ အများစုနေထိုင်ကြတဲ့ စစ်ဘေးရှောင်စခန်းလိုမျိုးမှာ ကိုဗစ်ကူးစက်ရောဂါ ဝင်ရောက်ပျံ့နှံလာတဲ့အခါ ခုခံကာကွယ်နိုင်တဲ့အနေအထားက သာမန်မိသားစုတွေထက် ပိုခက်ခဲမှာဖြစ်ပါတယ်။ သီးခြားခွဲနေနိုင်ဖို့၊ ကွာရင်တိုင်း စင်တာလိုမျိုး လိုအပ်တဲ့ ဆေးဝါးကုသမှုစတာတွေက တကယ့်ကို အခက်ခဲဆုံးအခြေအနေမှာ ကမ္ဘာ့ကူးစက်ကပ်ဘေးကို ထပ်ဆင့်ရင်ဆိုင်ရတဲ့ သဘောမျိုးဖြစ်ပြီး စစ်ဘေးရှောင်စခန်းနေသူတွေအဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားပုံသဖွယ်ဖြစ်နေရတာပါ။ 
မြန်မာနိုင်ငံဟာ ကမ္ဘာ့ပေါ်က အခြားသောနိုင်ငံတွေလိုပဲ ကိုဗစ်ကန့်သတ်မှုတွေကြောင့် စီးပွားရေးကျဆင်းလာနေချိန် မှာ ရွေးကောက်ပွဲအပြီး ၃ လနီးပါးမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ကိုဗစ်ကြောင့် ကျဆင်းနေတဲ့ ကျုံံလာနေတဲ့ နိုင်ငံစီးပွားရေး ပိုမိုကျဆင်းဖို့ အကြောင်းအချက်တွေ ဖြစ်လာပါတယ်။ တဖက်မှာ ဆန္ဒပြမှုတွေ၊ ခုခံကာကွယ်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကြောင့် လူတွေရဲ့အသက်တွေ ဆုံးရှုံးနေရစဥ်မှာပဲ စီးပွားရေးကျဆင်းမှုအကြောင်းကြောင့်လည်း ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်တက်လာပြီး ရိက္ခာအခက်အခဲ၊ အဟာရမပြည့်ဝမှု၊ ရောဂါဖြစ်ပွားလာရင်လည်း ဆေးဝါးကုသမှု မရရှိနိုင်တဲ့အခြေအနေတွေက လူ့အသက်တွေကို ခြွေယူနေတာလည်း ဖြစ်ပါတယ်။ 
စီးပွားရေးအကြောင်းကြောင့် ဆေးဝါးကုသမှု မရရှိတာကြောင့် အသက်ဆုံးရှုံးသွားရတာတွေကို ရေတွက်ဖို့ခက်ခဲပြီး တိကျတဲ့ ကိန်းဂဏန်းတွေမရှိသေးပါဘူး။ စီးပွားရေးအခြေအနေနိမ့်ကျရခြင်းအကြောင်းရင်းမှာ နိုင်ငံရေးပြဿနာဆိုတာက အဓိကပါဝင်နေတာ အငြင်းပွားစရာမလိုပါဘူး။ မြန်မာနိုင်ငံအဖို့ နကိုကတည်းက လက်နက်ကိုင် ပဋိပက္ခ၊ စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ပြဿနာ၊ ကိုဗစ်ကူးစက်မှု ပြဿနာတွေ လက်နဲ့ မဆန့်အောင်ရှိနေပြီးသားကို နိုင်ငံရေးအကြပ်အတည်းဖြစ်တဲ့ စစ်အာဏာသိမ်းမှုက ထပ်ဆင့်လိုက်တဲ့အခါ လူလုပ်ကပ်ဘေးတခု ထပ်ဆင့်ဖြစ်ပွားလာတဲ့သဘောလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ မေလ၊ ဇွန်လလောက်ကတည်းက ဒယ်လတာလို့ခေါ်ဆိုတဲ့ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲက အိန္ဒိယနိုင်ငံကတဆင့် မြန်မာနိုင်ငံအနောက်မြောက်ဘက်က နေ စတင်ကူးစက်လာနေချိန်မှာ ရန်ကုန်၊ မန္တလေး အပါအဝင်မြို့ကြီးတွေမှာေတာ့ နိုင်ငံရေး ပဋိပက္ခက အရှိန်အမြင့်ဆုံးဖြစ်နေချိန်မို့ အုပ်ချုပ်တဲ့သူရော လူထုအနေနဲ့ပါ ကိုဗစ်ကူးစက်မှုကို အရေးမထားနိုင်ခဲ့ကြပဲ ဇွန်လနှောင်းပိုင်းက စတင်ပြီး ရန်ကုန်နဲ့ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ ပြည် စတဲ့မြို့တွေမှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့ခဲ့ပြီး အသေအပျောက်က ဇူလိုင်နဲ့ သြဂုတ်မှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ 

ဒါက မြို့ကြီးတွေက ကူးစက်မှုလှိုင်းဖြစ်ပြီး ၂ လ ကျော် ၃ လအတွင်း လူပေါင်း ၃ သောင်းဝန်းကျင် အသက်ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါတယ်။ အောက်စီဂျင်၊ ဆေးဝါး မလုံလောက်မှု၊ စျေးနှုန်းအဆမတန်မြင့်တက်သွားတာတွေ၊ ဆေးရုံတွေက လက်ခံနိုင်စွမ်းမရှိတာကြောင့် နေအိမ်တွေမှာပဲ ရောဂါကို ဆေးသောက် အောက်စီဂျင်ရှူပြီး ဖြတ်ကျော်ကြရင်းနဲ့ အသက်ပေါင်း ထောင်သောင်းချီ ဆုံးရှုံးခဲ့ကြရတဲ့အဖြစ်က ကြေကွဲစရာကောင်းလှပါတယ်။ 

မြို့ကြီးတွေမှာ ကူးစက်မှုက လူအားလုံးနီးနီး ခံစားရပြီးနောက် အခုဆို ဒီကူးစက်မှုတွေက စစ်ဘေးရှောင် နယ်မြို့ငယ်တွေ ကျေးရွာတွေနဲ့အတူ စစ်ဘေးရှောင်စခန်းတွေဆီ ရောက်လာနေပြီဖြစ်ပါတယ်။ စစ်ဘေးရှောင် စခန်းတွေမှာ ဆယ်ပေပတ်လည်လောက် ရှိတဲ့အခန်းထဲ တဲထဲမှာ လူ ၈ ဦး တခါတရံ ၁၀ ဦးကျော် စုပြီးနေထိုင်ကြရသလို တခန်းနဲ့တခန်း တဲတလုံးနဲ့တလုံးဆိုတာလည်း ဆက်လျက်ရှိနေကြတာမို့ ကူးစက်မှုက လူနေရပ်ကွက်တွေ အိမ်တွေထက် ပိုပြီးမြန်ဆန်ဖို့ပဲ​ရှိပါတယ်။ တယောက်ကူးစက်ခံရရင် တခြားတယောက် ကူးစက်မခံရအောင် တားဆီးနိုင်မယ့် အခြေအနေမရှိဘူးလို့ပဲ ဆိုရမယ်ထင်ပါတယ်။ 
ခုဆိုရင် မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်တွေအနက် စစ်ဘေးရှောင် စခန်းမရှိတဲ့ ဒေသဆိုလို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းလောက်သာကျန်ရှိပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တိုင်းမှာ စစ်ဘေးရှောင်နေရတာတွေ၊ စခန်းတွေ ရှိနှင့်နေပြီး ဖြစ်ပါတယ်။ 

နိုင်ငံသမိုင်းမှာ အခုလို စစ်ဘေးရှောင်အရေအတွက် စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးရတဲ့အခြေအနေမျိုးက နှိုင်းယှဥ်စရာ သိပ်များများစားစားမရှိပါဘူး။ ၁၉၄၉၊ ၅၀ ခုနှစ်တုန်း ပြည်တွင်းစစ်လို အခြေအနေမျိုးက အနီးဆုံး နှိုင်းယှဥ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ခုလို ကိုဗစ်ကူးစက်မှုဒဏ် ခံစားနေရတုန်း စစ်ဘေးဒဏ်ကို ထပ်ဆင့်ခံစားရတာ၊ တဖန်မကြာခင် ကိုဗစ်နဲ့ စစ်ဘေးကြောင့် ထပ်ဆင့်ဖြစ်လာမယ့် စီးပွားရေးကျဆင်းမှုဒဏ်ကို ဆက်လက်ခံစားရမယ့် အရေးမျှော်တွေးကြည့်တဲ့အခါ မြန်မာ့အနာဂတ်ဟာ တပူပေါ် နှစ်ပူဆင့်ရုံတင်မက ပြဿနာတွေအပေါ် ပြဿနာတွေ ထပ်ဆင့်နေတဲ့ အနေအထားမျိုးလို့သာ ဆိုချင်ပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar