Breaking News

စိုင်းဇင်ဒီဒီဇုံ - အခန်း (၇) ဘေးရှောင်ထွက်နေတဲ့ ဝါရှင်တန်



စိုင်းဇင်ဒီဒီဇုံ - အခန်း (၇) ဘေးရှောင်ထွက်နေတဲ့ ဝါရှင်တန်
စက်တင်ဘာ ၁၂၊ ၂၀၂၁

ကိုးရီးယား စစ်ပွဲ မတိုင်ခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက “အမေရိကန် ပြည်ထောင်စု အကျိုးစီးပွားအတွက် မြန်မာနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုနဲ့ [ဗြိတိသျှ] ဓနသဟာယအဖွဲ့ ဘက်ကို တိမ်းညွှတ်သော၊ ပြည်တွင်း ငြိမ်ဝပ်ပိပြားရေးကို တည်ဆောက်နိုင်သော၊ ကွန်မြူနစ်ဖိအားကို တွန်းလှန်နိုင်သော၊ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေးကို ပြန်လည်ထူထောင်နိုင်သော၊ တည်ငြိမ်သော အစိုးရ တရပ် ရှိရပါလိမ့်မယ်” လို့ ကြေညာပါတယ်။ ဝါရှင်တန်က ကြေညာထားတဲ့ မူဝါဒဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ဆက်လက်မြှင့်တင်လိုတဲ့အပြင် ဗြိတိသျှတို့ ကြိုးပမ်းအားထုတ်နေတာကိုလည်း ဖြည့်စည်းပေးရန် ရည်ရွယ်ပါတယ်။ ၁၉၅၀ ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဒီမူဝါဒမှာ အလေးဖို့ကောင်းတဲ့ ရည်ရွယ်ချက် သုံးချက်ပါပါတယ်− (၁) အမေရိကန် နိုင်ငံခြား အကူအညီပေးမှုနဲ့ အမေရိကန် အကြံဉာဏ်တွေအပေါ် မြန်မာအစိုးရရဲ့ သံသယ ပပျောက်သွားစေရန်၊ (၂) မြန်မာနိုင်ငံရဲ့ ဗဟိုအစိုးရ ပိုမိုအားကောင်းလာစေရန်၊ နဲ့ (၃) ကွန်မြူနစ်သူပုန်တွေကို နှိမ်နင်းနိုင်ရန်နဲ့ တရုတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကို ကာကွယ်နိုင်ဖို့ မြန်မာ့စွမ်းရည်ကို မြှင့်တင်နိုင်ရန် တို့ဖြစ်ပါတယ်။

နောက်ထပ် တနှစ်တောင် မကြာပါဘူး၊ မြန်မာနိုင်ငံက ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားပြီး ကွန်မြူနစ် မဟုတ်တဲ့ အစိုးရကို မတည်ငြိမ်အောင် လုပ်နေတဲ့ လီမီ့တပ်တော်ကို ထောက်ပံ့ပေးရင်း အမေရိကန်ရဲ့ မြင့်မားတဲ့ မူဘောင်တွေ ပြိုကျပျက်စီးခဲ့ရပါတော့တယ်။ မြန်မာအစိုးရက အမေရိကန် အကြံဉာဏ်ကို လက်ခံလာအောင် ဆွဲဆောင်ခြင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ အင်အားကောင်းလာအောင် လုပ်ဆောင်ပေးခြင်း မရှိဘဲ အမေရိကန်က လီမီ့တပ်တော်ကို လျှို့ဝှက်ထောက်ပံ့ခဲ့တာဟာ မယုံကြည်မှုတွေရဲ့ အစ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အစိုးရရဲ့ အစွန်းမရောက်တဲ့၊ အနောက်ယိမ်းတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဦးနုရဲ့ နိုင်ငံရေးပြိုင်ဘက်တွေအတွက် အစိုးရကို ပြဿနာရှာနိုင်အောင် ဖန်တီးပေးလိုက်တာနဲ့ တူနေပါတယ်။ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကွန်မြူနစ် သူပုန်တွေကို နှိမ်နင်းနိုင်အောင် မြန်မာနိုင်ငံရဲ့ စွမ်းရည်ကို မြှင့်တင်ပေးခြင်း မရှိပါဘဲနဲ့ နိုင်ငံသစ် ရပ်တည်ရေးကို တိုက်ရိုက် ခြိမ်းခြောက်နေတဲ့ ပြည်တွင်း ကွန်မြူနစ် သူပုန်နဲ့ တခြား လူမျိုးစု သူပုန်တွေကို တိုက်ရမယ့်အစား ရှိတာလေးတွေ ခြစ်ကုတ်ပြီး မြန်မာအစိုးရက တရုတ်ဖြူတွေကို သွားတိုက်နေအောင် ပြုလုပ်နေသလို ဖြစ်နေပါတယ်။ ၁၉၅၁ ခုနှစ် နွေဦးမှာ လီမီက ယူနန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်း က ထုတ်ဝေတဲ့ “အမျိုးသား ထောက်လှမ်းရေး ခန့်မှန်းချက် ၃၆ (အဲန်အိုင်အီး ၃၆)” မှာ ဦးနု အစိုးရရဲ့ နိုင်ငံရေး အားနည်းချက်ကြောင့် မြန်မာနိုင်ငံမှာ ကွန်မြူနစ် မဟုတ်တဲ့ ဘယ်လိုအစိုးရမျိုး မဆို ရှင်သန်ဖို့ မလွယ်ဘူး လို့ သုံးသပ်ထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ခေါင်းမာတဲ့ ကွန်မြူနစ်သူပုန် ၆,၀၀၀ ခန့်၊ ကရင်သူပုန် ၄,၀၀၀ ခန့်နဲ့ တခြားသူပုန်အဖွဲ့ငယ်တွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ အစိုးရအဖွဲ့ဝင် အရပ်သားတွေနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း တို့အကြား အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိန်းချုပ်နိုင်အောင် ပြိုင်ဆိုင်နေမှုကလည်း ကြီးထွားလာလို့ အာဏာသိမ်း တစ္ဆေခြောက်လှန့်လျက် ရှိပါတယ်။ အမြဲတမ်းတပ်ဖွဲ့နဲ့ အရန်တပ်ဖွဲ့ အင်အား စုစုပေါင်း ၄၃,၀၀၀ ရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ ဟာ ရန်သူအများကြီးကို ရင်ဆိုင်ဖို့ အတွက် အင်အားနည်းပါးနေပြီး လက်နက်လည်းပြည့်စုံခြင်း မရှိပါဘူး။ ဗြိတိသျှ စစ်မစ်ရှင်အဖွဲ့ က မြန်မာ့ တပ်မတော်ကို လေ့ကျင့်ပြီး လက်နက်တပ်ဆင်ပေးနေပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့လက်အောက် အရာရှိကြီးတွေဟာ အရင်ကိုလိုနီ အရှင်သခင်ဟောင်းတွေကို အထင်လွဲပြီး ဗြိတိသျှစစ်မစ်ရှင်အဖွဲ့ အကြံပေးတာတွေကို အမြဲငြင်းပယ်နေတယ် ဆိုတာကို အဲန်အိုင်အီး ၃၆ အစီရင်ခံစာ ရေးတဲ့လူတွေက သိထားပါတယ်။ လီမီ ယူနန်မှာ စစ်ရှုံးပြီးတဲ့နောက် ၁၉၅၁ နိုဝင်ဘာလမှာ ပြန်လည်ပြင်ဆင်ထားတဲ့ အဲန်အိုင်အီး−၃၆/၁ အစီရင်ခံစာ ထွက်လာပြီး လာမယ့် ၁၂ လနဲ့ ၁၈ လ အတွင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်မြေ အတော်များများကို ကွန်မြူနစ် သူပုန်တွေ ထိန်းချုပ်သွားနိုင်တဲ့အကြောင်း၊ ရန်ကုန်မှာလည်း လက်ဝဲ သို့မဟုတ် ကွန်မြူနစ်လိုလားတဲ့ အစိုးရ တက်လာနိုင်ကြောင်း ခန့်မှန်းပါတယ်။ လက်ဝဲဆန်တဲ့ ကရင်၊ ကချင်နဲ့ တခြား လူနည်းစု တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့လာနိုင်အောင် ပေကျင်းကနေ မြေအောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ထောက်ပံ့ပေးလာတာကြောင့် ဒီလိုအဆိုးမြင် ခန့်မှန်းခြေ ထွက်လာတာ ဖစ်ပါတယ်။ ဒါ့အပြင် မြေပေါ်မှာလည်း လက်ဝဲဆန်တဲ့ ဗမာပြည် အလုပ်သမား၊ လယ်သမား ပါတီ ကလည်း အစိုးရ အတိုက်အခံတွေကို စုစည်းပြီး သောင်းကျန်းသူနှိမ်နင်းရေး လုပ်ငန်းတွေကို ဝင်ရောက် စွက်ဖက်နေပါတယ်။

လီမီ့တပ်ရှိနေတာကြောင့် မတည်မငြိမ်ဖြစ်စေပြီး မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်များတဲ့ အခြေအနေကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စီအိုင်အေက အကဲဖြတ်ပါတယ်။ တကယ်တမ်းကြတော့ ဌာနနှစ်ခုစလုံးဟာ လီ့မီ့တပ် လျှို့ဝှက်စစ်ဆင်ရေးတွေ အတွက် အားပေးကူညီခဲ့ကြတာချည်းပါပဲ။ ဦးနုအစိုးရအဖွဲ့ အနာဂတ် မသေချမရေရာတဲ့ အတွက် ဝါရှင်တန်က စိုးရိမ်ပူပန်နေပေမယ့် မြန်မာနိုင်ငံထဲရှိတဲ့ ထိုင်ပေရဲ့ တပ်တွေကို ဝါရှင်တန်က ကူညီထောက်ပံ့နေတာကြောင့် ဒေသတွင်း မူဝါဒတွေနဲ့ ပတ်သက်လို့ ဦးနုအစိုးရရဲ့ သံသယဟာ ကျယ်ပြန့် ကြီးထွားလာခဲ့ပါတယ်။ အဲန်အိုင်အီး−၃၆ နဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကို ရေးသားခဲ့တဲ့ ဝန်ထမ်းတွေက အမေရိကန်က လီမီနဲ့ သူ့စစ်တပ်ကို လျှို့ဝှက်ထောက်ပံ့ခဲ့တာကို မသိကြပါဘူး။ ဒါပေမယ့် အဲဒီစာရွက်စာတမ်းတွေကို အတည်ပြုတဲ့ အဆင့်အရာရှိကြီးတွေကတော့ သိတန်သလောက် သိထားကြပါတယ်။

ဝါရှင်တန်က ရွှီးသမျှ လက်ခံရတဲ့ လန်ဒန်
လီမီ ယူနန်ကို ဝင်တိုက်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံက ထိုင်ဝမ်းတပ်တွေ ကိစ္စမှာ ဝင်မပါဖို့ ဗြိတိသျှအစိုးရက သူ့အမေရိကန် မဟာမိတ်ကို ဖျောင်းဖျနေပါတယ်။ ဗြိတိသျှ နိုင်ငံခြားရေးရုံးကနေ သူ့လက်အောက်ရှိ သံတမန်ရုံးတွေ အားလုံးကို ထောက်လှမ်းရေး မဟုတ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ အမေရိကန်ကို ထိခိုက်စေနိုင်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေ စုဆောင်းဖို့ ညွှန်ကြားတယ်။ ဝါရှင်တန်မှာရှိတဲ့ ဗြိတိသျှသံရုံးက အဆင့်မြင့်အရာရှိ နှစ်ယောက်က အရှေ့ဖျားရေးရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လစ်ဗင်စတန် မားချန့်က ကို တွေ့ပြီး လီမီရဲ့တပ်တွေနဲ့ မပတ်သက်ဖို့ အစောကြီး ကတည်းက ပြောတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းကို နိုင်ငံအရေးအရ၊ စီးပွားရေးအရ အဓိက ခြိမ်းခြောက်နေတဲ့ ပြည်တွင်း ကွန်မြူနစ်နဲ့ ကရင် သူပုန်တွေကို မြန်မာအစိုးရက သူ့မှာရှိတဲ့ အရင်းအမြစ် အကုန်သုံးပြီး ရင်ဆိုင်နေရတယ်။ အခု တရုတ်ဖြူတပ်တွေ မြန်မာနိုင်ငံကို ရောက်နေတာကြောင့် မြန်မာအစိုးရမှာ ရှိတဲ့ အရင်းအမြစ်နဲ့ လုံလောက်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် တရုတ် ကွန်မြူနစ်တွေနဲ့ မြန်မာတပ်တွေ ပူးပေါင်းပြီး ကျူးကျော်လာတဲ့ တပ်တွေကို တိုက်ထုတ်ဖို့ ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်ကြပါတယ်။ မားချန့်ရဲ့ အပြောအရ သူ့ဆီလာတဲ့ ဧည့်သည်တွေက “ကူမင်တန် တပ်တွေကို လက်နက် တပ်ဆင်ပေးတဲ့ ကိစ္စမှာ အမေရိကန် အစိုးရက ပတ်သက်နေတယ်လို့ မြန်မာ အစိုးရက အခိုင်အမာ ယုံကြည်ထားသလို ဗြိတိသျှ အစိုးရကလည်း အခိုင်အမာ ယုံကြည်ထားကြောင်း ထင်ရှားပါတယ်” လို့ ဆိုပါတယ်။

မားချန့်က တရုတ်ဖြူတွေရှိနေလို့ အမေရိကန် အစိုးရကလည်း စိတ်ရှုပ်ရပါကြောင်း၊ ဒါပေမယ့် အမေရိကန်က တရားဝင် နည်းလမ်း ဒါမှမဟုတ် တခြားနည်းလမ်း တခုခုနဲ့ လီမီရဲ့တပ်နဲ့ ပတ်သက်နေတယ်လို့ သူမသိထားကြောင်း “အလွန် စိတ်ထက်သန်နေတဲ့” ဗြိတိသျှဧည့်သည်တွေကို ပြန်ပြောလိုက်ပါတယ်။ လီမီနဲ့ သူ့တပ်တွေ မြန်မာနိုင်ငံက ထွက်သွားဖို့ အမိန့်ပေးရန် ထိုင်ပေကို ဖျောင်းဖျဖို့ လုပ်နိုင်သမျှ အကုန်လုံးကို ဝါရှင်တန်က လုပ်ပြီးပြီလို့လည်း ထပ်ပြောပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ယူနန်ပြည်နယ်မှာ လီမီက ကွန်မြူနစ်တပ်တွေကို အနိုင်ရလာရင် ဗြိတိသျှအစိုးရ အနေနဲ့လည်း စိတ်ကျေနပ်နိုင်ဖွယ်ရှိတယ်လို့ မားချန့်က ဆက်ပြောတယ်။ ပြီးတော့ တရုတ်ဖြူ အရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရနိုင်သမျှ စုဆောင်းပြီး ပေးပို့ပါ့မယ်လို့လည်း သူက ကတိပေးလိုက်တယ်။ သူက ဗြိတိသျှ သံတမန်တွေကို “အရိုးသားဆုံး” ဆက်ဆံလိုက်ပြီး “အမှန်အတိုင်း အကုန်အစင်” ပြောတယ်လို့ ထင်အောင်လုပ်လိုက်နိုင်ပါတယ်။

မားချန့်က သူတို့ သံအရာရှိတွေက တပတ်ရိုက်လိုက်တာကို လန်ဒန်မှာရှိတဲ့ နိုင်ငံခြားရေးရုံးက မကျေနပ်ကြောင်း ထင်ရှားပါတယ်။ မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေ ကိစ္စမှာ အမေရိကန်တွေ ဝင်မပါကြောင်း အခိုင်အမာ ပြောလာလို့ ဗြိတိသျှအစိုးရက အတော်လေး အံ့ဩသွားရပါတယ်။ မားချန့် ငြင်းချက် ထုတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးရုံးက အယုံအကြည် မရှိကြောင်း တုံ့ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဗြိတိသျှ သံအရာရှိ နှစ်ယောက်ထဲက တယောက်ဟာ ဩဂုတ်လ ၈ ရက်နေ့မှာ မားချန့်ကို နောက်တခေါက် သွားတွေ့တယ်။ သူတို့ဖက်က သူတို့ “ဖဲချပ်တွေကို စားပွဲပေါ်မှာ အကုန်လုံး ပြောင်ချပြထားပြီး” ဖြစ်ကြောင်း ဗြိတိသျှအရာရှိက ပြောပါတယ်။ ဦးနု အစိုးရကသာ တရုတ်ဖြူပြဿနာကို ကုလသမဂ္ဂဆီ တင်ပြရင် သက်ဆိုင်သူအားလုံး အရှက်ရနိုင်တယ်လို့ ဗြိတိသျှအစိုးရက စိုးရိမ်နေပါတယ်။ အရင်တွေ့ဆုံမှု အပြီး ဆက်လက် ဆောင်ရွက်မှု မလုပ်ရသေးဘူးလို့ မားချန့် က တောင်းပန်ပြီး ကိစ္စထူးရင် အကြောင်းပြန်ကြားမယ်လို့ ကတိပေးလိုက်ပါတယ်။

ဗြိတိသျှသံအရာရှိ မပြန်ခင် စာတမ်း တစောင် ချန်ထားပေးခဲ့တယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေကို အမေရိကန်တွေ ကူညီထောက်ပံ့နေကြောင်း၊ အမေရိကန် စစ်အရာရှိတွေက အဲဒီတပ်တွေမှာတွဲလျက် အမှုထမ်းနေကြောင်းကို ဗြိတိသျှအစိုးရက သိထားကြောင်းတွေကို အကျဉ်းချုပ် ဖော်ပြထားပါတယ်။ လက်နက်ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့ အကူအညီနဲ့ ဘန်ကောက်ကနေ မိုင်းဆတ် အထိ ဘယ်လမ်းက ဘယ်လိုပို့သလဲဆိုတာလည်း အဲဒီစာတမ်းမှာ ပါတယ်။ အိုကီနာဝါ က လက်နက်တွေကို သင်္ဘောနဲ့ပို့တာ၊ “အမှတ်အသား မပါတဲ့ စီအေတီ လေယာဉ်တွေ” နဲ့ ပို့တာတွေကိုလည်း ဗြိတိသျှအစိုးရက သိထားတယ်။ တချို့ပစ္စည်းတွေက “’ဆီးဆပ္ပလိုင်းကုမ္ပဏီ’ လို့ နာမည်ခံထားတဲ့ အမေရိကန် အသွင်ယူ အဖွဲံအစည်း” ကနေ လေ့ကျင့်ပေးပြီး လက်နက်တပ်ဆင်ထားပေးတဲ့ ထိုင်းရဲတပ်ဖွဲ့ အတွက်ဖြစ်တယ် ဆိုတာကို သိကြောင်းလည်းပါတယ်။ ဒါပေမယ့် “အတော်များများဟာ” ထိုင်းရဲတပ်ဖွဲ့ကနေ တဆင့် လီမီရဲ့တပ်ဖွဲ့တွေဆီ ရောက်သွားလိမ့်မယ်လို့ “သံသယ အနည်းငယ်” ရှိကြောင်းလည်း ဖော်ပြထားတယ်။ လီမီရဲ့တပ်တွေ ယူနန်နယ်စပ်ဘက်ကို သွားတဲ့အခါ ထိုင်းထောက်လှမ်းရေးအဖွဲ့တွေဟာ အမေရိကန် ရေဒီယို ဆက်သွယ်ရေးစက်တွေနဲ့ ယူနန်ပြည်နယ်ထဲမှာ ဆက်သွယ်ရေး ကွန်ရက်တွေ တည်ဆောက်ခဲ့ကြောင်းလည်း ဗြိတိသျှစာတမ်းမှာ ဖော်ပြထားတယ်။ ဗိုလ်မှူး စတီးဝပ်၊ နောက်ထပ် အမေရိကန် တယောက်နဲ့ ဆက်သွယ်ရေး ကျွမ်းကျင်သူ ထိုင်းတပ်ဖွဲ့ဝင် လေးယောက်ဟာ လီမီနဲ့အတူ ယူနန်ကို လိုက်သွားပြီး လက်နက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လေကြောင်းကနေ ချပေးနိုင်အောင် စီမံပေးခဲ့တယ်ဆိုတာတောင် ပါပါသေးတယ်။

နောက်ထပ် နှစ်ရက်အကြာ ဩဂုတ်လ ၁၀ ရက်နေ့မှာ မားချန့်က သူ့အနေနဲ့ ဗြိတိသျှတို့ ပေးတဲ့ သတင်း အချက်အလက်တွေကို စိစစ်ပြီးဖြစ်ကြောင်း၊ “အမေရိကန် ပြည်ထောင်စု အရာရှိတွေ ပါဝင်ပတ်သက်ကြောင်း ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ရှာမတွေ့ကြောင်း” ဗြိတိသျှတွေကို ပြန်ပြောပါတယ်။ ဒါပေမယ့် လက်နက်တွေဟာ ထိုင်းနိုင်ငံကနေ တဆင့် ပုဂ္ဂလိက သီးသန့် လမ်းကြောင်းတွေကနေ ရောက်သွားကြောင်းကိုတော့ ဝန်ခံလိုက်ရတယ်။ အမေရိကန် အစိုးရက လုံးဝ ပါဝင်ပတ်သက်ခြင်းလုံးဝမရှိကြောင်း၊ ပါဝင်ပတ်သက်တဲ့ အမေရိကန်တွေဟာ သူတို့သဘောနဲ့ ဆောင်ရွက်နေတဲ့ အရပ်သားတွေသာဖြစ်ကြောင်း၊ ကလဲ အယ်လ်၊ ချန်နော့၊ စီအေတီ လေကြောင်းလိုင်းနဲ့ ဆက်နွှယ်သူတွေသာ ဖြစ်နိုင်ကြောင်းကို ဗဟိုထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဝေါ်တာ ဘယ်ဒယ် စမစ် က အဲဒီ ဗြိတိသျှ သံတမန် နှစ်ယောက်ကိုပဲ နှစ်သိမ့်ခဲ့ဖူးတာတွေနဲ့ တထပ်တည်းပါပဲ။

အဲဒီ စီအေတီ လေကြောင်းလိုင်းကို စီအိုင်အေက ပိုင်ဆိုင်ကြောင်းကို စမစ် က ထုတ်ဖော် မပြောလိုက်ဘူးလို့ ယူဆလို့ ရပါတယ်။ ဒီလို သတင်းအချက်အလက် အမှားတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကျားကန်ထားပေးတဲ့ အနေနဲ့ လက်ထောက်ဝန်ကြီး ရက်စ် ကနေ ရန်ကုန်က သံအမတ်ကြီး ကီး ဆီပို့တဲ့ ကြေးနန်း ဗြိတိသျှ သံအရာရှိတွေကို ပြလိုက်ပါတယ်။ ဒီကြေးနန်းကို ပြလို့ရအောင် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ စီအိုင်အေ ပူးတွဲ အစည်းအဝေးထိုင်ပြီး အတည်ပြုပေးထားတာပါ။ ကြေးနန်းထဲမှာ မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေနဲ့ အမေရိကန် အစိုးရ ပတ်သက်နေတယ်ဆိုတာကို ပြတ်ပြတ်သားသား ငြင်းဆိုဖို့ ကီးကို ညွှန်ကြားထားပါတယ်။ ဒါတွေကို ဗြိတိသျှတွေက မယုံကြည်ပေမယ့် အမေရိကန်အစိုးရနဲ့ သတင်းအချက်အလက် ဖလှယ်ရုံ၊ ပေကျင်းက ဝင်ရောက်စွက်ဖက်လာမယ့် အန္တရာယ်ကို စိုးရိမ်ပူပန်ရုံကလွဲလို့ သူတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူးဆိုတာကို သိလိုက်ရတယ်။

အရှုံးထဲက ရုန်းထွက်ဖို့ ဝါရှင်တန် ဆုံးဖြတ်ခြင်း
လီမီရဲ့တပ်တွေ ဖရိုဖရဲနဲ့ မြန်မာနိုင်ငံ ပြန်ဆုတ်လာပြီးနောက်လည်း အမေရိကန် အရာရှိတွေက သူတို့ မဟာမိတ် ဗြိတိသျှတွေကို ဖုံးကွယ်ထားပါတယ်။ သူခန့်မှန်းထားတဲ့အတိုင်း ယူနန်မှာ စစ်ရှုံးပြီး ပြန်ဆုတ်လာတဲ့ တရုတ်ဖြူတပ်တွေဟာ မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ဒေသရဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ သံအမတ်ကြီး ကီးက ဝါရှင်တန်ကို တဲ့တိုးပြောလိုက်ပါတယ်။ မြေပြင် အစီရင်ခံစာတွေအရ လီမီရဲ့တပ်မှာ အမေရိကန်တွေ ပူးပေါင်းပါဝင်နေကြောင်း၊ အမေရိကန် လေကြောင်း ထောက်ပံ့မှုတွေ ရနေကြောင်း ကီးက ဖော်ပြပါတယ်။ ဘန်ကောက်မှာရှိတဲ့ မြန်မာသံအရာရှိတွေဟာ ထိုင်းနိုင်ငံကနေတဆင့် အမေရိကန်က လီမီကို ထောက်ပံ့ပေးနေတဲ့ စနစ်ကို တွေ့နေရပေမယ့် ဘာမှ မတတ်နိုင်ပါဘူး။ အမေရိကန်ကလည်း သူတို့နဲ့ မပတ်သက်ဘူးလို့ တွင်တွင်ငြင်းနေတာဟာ မြန်မာတွေ အတွက် အဓိပ္ပာယ်မရှိပါဘူး။ လီမီရဲ့တပ်အတွက် အမေရိကန် ထောက်ပံ့ပေးနေတာဟာ မြန်မာနိုင်ငံ အရှေ့မြောက်ဘက်မှာ ရှုပ်ထွေးစေပြီးတော့ မြန်မာ့ အချုပ်အခြာအာဏာကို ထိပါးစေကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်စေရေးနဲ့ အင်အားကောင်းစေရေး ဆိုတဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒကို ရယ်စရာဖြစ်စေကြောင်း သံအမတ်ကြီး ကီးက သုံးသပ်ပါတယ်။ မူလအကြောင်းရင်းက ဘယ်လိုပဲ ရှိပါစေ မြန်မာ့ပိုက်နက်ပေါ်ကနေ စီမံတဲ့ တရုတ်ဖြူ စစ်ဆင်ရေးဟာ “မြန်မာနိုင်ငံမှာ ကျွန်ုပ်တို့ ဆုံးရှုံးခဲ့ရတဲ့ အကျိုးစီးပွားကို ကာမိလောက်တဲ့ ရလဒ် ပေါ်ထွန်းလာအောင် မဆောင်ရွက်နိုင်ခဲ့ဘူး” လို့ သံအမတ်ကြီး ကီး က ပြောပါတယ်။ အမေရိကန်က ဘာမှ ဆက်လက် မပါဝင်ပတ်သက်ဖို့လည်း သူက တောင်းဆိုပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့မှာ မားချန့်နဲ့ စီအိုင်အေ အရာရှိ သုံးယောက်တွေ့တယ်။ လီမီရဲ့တပ်တွေ ဆက်ရှိနေတာဟာ အမေရိကန်−မြန်မာ ဆက်ဆံရေးမှာ “အခြေအနေ ပိုဆိုးလာသော စိတ်ခုစရာ ဖြစ်လာလိမ့်မယ်”၊ ဒါ့အပြင် တရုတ်နီတွေ မြန်မာနိုင်ငံအတွင်း ဝင်ရောက်စွက်ဖက်နိုင်လောက်တဲ့ အကြောင်းပြချက် ဖြစ်လာနိုင်တယ်လို့ သဘောတူကြပါတယ်။ အဲဒီစစ်ဆင်ရေးအတွက် အမေရိကန်က ထောက်ပံ့ပေးနေတောကို ရပ်ဆိုင်းပြီး ထိုင်းအကူအညီနဲ့ လီမီရဲ့ အမြဲတမ်းတပ်ဖွဲ့တွေဖြစ်တဲ့ တပ်မ (၉၃) နဲ့ တပ်မ (၁၉၃) တို့ကို ထိုင်းနိုင်ငံက တဆင့် ထုတ်သွားဖို့ အချိန်တန်ပါပြီ။ ဒီလို ဆုတ်ခွာဖို့ ပြောဆိုတဲ့အခါမှာ လီမီရဲ့ အမြဲတမ်းမဟုတ်တဲ့ တပ်တွေအကြောင်း တခွန်းမှ မပါပါဘူး။ ဒီတပ်တွေကို ပိုများပြီး ပိုပြီး ဒုက္ခပေးနိုင်ပါတယ်။ အဲဒီနေ့မှာ တွေ့ခဲ့ကြသူတွေက လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရက်စ် ကနေ ကီး ဆီကို ပို့ဖို့ ကြေးနန်းတစောင်ကို အကြမ်းရေးပြီး အတည်ပြုလိုက်ပါတယ်။ နောက်နှစ်ရက်မှာ မားချန့်က အဲဒီကြေးနန်းကိုယူပြီး ဗြိတိသျှ သံအရာရှိတွေကို ပြပါတယ်။ ရန်ကန်က သံရုံးနဲ့ ဗြိတိသျှတို့ကို လှည့်စားလိုက်တဲ့ ကြေးနန်းပဲ ဖြစ်ပါတော့တယ်။

ဩဂုတ်လ ၂၂ ရက်နေ့ အစည်းအဝေးမှာ အတည်ပြုလိုက်တဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရက်စ် ကိုယ်တိုင် ပေးပို့တဲ့ ကြေးနန်းမှာ− လီမီရဲ့တပ်တွေ ကိစ္စမှာ အမေရိကန် ပြည်ထောင်စုက ပါဝင်ပတ်သက်နေတဲ့ “ကောလဟလတွေ” နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်သမ္မတနိုင်ငံ တပ်ဖွဲ့တွေနဲ့ အမေရိကန် ပြည်ထောင်စု အစိုးရ က တရားဝင်နည်းလမ်း အပြင် တရားမဝင်နည်းလမ်းနဲ့ရော ဆက်စပ်ပတ်သက်မှု မရှိဘူးလို့ “ပြတ်ပြတ်သားသား ငြင်းဆိုဖို့” ကီး ကို ညွှန်ကြားလိုက်ပါတယ်။ ဒီအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ကုလသမဂ္ဂမှာ အရေးဆိုမှာကိုလည်း အားမပေးလိုကြောင်း၊ နောက်နောင် အမေရိကန် နိုင်ငံသားတွေ ပါဝင်ပတ်သက်မှု မရှိအောင် တားဆီးသွားဖို့ မြန်မာအစိုးရကို အာမခံကြောင်းပြောဖို့ ကီးကို ညွှန်ကြားထားပါတယ်။ လီမီနဲ့ သူ့တပ်တွေ အနေနဲ့ ယူနန်ပြည်နယ်ထဲမှာပဲ နေပြီး မြန်မာနိုင်ငံ နယ်စပ်ကို မကျူးကျော်ဖို့ ထိုင်ပေက အမိန့်ပေးဖို့ကိုလည်း ဝါရှင်တန်က တွန်းအားပေးထားကြောင်း ကီးက ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် လီမီရဲ့တပ်တွေ ယူနန်ကနေ အမောင်းထုတ်ခံရပြီး မြန်မာနိုင်ငံကို ပြန်ရောက်နေပြီဆိုတာကို ဝါရှင်တန်က သိသိကြီးနဲ့ ဒီလို ပြောခိုင်းပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့မှာ ကီး က ဦးနုနဲ့ ပထမဆုံး တွေ့ခွင့်ရပါတယ်။ ဦးနု က တွေ့ဖို့ ခေါ်လို့ပါ။ သူ့ကို ညွှန်ကြားထားတဲ့အတိုင်း ကီးက မပြောနိုင်ခင်မှာ ဦးနု က စာရွက်တချို့ ထိုးပေးလိုက်ပါတယ်။ မကြာခင်ကမှ ဖမ်းမိထားတဲ့ တရုတ်အမျိုးသားတပ်မတော် ဗိုလ်ချုပ် တယောက်ကို စစ်ကြောချက်ကို မြန်မာနိုင်ငံ စစ်ရုံးကနေ အကျဉ်းချုပ် ပြန်ရေးထားတာပါ။ အဲဒီဗိုလ်ချုပ်ကို ထိုင်ပေက လွှတ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံထဲမှာ တရုတ်ဖြူ ပျောက်ကြားတပ်တွေ ဖွဲ့စည်းဖို့ ဧပြီလတုန်းက “အမေရိကန်လေယာဉ်” စီးပြီးရောက်လာတာပါတဲ့။ လီမီနဲ့ ဘန်ကောက်မှာ တလကြာ အတူနေခဲ့ပြီးနောက် အဲဒီဗိုလ်ချုပ်က ယူနန်ကို ထွက်လာခဲ့ပါတယ်။ လားရှိုးကို အရောက် မြန်မာအာဏာပိုင်တွေက သူ့ကို အမေရိကန်လုပ် ရေဒီယို ဆက်သွယ်ရေးစက်တွေနဲ့ အတူ ဖမ်းမိတယ်။ အဖမ်းခံရတဲ့ ဗိုလ်ချုပ်က အစစ်ခံတာကတော့ ယူနန်ပြည်နယ်ကို ဝင်ရောက် တိုက်ခိုက်ဖို့ လီမီရဲ့တပ်တွေဟာ ၁၉၅၁ ဧပြီလကစပြီး အမေရိကန် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဆက်တိုက် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အကျဉ်းသားရဲ့ ထွက်ဆိုချက်အရ ဆိုရင် မြန်မာနိုင်ငံထဲက ထိုင်ပေရဲ့တပ်တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်း မရမက တောင်းဆိုနေတဲ့အတိုင်း ကုလသမဂ္ဂကို တက်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူးလို့ ဦးနု က ကီးကိုပြောတယ်။ ဩဂုတ်လ ၂၂ ရက်နေ့က ညွှန်ကြားချက်အတိုင်း ကီးက ခက်ခက်ခဲခဲ ပြန်ရှင်းပြပေမယ့် ဦးနု ကတော့ ပွင့်ပွင့်လင်းလင်းနဲ့ပဲ အယုံအကြည်မရှိဘဲ ပယ်ချလိုက်ပါတယ်။ အခုလို ဦးနုနဲ့ တွေ့ခဲ့ရတဲ့ အကြောင်း ကီးက ပြန်အစီရင်ခံပြီးနောက် မြန်မာနိုင်ငံက ကုလသမဂ္ဂကို တက်ပြီးအရေးဆို တိုင်ကြားမယ့် ကိစ္စကို ဝါရှင်တန်က တားဆီးဖို့လုပ်တာတွေကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

အဲဒီအတောအတွင်း ဗြိတိသျှတို့က ဦးနု အကြံဉာဏ်တောင်းလေ့ရှိတဲ့ အိန္ဒိယဝန်ကြီးချုပ် နေရူးနဲ့ တိုင်ပင်ပါတယ်။ ကုလသမဂ္ဂကို သွားဖြေရှင်းရခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ သူ့ပိုင်နက်ကို သူမကာကွယ်နိုင်တော့ဘူးဆိုတာကို အများသိအောင် အတိအလင်း ဝန်ခံလိုက်သလိုဖြစ်ပြီး ပေကျင်းက ဝင်ရောက်တာဝန်ယူဖို့ ဖိတ်ခေါ်လိုက်သလို ဖြစ်သွားမှာကို ဗြိတိသျှတို့လိုပဲ နေရူးကလည်း စိုးရိမ်ပါတယ်။ နောက်ထပ် ရွေးချယ်စရာ နည်းလမ်းအနေနဲ့ ကူမင်တန်တွေ အတွက် လက်နက်ပေးပို့တဲ့ လမ်းကြောင်းကို တားဆီးပေးဖို့ ထိုင်းနိုင်ငံကို ဗြိတိသျှ−အမေရိကန် ပူးပေါင်းပြီး ကြားဝင် တောင်းဆိုပေးဖို့ မြန်မာသံတမန်တွေက အမေရိကန်တွေကို အကြံပေးဖို့ ဗြိတိသျှတို့က အဆိုပြုပါတယ်။ ရက်သိပ်မကြာလိုက်ပါဘူး။ မြန်မာနိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချို က အခုနပြောတဲ့ ပူးပေါင်းပြီး ကြားတောင်းဆိုမှု လုပ်ဖို့ ကီးကို အကြံပေးတယ်။ ဒါကို ဝါရှင်တန်ကလည်း ချက်ခြင်း လက်ခံလိုက်တယ်။

အချီကြီးခံလိုက်ရတဲ့ ဗြိ−ကန် ပူးပေါင်းကြားဝင်တောင်းဆိုမှု
မြန်မာနိုင်ငံကို လက်နက်တွေ “မှောင်ခိုတင်ပို့” နေတာနဲ့ ပတ်သက်ပြီး ဘန်ကောက်မှာရှိကြတဲ့ ဗြိတိသျှ သံအမတ်ကြီး ဝါလင်ဂါ နဲ့ အမေရိကန် သံမှူးကြီး ဝီလီယံ တန်နာ တို့က ပူးပေါင်းပြီး ထိုင်းနိုင်ငံကို စက်တင်ဘာလလယ်ပိုင်းမှာ အရေးဆိုပါတယ်။ ဝါလင်ဂါ က သံသယတွေ ရှိပါတယ်။ လီမီကို ထောက်ပံ့ပေးဖို့ ထိုင်းက ပူးပေါင်းဆောင်ရွက်ပေးဖို့ အမေရိကန် ထောက်လှမ်းရေး အရာရှိ တယောက်က တောင်းဆိုလာတာကို ခွင့်ပြုပေးခဲ့ကြောင်း ဝန်ကြီးချုပ် ဖိဘွန်းက ဝါလင်ဂါကို အစောပိုင်းကတည်းက ပြောဖူးကြောင်း ဝါလင်ဂါက လန်ဒန်ကို အစီရင်ခံပါတယ်။ ကွန်မြူနစ်တွေကို သတ်မယ်ဆိုရင် အမေရိကန် မှ မဟုတ်ဘူး ဘယ်သူ့ကိုမဆို သူကကူညီမှာပဲလို့ ဖိဘွန်းက ပြောပါတယ်။ ဝါလင်ဂါက မျက်ခုံးတွေ တွန့်သွားတော့ ဖိဘွန်းက “ခင်ဗျား ဘာဖြစ်လို့ အံဩနေရတာလဲ။ ခင်ဗျားက ကျနော့်လို၊ အမေရိကန်လို ကွန်မြူနစ်တွေကို သတ်ဖို့ စိတ်မဝင်စားဘူးလား” လို့ မေးတယ်။ “ထောက်ပံ့ရေး လုပ်ငန်းတွေထဲမှာ ထိုင်းတွေအတွက် အကျိုးစီးပွားတချို့ ထိုးပေးထားပုံရပါတယ်။ ဖောင် က အဓိက ဆောင်ရွက်ပေးနေရတဲ့ အထောက်အထားတွေလည်း အများကြီး တွေ့ထားရတယ်။ ဖိဘွန်းက သူ့အတွက် ခွဲတမ်း ရရ မရရ ဖောင်နဲ့ ပြဿနာတက်အောင် လုပ်ချင်ပုံ မရှိပါဘူး“ လို့ ဝါလင်ဂါက ခန့်မှန်းပါတယ်။

ဖိဘွန်း ဆီကနေ အမေရိကန်ပါဝင်ပတ်သက်မှုကို တိတိကျကျကြီး သိလိုက်ရတော့ ဝါလင်ဂါ တုန်လှုပ်သွားပါတယ်။ ကူမင်တန်ပြဿနာကို အာရှတိုက်သားတွေ အချင်းချင်းပဲ ဖြေရှင်းပါစေ ဆိုပြီး အမေရိကန်ရဲ့ အကြံပြုပါတယ်။ ဒါဟာ “အန္တရာယ်ရှိတဲ့ လှိမ့်လုံးဆိုတာကို လုပ်ငန်းသဘော နားလည်သူတိုင်း ဘွင်းဘွင်းကြီး သိနိုင်ပါတယ်၊ နောက်ပြီးတော့ အမေရိကန်လုပ်တဲ့ ကိစ္စဖြစ်တယ်လို့ ဖိဘွန်းက အတော်လေး ဖွင့်ချပြီးဖြစ်ပါတယ်” လို့ ဝါလင်ဂါက ဆိုပါတယ်။ “ဝီလီ အိတ်ချ်၊ ဘာ့ဒ်နဲ့ သူ့ရဲ့ ဆီးဆပ္ပလိုင်းကုမ္ပဏီနဲ့ ပတ်သက်ပြီး သဘောမကျ၊ မကျေချမ်းမှုကို ပြသဖို့ ဝန်လေးနေတဲ့ အမေရိကန်သံရုံးနဲ့ ဒီကိစ္စတွေ အကုန်လုံး ဆွေးနွေးလို့လည်း မဖြစ်နိုင်ပါဘူး၊ ပြီးတော့ သူတို့မှာ ဝင်ရောက်တားမြစ်ပိုင်ခွင့်လည်း လုံးဝမရှိကြောင်းလည်း ထင်ရှားပါတယ်” ဆို့ ဝါလင်ဂါ က ပြောပါတယ်။ ဝါရှင်တန်က အဆင့်အမြင့်ဆုံး အစိုးရ တာဝန်ရှိသူ အဆင့်တွေကသာ ဒီအရှုပ်ထုပ်ကို ရှင်းနိုင်မယ်ဆိုတာ မကြာခင် လူအများသိလာတော့မယ်ဆိုတာကို ဗြိတိသျှ−အမေရိကန် ပူးပေါင်းပြီး ထိုင်းကို တောင်းဆိုခဲ့တဲ့ အတွေ့အကြုံကို ကိုးကားပြီးတော့ ဝါလင်ဂါ က မြင်ပါတယ်။ ဒီအတောအတွင်းတော့ ဝါလင်ဂါလည်း ညွှန်ကြားတဲ့အတိုင်း လုပ်နေရုံပါပဲ။

ဗြိတိသျှ−အမေရိကန် ပူးပေါင်းပြီး ထိုင်းနိုင်ငံကို ချဉ်းကပ်ကြတာဟာ ဆီးဆပ္ပလိုင်းရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဟန့်တားဖို့ ကနဦး ခြေလှမ်း မပါရှိတဲ့ “အဓိပ္ပာယ်မရှိတဲ့” လုပ်ရပ်လို့ လန်ဒန်က မြင်ပါတယ်။ ဝါရှင်တန်မှာ ရှိတဲ့ ဗြိတိသျှသံတမန်တွေကလည်း ညွှန်ကြားချက်အတိုင်း ဗြိတိသျှထောက်လှမ်းရေးက ရရှိထားတဲ့ ဆီးဆပ္ပလိုင်းရဲ့ လှုပ်ရှားမှု သတင်း အချက်အလက် အကျဉ်းချုပ်တွေကို စာနဲ့ပေနဲ့ ရေးပြီး အမေရိကန်တွေကို ပေးပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဗြိတိသျှသံအရာရှိတွေ ပေးခဲ့တဲ့ စာတမ်းမှာ လီမီဟာ ဘန်ကောက်မှာနေပြီး သူ့ပျောက်ကြားတပ်ဖွဲ့ကို ထိုင်းဘုရင့်ကြည်းတပ် အရွယ်အစားလောက် ကြီးထွားလာအောင် ထောက်ပံ့ကြဖို့ ဘာ့ဒ်နဲ့ ထိုင်းရဲတပ်ဖွဲ့ကို ပြောဆိုနေကြောင်း ပါပါတယ်။ ပြီးတော့ ဗြိတိသျှ တပ်တော် တခုစာကို လုံလောက်အောင် တပ်ဆင်ပေးနိုင်တဲ့ လက်နက်ပစ္စည်းတွေကို လိုချင်တယ်လို့လည်း ဆိုတယ်။

သူတို့ပူးပေါင်းပြီး ထိုင်းကို တောင်းဆိုဖိအားပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဝါလင်ဂါနဲ့ တန်နာ ဆွေးနွေးကြတော့ သူဂေါက်ရိုက်ရင်း ဖိဘွန်းနဲ့ စကားပြောခဲ့ရတဲ့အကြောင်း ပြန်ပြောပြတယ်။ လီမီကို ထိုင်းနိုင်ငံက တဆင့် လက်နက်တွေ ရောက်သွားတာကို တားပေးဖို့ အမေရိကန်တွေနဲ့ ပူးပေါင်းပြီး ထိုင်းဘုရင့်အစိုးရကို တောင်းဆိုဖို့ သူ့ကို အထက်က ညွှန်ကြားထားကြောင်း ဝါလင်ဂါက ဖိဘွန်းကို ပြောပြတယ်။ အဲဒီတော့ ဖိဘွန်းက ဒီလိုလက်နက်တွေ လီမီဆီရောက်သွားတာဟာ အမေရိကန်တွေရဲ့ ကိစ္စသာဖြစ်တယ်၊ သူတို့နဲ့ “အားလုံးကို အတူတူပေါင်းလုပ်ကြတာပဲ” လို့ ပြန်ဖြေတယ်။ ဒါ့ကြောင့် တရုတ်ဖြူတွေအတွက် လက်နက် ဘယ်ကလာတယ်ဆိုတာ ဗြိတိသျှတွေ သိထားကြောင်း ဝါလင်ဂါက တန်နာကို ရှင်းရှင်းလင်းလင်း ပြောပြထားတယ်။ အင်ဂျင်အများကြီးတပ်ထားတဲ့ လေယာဉ်တွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့နေတဲ့အကြောင်း၊ ရဟတ်ယာဉ် တစီး ပျက်ကျတဲ့အကြောင်း၊ “ဗိုလ်မှူးစတီးဝပ်”နဲ့ ဖောင် ဆီယာနွန် တို့ မြောက်ပိုင်းကို အတူတူ သွားကြတဲ့အကြောင်း၊ ဝီလီ ဘာ့ဒ်နဲ့ ဆီးဆပ္ပလိုင်းတို့ ပါဝင်ပတ်သက်နေတဲ့ အကြောင်း၊ ဖောင်က “အကျိုးအမြတ် အများကြီး” ရနေတဲ့အကြောင်း၊ ဖိဘွန်းလည်း ဝေစုရနိုင်တဲ့ အကြောင်း၊ ဘိန်းတွေကို စီအေတီ လေယောဉ်တွေနဲ့ ထိုင်းမြောက်ပိုင်းက သယ်လာတဲ့ အကြောင်းတွေကိုလည်း ဝါလင်ဂါက ပြောတယ်။ တကယ်လို့ တန်နာကလည်း ဆန္ဒရှိတယ်ဆိုရင် သူတို့ ပူးပေါင်းတောင်းဆိုမှုကို ရုပ်သိမ်းဖို့ ဝါလင်ဂါမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်းလည်း ပြောပြပါတယ်။ တန်နာက “မစ္စတာဘာ့ဒ်တို့အဖွဲ့ရဲ့ လုပ်ရပ်ဟာ အမေရိကန်သံရုံးကို သိက္ခာကျ အရှက်ရစေတယ်လို့ ဖွင့်ဟရန် မလိုဘဲ ဝန်ခံတယ်” လို့ ဝါလင်ဂါက ဆိုပါတယ်။ ဒါပေမယ့် တန်နာက ဝါရှင်တန်နဲ့ ဆက်ပြီး အပြန်အလှန် ပြောနေရမယ့်အစား ဝါလင်ဂါ နဲ့အတူတူ ဆက်လက်ပူးပေါင်းပြီး ထိုင်းကို ဖိအားပေးတောင်းဆိုဖို့ လိုလားကြောင်းပြောပါတယ်။

၁၉၅၁ အောက်တိုဘာ ၁ ရက်နေ့မှာ ဝါလင်ဂါနဲ့ တန်နာ တို့နှစ်ယောက်သား နိုင်ငံခြားရေးဝန်ကြီး ဝိုရကန် ဘန်ချာနဲ့တွေ့တော့ ဝါလင်ဂါက ဦးဆောင်ပါတယ်။ အမှန်ကတော့ ဝိုရကန် ဘန်ချာ ဟာ ဆီးဆပ္ပလိုင်း ဖြစ်ပေါ်လာအောင်နဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်အောင် စီမံပေးခဲ့သူ တယောက်ပါပဲ။ မြန်မာနိုင်ငံရှိ တရုတ်ဖြူတပ်တွေကြောင့်နဲ့ ထိုင်းနိုင်ငံကို ကြားခံအဖြစ် အသုံးပြုပြီး အဲဒီတပ်တွေကို အမေရိကန်လုပ် လက်နက်တွေ ပို့ပေးနေတာတွေကြောင့် မတည်မငြိမ် ဖြစ်လာမှာကို ဗြိတိသျှနဲ့ အမေရိကန်တို့က စိုးရိမ်ပူပန်ကြောင်း ဝါလင်ဂါ က အဓိက ပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်လုပ် လက်နက်တွေ ဖြတ်သန်းသွားလာနေတာကို တားဆီးပေးဖို့ တောင်းဆိုလိုက်ပြီး တကယ်လို့ မြန်မာဘက်က ကုလသမဂ္ဂမှာ တင်သွင်းလာရင် ပါဝင်ပတ်သက်သူအားလုံး အရှက်ကွဲနိုင်တယ်လို့ သတိပေးထားတဲ့ ပူးတွဲအမှာစာကို ဝါလင်ဂါ နဲ့ တန်နာ က ပေးလိုက်ပါတယ်။ အခုလို လက်နက်တွေ မှောင်ခိုပို့နေတာကို မြန်မာသံအမတ်ကြီး ဦးလှမောင် မပြောခင် ခြောက်လအလိုလောက်ကတည်းက သူ့အနေနဲ့ သိခဲ့ကြောင်း၊ “သင့်တော်သလို အရေးယူမှုတွေ” လုပ်ပြီးတဲ့နောက် အခုဆိုရင် မှောင်ခိုတင်ပို့မှု မရှိတော့လောက်ဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ရုပ်တည်ကြီးနဲ့ ပြန်ပြောပါတယ်။ ဒီကိစ္စကို ဖိဘွန်း ဆီ ပြန်တင်ပြပေးမယ်လို့လည်း ကတိပေးပါတယ်။ သံကြီးတမန်ကြီး နှစ်ယောက် ပြန်တော့မယ်အလုပ်မှာ ဝိုရကန်က ဒီလို လက်နက်တွေ သယ်ပို့ပေးနေတဲ့ဟာမှာ အမေရိကန်တွေ ဝင်ပါနေတာကို တန်နာက သေချာပေါက်သတိထားမိပါလိမ့်မယ်လို့ ထပြောပါတော့တယ်။ တန်နာကတော့ ဘာမှ ခွန်းတုံ့မပြန်ခဲ့ဘူး။

ကတ်သီးကတ်သတ်နိုင်သော လုပ်ခဲ့ရတဲ့ ပူးပေါင်းတောင်းဆိုမှုကြောင့် ကုလသမဂ္ဂကို ရောက်မယ့်ဘေးမှ ကင်းဝေးခဲ့ပါတယ်။ ဝါလင်ဂါ−တန်နာ တို့နှစ်ယောက်သား ဝိုရကန်နဲ့ သွားတဲ့အကျိုးဆက်နဲ့ အမေရိကန်တို့က ထိုင်ပေကို နောက်ထပ် ဖိအားပေးမှုတွေကြောင့် မြန်မာအစိုးရက ကုလသမဂ္ဂမှာ တင်သွင်းဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီလို့ အောက်တိုဘာ ၄ ရက်နေ့မှာ စဝ်ခွန်ချို က ဗြိတိသျှတွေကို ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ သီးသန့်တွေ့ရတုန်းမှာ ဖိဘွန်းက ဝါလင်ဂါကို ပြောပါတယ်။ နယ်ချဲ့ဝါဒကို တားဆီးဖို့ အနောက်ကမ္ဘာရဲ့ မူဝါဒရဲ့ အစိတ်အပိုင်း တခုအနေနဲ့ “လျှို့ဝှက် အမေရိကန် အဖွဲ့အစည်း တခု” က တရုတ်ကွန်မြူနစ်ကို တိုက်ခိုက်ဖို့ လီမီကို ကူညီရန် တောင်းဆိုတာကို လိုက်လျောဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ လီမီ ယူနန်မှာ စစ်ရှုံးခဲ့ရတာဟာ ထောက်ပံ့ရေး အလျင်မမီတာကြောင့်ဖြစ်လို့ ကနဦး အရှုံးထွက်တာလေးနဲ့ ကြိုးပမ်းအားထုတ်မှုကြီး တခုလုံးကို မစွန့်လွှတ်သင့်ဘူးလို့ ဖိဘွန်းက ယူဆပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေဟာ အမေရိကန်တွေပေါ်မှာပဲ မူတည်နေပါတယ်။ တရုတ်ဖြူတွေအတွက် ထိုင်းနိုင်ငံကတဆင့် ထောက်ပံ့ပေးနေတာကို ဝါရှင်တန်က ကန့်ကွက်ကြောင်းကို အမေရိကန် သံမှူးကြီး တန်နာက ဝိုရကန်ကို ပြောခဲ့ကြောင်း ဝါလင်ဂါက ဖိဘွန်းကို ထပ်ဆင့် ပြန်ပြောပါတယ်။ ဖိဘွန်းကတော့ “မစ္စတာတန်နာရဲ့ လုပ်ရပ်ကို နောက်ဆုံးလုပ်ရပ် ဖြစ်လိမ့်မယ်လို့ စဉ်းစားတဲ့ပုံ မပေါ်ပါဘူး (ဒါမှမဟုတ် ဖြစ်စေချင်မှာပါ)”။ ဝါလင်ဂါကတော့ ပြဿနာကို ဆက်ရှင်းနေရင် “အမေရိကန် အဖွဲ့အစည်း နှစ်ခု [နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စီအိုင်အေ] က တယောက်တပေါက်ပြောနေတာကြောင့် သိက္ခာကျနေရတာမို့လို့” ရပ်ပစ်လိုက်ချင်ပြီ။ ဖိဘွန်းကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထက် သူ့ရဲ့ “အမေရိကန် အဖွဲ့အစည်း” ကိုပဲ ပိုယုံကြည်အားထားနေတယ်လို့ ဝါလင်ဂါက မြင်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က ဗြိတိသျှ−အမေရိကန် ပူးတွဲ တောင်းဆိုမှုကို ထိုင်းဘက်က မတုံ့ပြန်ခဲ့ပါဘူး။ ဆီးဆပ္ပလိုင်းက ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေကို လက်နက် ဆက်လက် ပို့ဆောင်ပေးဆဲဖြစ်တယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဗြိတိသျှ ထောက်လှမ်းရေးတွေက အစီရင်ခံပါတယ်။

သံတမန်အရေး ပိုမိုရှုံးနိမ့်ခြင်း
ဝါလင်ဂါနဲ့ တန်နာ ဘန်ကောက်မှာ ပူးတွဲပြီး အရေးဆိုနေတုန်းမှာပဲ ထိုင်ပေနဲ့ နယူးယောက် ကုလသမဂ္ဂရုံးက အမေရိကန် သံတမန်တွေဟာ မြန်မာနိုင်ငံ သူ့တပ်တွေ ရုပ်သိမ်းပေးဖို့ တရုတ်သမ္မတနိုင်ငံကို ဖိအားပေးနေကြပါတယ်။ ထိုင်ပေက သံမှူးကြီး ရန်ကင်ဟာ လီမီကို ထိုင်ဝမ်းဆီ ပြန်ခေါ်ဖို့နဲ့ သူ့တပ်တွေကို မြန်မာနိုင်ငံက ထွက်ခွာပြီး လက်နက်အပ် အထိန်းသိမ်းခံဖို့ တောင်းဆိုပါတယ်။ ဒီကိစ္စကို လူသိရှင်ကြား ဆွေးနွေးကြရရင် အမေရိကန်ပြည်ထောင်စုအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်လာမှာ မဟုတ်ဘူးလို့ ထိုင်ပေ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတယောက်က ရန်ကန်ကို ပါးပါးလေး ခြိမ်းခြောက်ပြီး တုံ့ပြန်ပါတယ်။

ကုလသမဂ္ဂရုံးမှာကတော့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ပေ သံအမတ်ကြီး ဒေါက်တာ ကျန်ထင်ဖူ ကို − မြန်မာနိုင်ငံက ကုလသမဂ္ဂဆီ အကူအညီတောင်းမယ့်ကိစ္စကို ဝါရှင်တန်က တားဆီးဖို့ လုပ်နေတာတွေကို ရပ်လိုက်ပြီလို့ ပြောလိုက်ပါတယ်။ လီမီရဲ့တပ်တွေ ဆုတ်ခွာဖို့ ထိုင်ပေက ထပ်မံစဉ်းစားခြင်း ရှိ မရှိ မေးတဲ့အခါ ဒေါက်တာ ကျန်က မြန်မာအစိုးရက လီမီ ပြဿနာကို ကုလသမဂ္ဂကို တင်ပြလာမယ်ဆိုရင် ပတ်သက်သူ အားလုံး (အမေရိကန် အစိုးရ အပါအဝင်) သိက္ခာကျမှာပဲလို့ ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ ပြင်သစ်အင်ဒိုချိုင်းနား တို့ဟာ ဒီတပ်တွေကို လက်ခံဖို့ ငြင်းပယ်ခဲ့တယ် ဆိုတဲ့အကြောင်း သူက အမေရိကန်တွေသိအောင် ထပ်ပြောပါတယ်။ သူတို့တပ်တွေ အနေနဲ့ အထိန်းသိမ်းခံမယ့် အစား ပြန်လည်ထွက်ခွာရှိတယ်လို့ အာမခံချက် မရှိရင် မြန်မာတွေဆီမှာလည်း လက်နက်မချချင်ဘူးလို့ ပြောပါတယ်။ လီမီရဲ့တပ်ကို လက်နက်တပ်ဆင်ပေးပြီး ယူနန်ကို ပြန်ပို့လိုက်တာက အကောင်းဆုံးပါပဲလို့ သူက ပြောပါတယ်။

သံတမန်နည်းနဲ့ စိတ်ပျက်ငြီးငွေ့ဖွယ်ရာ လွန်းထိုးနေကြတုန်း အောက်တိုဘာ ၂၇ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ရန်ကုန်က သူတို့ရဲ့ သံရုံးကို အကြောင်းကြားပါတယ်။ နိုင်ငံခြားကနေ အားပေးကူညီနေတဲ့ သောင်းကျန်းသူအုပ်စုတွေက မြန်မာနိုင်ငံ လွတ်လပ်ရေးကို ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ မြန်မာနိုင်ငံအစိုးရရဲ့ “အကူအညီရတဲ့ ခင်မင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု” ကို အမှတ်ရကြောင်း၊ ဝါရှင်တန်က မြန်မာ့ နိုင်ငံရေးနဲ့ စီးပွားရေး လုံခြုံမှုအတွက် စိုးရိမ်ကြောင်း ပြောပေးဖို့ ပါပါတယ်။ ဒီအမြင်တွေဟာ ဦးနု အတွက် ခင်မင်ရင်းနှီးမှု စိတ်ဓာတ်ကို နှိုးဆွပေးတဲ့ သံတမန် သတင်းစကားတွေပဲ ဖြစ်ပါတယ်။ အကြံဉာဏ် တောင်းလာမယ်ဆိုရင် မြန်မာအစိုးရကို ကူညီပြီး လက်နက်ကိုင်တပ်တွေကို လေ့ကျင့်ပေးကာ စိတ်ဓာတ်မြှင့်တင်ပေးရမယ်၊ ကွန်မြူနစ် မဟုတ်တဲ့ လူမျိုးစုတွေကို လိုက်လိုက်လျောလျော ဆက်ဆံဖို့ တိုက်တွန်းရမယ်လို့ ရန်ကုန်က သံရုံးဟာ ဝါရှင်တန်ကို အကြံပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ သံမှူးကြီး ဟင်နရီ ဘီ၊ ဒေး ဟာ ဝါရှင်တန်ရဲ့ သတင်းစကားကို နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုကို သွားပြောပြပါတယ်။ ရုတ်တရက် အံ့အားသင့်သွားတဲ့ စဝ်ခွန်ချိုကလည်း ဝါရှင်တန်အနေနဲ့ မြန်မာနိုင်ငံက ထိုင်ပေတပ်တွေနဲ့ အဆက်အသွယ်တွေ၊ ထောက်ပံ့မှုတွေ အကုန်လုံး ဖြတ်တောက်လိုက်နိုင်ကြောင်း ဘွင်းဘွင်းကြီးနဲ့ တဲ့တိုး ပြောချလိုက်ပါတော့တယ်။ အမေရိကန် လက်နက်တွေ တပ်ဆင်ထားတဲ့ ကူမင်တန်တွေကို မတိုက်ရဘူးဆိုရင် မြန်မာ့တပ်မတော်အနေနဲ့ ကွန်မြူနစ်နဲ့ တခြားသူပုန်အဖွဲ့တွေကို ကောင်းကောင်းတိုက်နိုင်လိမ့်မယ်လို့ စဝ်ခွန်ချိုက ပြောပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar