Breaking News

မိုးမခကဗျာ - နေသွင်ညိဏ်း '' ရန်ကုန်လမ်းမများအတွက် ''

KT#

မိုးမခကဗျာ
စက်တင်ဘာ ၁၂၊ ၂၀၂၁

 '' ရန်ကုန်လမ်းမများအတွက် ''
နေသွင်ညိဏ်း

ရန်ကုန်ဟာ 
နေ့ချင်း ညချင်း စစ်ကြီးထဲရောက်သွားသလို
လူတွေ
သုတ်သုတ်သွား သုတ်သုတ်ပြန်
သုတ်သုတ်ဝယ် သုတ်သုတ်ဖယ်
​ကျီးကန်းတောင်းမှောက်
ရန်ကုန်လမ်းမများဟာ
ညောင်သီးလည်းစား
လေးသံလည်း နားထောင်နေရ
ဘယ်ကနေ ဗုံးဆံကျလာမလဲ
လူတွေ ကိုယ့်အရည်ပြားတောင်  
ကိုယ်မယုံရတဲ့အခါ
ကိုယ့်သံတံခါး ကိုယ်မယုံတဲ့အခါ
လမ်းထဲက
ခွေးတွေလည်း ကိုယ့်အမြီးကိုယ်ပြန်ကုတ်ထားကြတယ်
စစ်ဖြစ်တဲ့အခါ 
လူမပြောနဲ့
ခွေးတွေတောင် မြို့ကြီးသားမဆန်နိုင်တော့ဘူး
(စစ်ဖြစ်နေတဲ့ ရခိုင်က လူတွေလို
ခွေးပြေးဝက်ပြေး ပြေးဖို့ပဲ ကျန်တော့တယ်)
ပိုးမွှားလက်နက်ဟာ မီးခိုးကြွက်လျောက်
တနွယ်ငင် တစင်ပါဆိုသလို
တလမ်းပြီးတလမ်း သိမ်းလာတာ
ကိုဝေမှုုးသွင်ရေ
ကျနော်တို့ထိုင်နေကျ ဘီယာဆိုင်လေး 
ကမ်းပြိုတဲ့အထဲ ပါသွားလေရဲ့
သူခိုးနဲ့ ပိုး အစိုးမရဘူး
မကောင်းမှုဟာ ဆိတ်ကွယ်ရာမရှိဘူးဆိုတာ
ကာရာအိုကေဆိုင်မှာ ပိုးတွေ့ပြီးကတည်းက
လူတွေသိသွားကြပြီး
သားထက်ရေ
ငတို့ဟာ အိုင်းယွန်းမန်း *တွေပါ
ဒီစစ်ကို င တို့ နိုင်ပါတယ်
ငဗစ်ကို င တို့ နိုင်ပါတယ်
တနေ့ကျရင်
ရန်ကုန်လမ်းမများဟာ
ရန်ကုန်လမ်းမများ ပြန်ဖြစ်လာမှာပါ
ဒီ စစ်ကိုနိုင်ဖို့ဆိုတာ
အလံကောင်းဖို့မလိုဘူး
ဉာဏ်ကောင်းဖို့ပဲလိုတယ်။

September 12, 2020

*Iron man

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar