Breaking News

ကျော်ရင်မြင့် - မြန်ပြည်တစ်ခွင်က ချစ်ကြရတဲ့သူ



ကျော်ရင်မြင့် - မြန်ပြည်တစ်ခွင်က ချစ်ကြရတဲ့သူ
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၁

မာဇဒါ လေးဘီး အငှားကား ပြာပြာကလေးတစ်စင်းက ရန်ကုန်မြို့တော်ကြီးရဲ့ မဟာဗန္ဓုလလမ်းမပေါ်မှာ အနောက်က အရှေ့ကို ဦးတည်ပြီး မောင်းနေတယ်။ ကားကလေး ရဲ့ နောက်ခမ်းမှာတော့ စာရေးဆရာ မောင်မိုးသူနဲ့ မန္တလေးက VEC ဆရာဦးသူရအောင်ရယ် ကျွန်တော်ရယ် ထိုင်စီးလာကြတယ်။

အချိန်ကာလကတော့ စစ်အစိုးရအုပ်ချုပ်ချိန်ကာလ၊ ဆရာမောင်မိုးသူကို ထောင်ကခေတ္တလွှတ်ထားချိန်။ ၁၉၉၀ ပြည့်လွန်နှစ်တွေထဲက ရက်တစ်ရက်ပါ။

လေးဘီးကားလေးရဲ့နောက်ကကပ်လျက်မှာလည်း ဆရာမောင်မိုးသူကို စောင့်ကြည့်ဖို့ တာဝန်အပေးခံထားရတဲ့စစ်ထောက်လှမ်းရေးက မော်တော်ဆိုင်ကယ်တစ်စီးနဲ့ ထပ်ကြပ်မကွာ လိုက်လာနေတယ်။

ဆရာဦးသူရအောင်က မန္တလေးမြို့မှာ VEC ပညာ့ရိပ်သာကို တည်ထောင်ထားတယ်။ အောင်မြင်တဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းပါ။ ဆရာဦးသူရအောင်ရဲ့ရည်ရွယ်ချက်က ‘ မျက်မှောက်ခေတ် လူငယ်တွေကို မြေတောင်မြှောက်ပေးတာက အနာဂတ် မြန်မာနိုင်ငံကို ထူထောင်တာ’ လို့ ဖြစ်ပါတယ်။ ဆရာဦးသူရအောင်က မြန်မာလူငယ်တွေ နိုင်ငံတကာကို ခြေဆန့်နိုင်ဖို့အတွက် ILA ( International Language Academy) ဆိုတဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုကိုထပ်ဖွင့်ဖို့ စီစဉ်ပါတယ်။ အင်္ဂလိပ်စာကို အင်္ဂလန်က ဒေသခံ အင်္ဂ လိပ် ဆရာစစ်စစ်တွေက သင်ပြပေးတဲ့ကျောင်းပါ။ Eduksia ဆိုတဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ပြီး အင်္ဂလန်က ဆရာတွေကို ငှားတာ၊ တရားဝင်ဖွင့်ခွင့်ရဖို့ လျှောက်ထားတာတွေ ရန်ကုန်မှာလုပ်ရတယ်။

ဆရာမောင်မိုးသူက ရည်မှန်းချက်ကြီးတဲ့ ဦးသူရအောင်ကို သားအရင်းလို ချစ်တယ်။ ကူညီစောင့်ရှောက်ပါတယ်။ စာရေးသူကလည်း ဆရာဦးသူရအောင် နဲ့ ညီအစ်ကိုအရင်းလို ချစ်ခင်ရင်းနှီးတာကြောင့် တိုင်ပင်ဖော်တိုင်ပင်ဘက်အဖြစ် တပူးတွဲတွဲ အမြဲရှိပါတယ်။

အင်္ဂလန်က ဆရာတွေငှားဖို့ကိစ္စကို ရန်ကုန်မြို့ ၃၁ လမ်းက ဆရာမောင်မိုးသူရဲ့တိုက်ခန်းမှာ သုံးဦးသား ခေါင်းချင်းဆိုင်ဆွေးနွေးကြတာ နေ့လည် ၁၂ နာရီကျော်ပြီ။ ဗြိတိသျှသံရုံး British Council က အရာရှိ ဆရာဦးကျော်ထင်နဲ့တွေ့ဖို့ကိစ္စကလည်းရှိသေးတော့ လေးဘီးကားတစ်စင်းငှားစီးပြီး သုံးယောက်သား ထွက်လာခဲ့ကြတာပါ။ သုံးယောက်လုံး ဗိုက်ဆာပြီ။

ဆရာမောင်မိုးသူက သူကိုယ်တိုင်လည်း ထမင်းဆာနေပြီဆိုတော့ တာဝန်နဲ့ သူ့နောက်ကို အရိပ်လိုလိုက်နေတဲ့ စစ်ထောက်လှမ်းရေးကို“ထမင်းစားပြီးပြီလား”လို့ လှမ်းမေးလိုက်ပါတယ်။ ဆိုင်ကယ်ပေါ်က ထောက်လှမ်းရေးကလည်း ဆရာ့ကို ခေါင်းခါပြတယ်။ “ခဏနေရင် ဒို့ထမင်းစားမယ်၊ မင်းတို့လည်း ခဏနားရမှာ၊ ထမင်းစားရတာပေါ့” လို့ ပြန်ပြောလိုက်တယ်။

စာရေးဆရာမ ဂျေလှသင်က ဆရာမောင်မိုးသူကို စစ်အစိုးရက လာဖမ်းတဲ့ညက သူ့ အတွေ့အကြုံကို ဆိုရှယ်မီဒီယာမှာ ပြန်ရေးထားတာဖတ်ပြီး မှတ်သားဖူးပါတယ်။

ဆရာမ ဂျေလှသင်ရေးတာက ယခုလိုပါ…
‘၁၉၈၈ မှာ ရက်အကန့်အသတ်မရှိပိတ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းတွေကို ၁၉၉၁မှာ ပြန်ဖွင့်တယ်။ ‘၈’လေးလုံး အရေးတော်ပုံကြီးနဲ့ ပက်ပင်းတိုးခဲ့တဲ့ ကျောင်သားမှန်သမျှ ကျောင်းထဲက ရှင်းထုတ်တဲ့အနေနဲ့တစ်လ ကျောင်းပြန်တက်၊ တစ်တန်းတက်၊ နောက် သုံးလတစ်တန်း၊ ခြောက်လတစ်တန်းနဲ့အအောင်ပေး၊ ကျောင်းပြီးစေခဲ့တဲ့ လက်ပူတိုက် ပညာရေးမျိုး နဝတ ( နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်မှုကော်မတီ)၊ (ဗိုလ်ချုပ်ကြီးဟောင်း) ခင်ညွန့် (စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း) တို့လုပ်ဖူးတယ်။

၁၉၈၈ ခုမှာ ကျောင်းမပြီးသေးတဲ့ ကျွန်မ ၃၁ လမ်းထဲက သူငယ်ချင်းအိမ်မှာ စာမေးပွဲအတွက် စာအတူကျက်ဖို့ အိပ်တဲ့ညပေါ့။ ည ၁၀ နာရီလောက်ထင်ပါရဲ့၊ ၃၁ လမ်း အပေါ်ဘလောက်တစ်ခုလုံး စစ်ကားတွေနဲ့ပြည့်သွားတယ်။ တစ်လမ်းလုံးကလူတွေ အထိတ်တလန့် မရဲတရဲ ချောင်းကြည့်ကြတာပေါ့။ 

အတူချောင်းကြည့်နေတဲ့ သူငယ်ချင်းပြောလို့ ‘ ဒါရိုက်တာ မောင်မိုးသူ’ ကိုလာဖမ်းတာဆိုတာ သိလိုက်ရတယ်။ အဲ့အချိန်တုန်းကမောင်မိုးသူဆိုတာ ဘာတွေလုပ်တဲ့လူလဲ ကျွန်မ မသိပေမယ့် ဒီလိုလာဖမ်းတာကို ကြည့်ခြင်းအားဖြင့် တိုင်းပြည့် ဒီမိုကရေစီနဲ့ ပြည်သူတွေရဲ့ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူဆိုတာတော့ သေချာတယ်။’

စစ်တပ်အင်အား အမြောက်အများနဲ့ ဖမ်းဆီးခဲ့သလို ဆရာမောင်မိုးသူကိုဖမ်းပြီး ထောင်ချထားတာ စာဖတ်သူတွေသိပြီးဖြစ်ပါတယ်။ ထောင်ထဲက ပြန်လွှတ်ပေးထားတဲ့ အချိန်မှာလည်း အလွတ်မပေးပါဘူး။ ဆရာမောင်မိုးသူအိမ်ရှေ့မှာ စစ်ထောက်လှမ်းရေးက စခန်းချပြီး ဆရာ့ကို အချိန်ပြည့် စောင့်ကြည့်နေတာပါ။ ဆရာ တစ်နေရာရာသွားရင်ထောက် လှမ်းရေးတစ်ယောက်က အရိပ်လို ထပ်ကြပ်မကွာ အမြဲလိုက်ပါတာ။

စာရေးသူကိုလည်း စစ်ထောက်လှမ်းရေးက (တခါတရံမှာ) အိမ်ရှေ့လာထိုင်စောင့်ကြည့်နေတာကို ခံရဖူးပါတယ်။ သူတို့ကို ဘယ်ပုံဘယ်နည်းနဲ့မှ မနှစ်မြို့နိုင်ခဲ့ပါဘူး။ သူတို့ ကလည်း ပုန်းလျှိုးကွယ်လျှိုးမဟုတ်ဘဲ သိသာမြင်သာစွာပဲ မထီတရီစောင့်ကြည့်တာပါ။  မှန်တဲ့အတိုင်း ပြောရရင် သူတို့နဲ့ မျက်နှာချင်းဆိုင်မိချိန်ဆိုရင် ကျွန်တော့် မျက်နှာကျောတင်းပါတယ်။ စစ်ထောက်လှမ်းရေးအပေါ်ကို ဘယ်လိုမျှ မေတ္တာထားလို့ မရခဲ့ပါဘူး။

ဆရာမောင်မိုးသူကတော့ ကျွန်တော့်လိုမဟုတ်ပါဘူး။ သူ့ကို လာစောင့်ကြည့်နေတဲ့ စစ်ထောက်လှမ်းရေးကို ကျွန်တော့်လို မေတ္တာပျက်ပုံမရဘူး။ လူသားတစ်ယောက်လို့ပဲ မြင်ပုံ သဘောထားပုံရတယ်။ ထမင်းစားချိန် မစားနိုင်ဘဲ သူ့နောက် တကောက်ကောက်လိုက်နေရတာကို ကရုဏာသက်ပုံရတယ်။

ဆရာမောင်မိုးသူ မန္တလေးကိုလာတဲ့အခါ ရန်ကုန် စစ်ထောက်လှမ်းရေးက မန္တလေး စစ်ထောက်လှမ်းရေးကို လက်ပြောင်းလက်လွှဲလုပ်ပါတယ်။ မန္တလေးထောက်လှမ်းရေးက ကျွန်တော်တို့လိုပဲ ဆရာမောင်မိုးသူကို ဘူတာကြီးမှာ လာစောင့်တယ်။ ဆရာမောင်မိုးသူပါ တဲ့ကားနောက်က မောင်ရှင်လောင်းလှည့်သလို တစ်သီတစ်တန်း တောက်လျှောက် လိုက်တော့တာပါပဲ။ 

ဆရာမောင်မိုးသူက ရုံးခန်းတစ်ခန်း အိမ်တစ်အိမ်ကိုဝင်ရင် သူတို့က ရှေ့က ပေါ်ပေါ်ထင်ထင်ကားထိုးစောင့်တာ။ တစ်ခါတလေ ကျွန်တော်တို့က အကြောင်းကိစ္စရှိလို့ သွား တဲ့အခါ ဆရာမောင်မိုးသူကို ခေတ္တထားခဲ့ပြီး ပြန်ကြိုတာမျိုး မလုပ်ဘူး။ ကျွန်တော်က ဆရာ့ကို ကားပေါ်ခေါ်တယ်။
“ငါ ဒီကပဲစောင့်မယ်လေကွာ” လို့ ပြောတဲ့ဆရာ့ကို “ ဆရာပါရင် ဒီကောင်တွေရဲ့ကားက နောက်ကလျှောက်လိုက်လိမ့်မယ်။ ဒီကောင်တွေကား ဆီကုန်ပါစေ” လို့ ကျွန်တော်ပြောရင် ဆရာက အားရပါးရ ရယ်တယ်။ ဒါက ကျွန်တော့်သဘောထားမှန်ပါ။

တစ်ခါကလည်း ဆရာမောင်မိုးသူက သူ့ရဲဘော်ရဲဘက် နိုင်ငံရေးလုပ်ဖော်လုပ်ဘက်၊ ထောင်ကျဖော်ကျဘက် ရုပ်ရှင်ဒါရိုက်တာ ဦးအောင်လွင် (ဘကြီးအောင်) နဲ့ ရန်ကုန်မြို့ပြ လမ်းဘေး ပလက်ဖောင်းပေါ်က လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ပြီး လက်ဖက်ရည်သောက်နေခိုက် လူတစ်ယောက်က ပလက်ဖောင်းပေါ်လျှောက်လာတယ်။ ဆရာမောင်မိုးသူနဲ့ အကြည့်ချင်းဆုံတော့ ဆရာက " ဟေ့ကောင်၊ လက်ဖက်ရည်သောက်သွားဦး” လို့ ဖိတ်ခေါ်တယ်။ ဒီလိုခေါ်လိုက်တာကို ဘကြီးအောင်က စိတ်ဆိုးပါတယ်။ “ အဲဒီကောင်က ငါတို့ကိုဖမ်းတဲ့ ထောက်လှမ်းရေးလေကွာ၊ မင်း မမှတ်မိဘူးလား” လို့ ဘကြီးအောင်ကပြန်‌မေးတော့ ဆရာမောင်မိုးသူက မမှတ်မိဘူးလို့ပြန်ဖြေတယ်။ ကျွန်တော်ကတော့ ဆရာမောင်မိုးသူ မှတ်မိပါလိမ့်မယ်လို့ ထင်ပါတယ်။ ဘကြီးအောင် စိတ်ပြေအောင် မမှတ်မိဘူးဖြေတာ ပိုဖြစ်နိုင်ပါတယ်။

ဆရာမောင်မိုးသူကတော့ သူနဲ့ဆန်ကျင်ဘက်ဖြစ်တဲ့သူ ‘ရန်သူ’ ကိုတောင်မှ မေတ္တာထားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာမောင်မိုးသူအတွက် ဘတ်စ်ကားခကို ထောက်လှမ်းရေးက ပေးသွားတာ ဖြစ်ပါလိမ့်မယ်။ (ဒီအကြောင်း နောက်ပိုင်းမှာ ပြောပါ့မယ်။)

စစ်အစိုးရက လူကိုထောင်ကလွှတ်ပေမယ့် ကလောင်ကို ထောင်ချလေ့ရှိပါတယ်။ သူတို့ မလိုလားတဲ့ စာရေးဆရာဆိုရင် စာရေးခွင့်ပိတ်ပါတယ်။ ဆရာကြီးမင်းသုဝဏ်၊ ဆရာ မောင်မိုးသူ၊ ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်၊ ဆရာကြည်အောင်၊ ဆရာကိုလေး (အင်းဝဂုဏ်ရည်)၊….စသဖြင့် ကလောင်ထောင်ကျခဲ့သူတွေ အများကြီးပါပဲ။ 

ဆရာမောင်မိုးသူကို စာရေးခွင့်ပိတ်ပေမယ့် ဆရာက သူ့စေတနာ သူ့စာပေကို အသေမခံဘူး။ အလုပ်ကို ရနိုင်တဲ့နည်းနဲ့ ဖြစ်အောင်လုပ်တဲ့သူ ဖြစ်ပါတယ်။ ‘ဦးပေါ်တင်’၊ ‘ဘကြီး မိုး’ ဆိုတဲ့ ကလောင်အမည်တွေဟာ မောင်မိုးသူအမည်နဲ့ ရေးခွင့်မရတဲ့အချိန်တွေက စပြီးရေးတဲ့ ကလောင်ခွဲတွေပါ။

ဓနစီးပွားရေးမဂ္ဂဇင်းမှာ ဆရာမောင်ပေါ်ထွန်းနဲ့အတူ ဆရာမောင်မိုးသူ အယ်ဒီတာလုပ်ပါတယ်။ ‘မောင်မိုးသူ’ လုပ်ခွင့်မသာတဲ့အချိန်မှာ ဆရာ့အမည်ရင်း ‘ ဦးစိန်မြင့်’ အမည်ကိုသုံးပြီး ဓနမဂ္ဂဇင်း အယ်ဒီတာအဖြစ် (ထောင်က အပြင်နေခွင့်ရချိန်တွေမှာ) လုပ်ပါတယ်။ ဓနမဂ္ဂဇင်းတွေက မှတ်တမ်းအဖြစ် ကျန်ရှိနေကြတယ်။ 

ကျွန်တော်က ဆရာမောင်မိုးသူရဲ့ကျေးဇူးကြောင့် ဓနမဂ္ဂဇင်းကို ရောက်လာရသူပါ။  ကျွန်တော်စာတွေ များများရေးဖြစ်သွားတာဆရာ့သွန်သင်မှု အားပေးမှုကြောင့်ဖြစ်တယ်။ ဆရာကအယ်ဒီတာ၊ ကျွန်တော့်ကို ရေးစရာတာဝန်ပေးရပါတယ်။ ဓနမဂ္ဂဇင်းမှာ မျက်နှာဖုံးဆောင်းပါးတွေ အမြောက်အများကို ကျွန်တော်ရေးခွင့်ရခဲ့တယ်။ 

မှတ်မှတ်ရရ ၁၉၉၄ ခုနှစ်က မန္တလေး ကျုံးဘေးလမ်းတွေချဲ့လို့ အိမ်တွေဖျက်ရပါတယ်။ ကျွန်တော့်မိဘအိမ်က ကျုံးဘေးကပ်လျက်ဖို့ အိမ်ဖျက်ရတယ်။ ဖြိုချထားတဲ့ အိမ်ပျက်ကြီးထဲမှာ ကျွန်တော့်မိခင် ကွယ်လွန်ပါတယ်။ ကျွန်တော့်အိမ်က မိဘအိမ်ရဲ့ နောက်ကျောကပ်လျက်ပါ။ အိမ် မဖျက်ရပေမယ့် ဖျက်ရတဲ့မိဘအိမ်က တစ်အိမ်လုံး ကျွန်တော်တို့အိမ်ထဲမှာ လာနေရပါတယ်။ အိမ်ကျဉ်းကျဉ်း၊ ပစ္စည်းတွေ လူတွေနဲ့အပြည့်ပါ။ 

ဒီကာလမှာ ကျွန်တော်က ဓနမဂ္ဂဇင်းအတွက် မျက်နှာဖုံးဆောင်းပါးရေးဖို့ တာဝန်ကျတယ်။ မန္တလေး ကုန်စည်ဒိုင်အကြောင်းပါ။ အင်တာဗျူးတွေလုပ်၊ အချက်အလက်တွေ စုဆောင်းပြီးပြီ။ အသံဖမ်းထားတဲ့ အင်တာဗျူးတွေကို တိတ်ခွေတွေ ပြန်ဖွင့်ပြီး စာရွက်ပေါ် ချရေးရမယ်။ ပြီးရင် စုစည်းပြီး အချက်အလက်ထုတ်ကာ စာရေးရမယ်။ အိမ်မှာ အလုပ်ထိုင်လုပ်ဖို့ နေရာမရှိသလို မြင်ကွင်းကလည်း စိတ်ချမ်းသာစရာ တစ်ကွက်မျှ မရှိပါဘူး။ စာရေးလို့ မရဘူး။

စာရေးလို့ရလိုရငြား ကျွန်တော့်အိမ်နဲ့ သိပ်မဝေးတဲ့ ကုသိုလ်တော်ဘုရားပရဝုဏ်ထဲ သွားပါတယ်။ ကုသိုလ်တော်ဘုရားဆိုတာ မင်းတုန်းမင်းကြီးက ပိဋကတ်တော်တွေကို ကျောက်စာထိုးပြီး လှူခဲ့တဲ့ဘုရားပါ။ ခရေပင်ကြီးတွေ အရိပ်အောက်က ကျောက်စာရုံကြားဟာ စာရေးမယ်ဆိုရင် ရေးလို့ ကောင်းနိုင်တဲ့နေရာပါ။ ဒါပေမယ့် အာရုံမရဘူး။ ကျောက်စာရုံတွေကြားက သမီးရည်းစားစုံတွဲတွေ ချိန်းတွေ့ကြတဲ့ နေရာဖြစ်လို့ အတွဲတွေ အတွဲချောင်း တဲ့သူတွေနဲ့ တရုန်းရုန်းပါပဲ။ ကျွန်တော်လည်း လက်မြှောက်အရှုံးပေးပြီးပြန်ခဲ့ရတယ်။ နောက်ဆုံးတော့ စစ်ကိုင်းက တည်းခိုခန်းတစ်ခုမှာ သွားပြီးစာရေးမှ တာဝန်ကျတဲ့ မျက်နှာဖုံးဆောင်းပါး အောင်မြင်စွာပြီးသွားပါတယ်။

ဓနမဂ္ဂဇင်းထွက်လာတော့ အယ်ဒီတာ ဆရာမောင်မိုးသူက ‘မင်းဆောင်းပါး၊ မကောင်းဘူးကွ” လို့ မှတ်ချက်ပေးပါတယ်။ ကျွန်တော်ကတော့ ကျုံးဘေးလမ်းချဲ့လို့ အိမ်တွေ ဖျက်ရတာ၊ စိတ်ဆင်းရဲရတာ၊ စာရေးဖို့ နေရာကောင်းကောင်းမရှိတာတွေ ဆရာ့ကိုပြောပြတယ်။ ဆရာပြန်ပြောတဲ့ စကားတစ်ခွန်းကို ကျွန်တော် တစ်သက်စွဲပါတယ်။ “စာဖတ်သူကတော့ စာရေးသူရဲ့ အခက်အခဲတွေ ဒုက္ခတွေကို မသိဘူးကွ။ သူဖတ်ရတဲ့စာ ကောင်းဖို့ပဲ။  စာရေးသူကတော့ ဘယ်လောက်ခက်ခဲခက်ခဲ ဘယ်လောက်ဒုက္ခတွေ့တွေ့ စာဖတ်သူအတွက် အကောင်းဆုံးစာတွေ ရေးဖို့တာဝန်ရှိတယ်”။

ဆရာမောင်မိုးသူက ဓနမဂ္ဂဇင်း အယ်ဒီတာ စားပွဲမှာထိုင်ပါတယ်။ မဂ္ဂဇင်းတိုက်က လမ်းမတော် (၈) လမ်းမှာရှိတယ်။ တစ်ရက်မှာတော့ အနော်ရထာလမ်း၊ ဘားလမ်းမှတ်တိုင်ကနေ ဓနမဂ္ဂဇင်းတိုက်ကို သွားဖို့ ကျွန်တော်တို့ ဘတ်စကားစီးကြတယ်။ ထုံးစံအတိုင်းပါပဲ၊ ဆရာမောင်မိုးသူနောက်မှာ စစ်ထောက်လှမ်းရေးက အရိပ်ပမာ မခွဲမကွာ ပါလာတယ်။ 

ဘတ်စကားပေါ်ကို ဆရာမောင်မိုးသူက ရှေ့ကတက်တယ်။ ဆရာ့နောက်က ကျွန်တော်၊ ကျွန်တော့်နောက်က စစ်ထောက်လှမ်းရေး တက်ကြပါတယ်။ ကားစထွက်တော့ စစ်ထောက်လှမ်းရေးက “သုံးယောက်” လို့ ပြောပြီး ကျွန်တော်နဲ့ ဆရာမောင်မိုးသူအတွက်ပါ ဘတ်စ်ကားခပေးတယ်။
အဖြစ်အပျက်က ရိုးရိုးလေးပဲ။ ဒါပေမယ့် ‘အဲဒါ မောင်မိုးသူ’ ပါပဲ။

ဆရာမောင်မိုးသူက သူ့နောက်တကောက်ကောက်လိုက်နေတဲ့ စစ်ထောက်လှမ်းရေးကို ထမင်းစားချိန်တန်လို့ မစားရသေးရင် ကြောင့်ကြစိုက်တယ်။

စစ်ထောက်လှမ်းရေးကိုတောင်မှ မေတ္တာထားနိုင်သေးတဲ့ ဆရာမောင်မိုးသူဟာ အခြား အခြားသော မြန်မာပြည်သူလူထုအပေါ်မှာ ဘယ်လောက် မေတ္တာထားမယ်၊ ဘယ်လိုဆက်ဆံမယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြ ခံစားကြရပါတယ်။

ဆရာမောင်မိုးသူကို မြန်မာနိုင်ငံ ပြည်သူလူထုက ချစ်ကြတာ ချစ်ထိုက်တဲ့သူမို့ပါပဲ။

ကျော်ရင်မြင့်
စက်တင်ဘာ (၃) ရက်၊ ၂၀၂၁ ခုနှစ်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar