Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် " မောင်သင်းခိုင်မကြိုက်တဲ့ ဟင်းတဖတ်ပိုစားချင်တဲ့ဝါဒ"

Photo - Crd
မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၁၉၊ ၂၀၂၁

" မောင်သင်းခိုင်မကြိုက်တဲ့ 
ဟင်းတဖတ် ပိုစားချင်တဲ့ဝါဒ"
ဝင်းမင်းခိုင်


၁၉၈၀ ခုနှစ်ကျော်ကာလ။ 

ထုံးစံအတိုင်း အကိုကြီးမောင်သင်းခိုင်နဲ့ကျနော် လက်ဖက်ရည်ဆိုင်ကိုသွားကြတော့ တနေရာအ‌ရောက် ရုတ်တရက် သူ့မျက်မှန်ကိုဆွဲချွတ်ပြီး .. .
ဟား မျက်မှန်ချွတ်လိုက်တော့ ဘာမှမမြင်ရတော့ဘူးဟေ့ ...
သူအဲဒီလိုပြောလိုက်တဲ့အချိန်မှာ သူနဲ့သက်တူရွယ်တူလောက်ရှိမယ့်စက်ဘီးစီးလာတဲ့လူတယောက်မျက်နှာချင်းဆိုင်ကနေပြုံးကြည့်ပြီး‌ ဘေးကဖြတ်နင်းသွားပါတယ်။
အဝေးကထဲကကျနော်တို့ကိုကြည့်နေပြီး နှုတ်ဆက်ချင်တဲ့ပုံပါ။

အဲဒီလူခပ်လှမ်းလှမ်းကိုရောက်မှ ...
အဲဒီကောင်က ငါနဲ့ငယ်ငယ်ထဲကသူငယ်ချင်းကွ၊ ကျောင်းသားသမ္မဂ္ဂတွေဘာတွေတောင် ငါနဲ့အတူလိုက်ဝင်လိုက်သေးတယ်။
ဒီကောင်ရဲ့ငယ်ငယ်ကထဲကအကျင့်တခုက အလှုတွေဘာတွေဖိတ်လို့ထမင်းအတူစားတာပဲဖြစ်ဖြစ်၊ ရွာတွေကိုဘောလုံးကန်သွားကြလို့ ရွာကကျွေးတဲ့ထမင်းဝိုင်းမှာဖြစ်ဖြစ် ဟင်းပန်းကန်ဇွန်းကို သူအရင်ကိုင်လိုက်တာပဲကွ၊ ပြီးရင် အကောင်းဆုံးအကြီးဆုံးဟင်းဖတ်တွေ သူ့ပန်းကန်ထဲရွေးထဲ့တော့တာပဲ။
ပြီးရင် သူကအမြန်စားပြီး၊ ကုန်ရင် ထပ်ထည့်ပြန်တာပဲ။
တချို့အလှုတွေရောက်တာနောက်ကျလို့ ဟင်းနည်းနေလဲ သူကတော့ ဒီပုံစံပဲကွ။

အဲလိုနဲ့ထမင်းဝိုင်းတခုမှာ သူငယ်ချင်းတ‌ယောက်အတွက် ဟင်းကမရှိတော့ဘူး၊ သူ့ပန်းကန်ထဲမှာက ၃ ဖတ်လောက်ဖြစ်နေတယ်။
ငါ့ပန်းကန်ထဲမှာရှိတဲ့ဟင်းတဖတ်ကို သူငယ်ချင်းဆီထည့်ပေးလိုက်ပြီး သူ့ဟင်းတွေထဲက အသားတတုံးကို ငါယူစားလိုက်တယ်။
မင်းက ဘယ်လောက်ပြောပြောအကျင့်ကိုမ‌ဖျောက်ဘူး၊ နောက်ကိုအဲလိုမလုပ်နဲ့လို့ ငါကပြောတော့ ကျန်တဲ့လူတွေမှာလဲ လက်‌တွေပါတာပဲကွ၊ ငါ့လိုစားချင်ရင် ငါ့လိုလုပ်ပေါ့ လို့ပြန်ပြောတယ်။

ဒီကောင်မှာ ရဲဘော်ချင်း ဟင်းတဖတ်ပိုစားချင်တဲ့စိတ်ရှိတယ်၊ အခွင့်ထူးခံချင်တဲ့ အခွင့်ရေးသမား၊ ဖောက်ပြန် ရေးသမားဖြစ်မယ်ဆိုတာ အဲဒီကတည်းက ငါသိတယ်။
အခုလဲ မဆလပါတီထဲဝင်၊ နေရာယူပြီး အဆင်ပြေနေတယ်လေကွာ၊ ဒီကောင့်ကိုအဝေးကြီးကထဲက လှမ်းမြင်လို့ မျက်မှန်ချွတ်လိုက်ရင် ဘာမှမမြင်တော့ဘူးလို့ပြောလိုက်တာ။

မောင်သင်းခိုင်ကစာဖတ်တဲ့၊ ကြိုးစားတဲ့သူတွေကို ချစ်ပါတယ်၊ လူငယ်တွေအတွက်သူ့စာအုပ်တွေကိုယူဖတ်ခွင့်လည်း ပေးထားပါတယ်။
တချို့ယူဖတ်ပြီးပြန်မပေးရင် သမီးအကြီးဆုံးဖြစ်တဲ့စံပယ်ဦးက ကျနော့်ကိုတိုင်တတ်ပါတယ်။
အကိုကြီးကတော့ ဒီကောင်တွေနဲ့တော့ ခက်ပြီ၊ ဖတ်ပြီးပြန်ထားရင် နောက်လူတွေဖတ်လို့ရတာပေါ့ ဆိုတာလောက်ပဲ ပြောပါတယ်။
ကျနော်တို့လူငယ်တွေကို ဆွေးနွေးစရာ ခေါင်းစဉ်တွေသူကပေးပြီး စာအုပ်တွေ ရှာဖတ်ခိုင်းပါတယ်။

"ဖြစ်တည်မှုပဓာနဝါဒ"ကိုဆွေးနွေးကြမယ်ဟေ့၊ အဲလ်ဘတ်ကမူးတို့၊ ယန်းပေါဆတ်တို့ဟာတွေ ရှာဖတ်ကြမယ်ဆိုပြီး သူကိုယ်တိုင်လဲပြန်ဖတ်သလို ကျနော်တို့အတွက်လဲစာအုပ်တွေ ရှာပေးပြီး ဖတ်ခိုင်းတတ်ပါတယ်။
အကုန်ဖတ်ပြီးပြီဆိုမှ ကြမ်းတပြေးထဲထိုင်ပြီး ဆွေးနွေးကြတာပါ။

တချို့ရက်တွေဆိုရင် နေ့လည်စာသူ့အိမ်မှာချက်ပြီး လူငယ်တွေစားကြသောက်ကြ၊ သူ့ခြံကျယ်ကြီးထဲ မြေကြီးပေါ်ဖျာခင်းပြီး သစ်ပင်ရိပ်တွေအောက်မှာစကားဝိုင်းဖွဲ့ခဲ့ကြတယ်။

ကျနော်အခုမောင်သင်းခိုင်အကြောင်းရေးနေတာအားလုံးဟာ ကျနော့်အိမ်မှာမဟုတ်တဲ့အတွက် ကိုးကားစရာ စာအုပ်စာတမ်းတခုမှ ကျနော့်အနားမှာမရှိပါဘူး၊ သူလုပ်ပေးခဲ့တဲ့အလေ့အကျင့်တွေကြောင့် ဦးနှောက်ထဲမှာစွဲပြီး ပြန်ရေးနိုင်တာပါ။

နေ့စဉ်မှတ်တမ်းမရေးရဘူး၊ ဦးနှောက်နဲ့မှတ်ရမယ်လို့ သူလေ့ကျင့်ပေးတာအပြင် နိုင်ငံရေးအယူအဆတွေ၊ သမိုင်းတွေ၊ ပထဝီ‌တွေ၊ စီးပွားရေးဆိုင်ရာစာအုပ်စာတမ်းတွေကိုကျနော်ကိုယ်တိုင် ဖတ်မှတ်လေ့လာပြီးမှာ သူနဲ့ပြန်ဆွေးနွေးရတာဆိုတော့ တွေးလိုက်ရင် ပြန်ပေါ်လာတတ်ပါတယ်။ တချို့အရေးကြီးတဲ့စာပိုဒ်တွေဆိုရင် အောက်ကမျဉ်းသားပြီးဖတ်တဲ့အကျင့်လည်း ရခဲ့တယ်။

တိုးတက်တဲ့နိုင်ငံတွေရဲ့သင်ကြားရေးစနစ်တွေက စာကြည့်တိုက်ကြီးတွေထားပေးပြီး ကျောင်းသားနဲ့ဆရာအပြန်အလှန်ဆွေးနွေးတဲ့နည်းစနစ်အတိုင်းသွားတာကိုသိရတော့ အကိုကြီးမောင်သင်းခိုင်ကို ပိုပြီးကျေးဇူးတင်ရပါတယ်။

တော်တဲ့သူကို၊ ချွန်တဲ့၊ ထက်တဲ့၊ ကြိုးစားတဲ့သူကိုမောင်သင်းခိုင်က ချစ်ပါတယ်။
တော်တဲ့သူတွေ ဖောက်ပြန်ခဲ့ရင်လည်း သာမန်လူထက်ပိုပြီးအန္တရာယ်ကြီးတယ် ဟေ့၊ မှတ်ထားကြ။

အိုင်းစတိုင်းက နယူတန်ရဲ့ပခုံးပေါ်တက်ရပ်ခဲ့တာကွ။
ဖအေထက်၊ သားတလကြီးရမယ်၊ ရှေ့လူထက်နောက်လူပိုတော်ရမယ်
မင်းတို့ ငါ့ပခုံးပေါ်တက်ရပ်ကြ လို့ အမြဲတမ်းပြောခဲ့တယ်။

နောက်တခုက ခင်ဗျားမောင်သင်းခိုင်နဲ့ တဝိုင်းထဲထမင်းအတူစားခဲ့ရင် မောင်သင်းခိုင်က ဇွန်းအရင်ကိုင်ပြီး ခင်ဗျားတို့အားလုံးရဲ့ပန်းကန်ထဲကို အကောင်းဆုံးအသားတုံးတွေရွေးထည့်ပေးပြီးမှ သူ့ပန်းကန်ထဲ ဟင်းတတုံးခပ်ထည့်တာတွေ့ရပါလိမ့်မယ်။
ချစ်တဲ့
ဝင်းမင်းခိုင်
၁၇.၉.၂၁


...

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar