သန်းထိုက်(မြန်မာစာ) - ''ကိုဗစ်၊ ဒီမိုကရေစီအရေးတော်ပုံတိုက်ပွဲနှင့် အလင်းအမှောင် အရောင်များ''
သန်းထိုက်(မြန်မာစာ)
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၁
၁၉၉၀ ဝန်းကျင်လောက်က ကိုမင်းဝေအောင်နဲ့ ပြပွဲတခုတွင် ဆုံဖြစ် စကားပြောဖြစ်ကြသည်။ သူက NEW Treasure ပြခန်းကို ရွှေတောင်ကြားမှာ ဖွင့်လှစ်ထားသည်။
' ကောင်းတာပေါ့ ... ပြခန်းဖွင့်ထားတော့ ... ပြခန်းဖိတ်စာ ကို ကိုယ်ကိုတိုင်လုပ်လို့ရပြီပေါ့ ...'
အဲသည်အချိန်က ကွန်ပျူတာပေါ်ခါစ ... ပြပွဲဖိတ်စာကို ကွန်ပျူတာပညာရှင်ဒီဇိုင်းနာကိုအပ် ပုံနှိပ်စက်ကို ပို့ကြရသည်။ သည်အတွက် မိမိက သူ့မှာ ပြခန်းလည်းရှိ... ကွန်ပျူတာလည်းဝယ်ထားသဖြင့် တိုက်တွန်းလိုက်ခြင်းပါ။
လာလည်ဖို့ ဒီဇိုင်းအလုပ်တွေကူညီဖို့သူကပြောတော့ ....
သူ့ညီဇော်ဇော်ထွန်းက ကွန်ပျူတာ စသုံးနေသည့်အချိန် ... ရောက်သွားသည်။
New Treasure ပြခန်းဖိတ်စာကို ဇော်ဇော်ထွန်းနှင့်ဝိုင်းလုပ်ကာ အော့ဖ်ဆက်(ပုံနှိပ်စက်) ပို့ကြသည်။
အမေရိကန်မှပြခန်းပိုင်ရှင် Art Dealer တဦးက သူ့ဆီ ပန်းချီကားများကိုပို့ပေးဖို့စာလာသည်။ ကိုမင်းဝေအောင်က သူ့ပြခန်းအဖွဲ့ဝင်ပန်းချီဆရာတို့၏ ကားများနှင့် မိမိပန်းချီကားများကိုလည်း ပို့ပေးလိုက်သည်။
ထိုအမေရိကန်ပြခန်းပိုင်ရှင်က မကြာမီ စာပြန်လာသည်။ သူဆက်သွယ်သော ပန်းချီဆရာများမှ ကြိုက်သည့်ကားကို မှာယူမိသော်လည်း တချို့ပို့သည့် အီးမေးကပုံနှင့် ရောက်ရှိလာသည့်ကားကပုံများက အရောင်အသွေး Tone၊ ပုံအရောင်ကွာဟမှု Color Level ကွဲလွန်းသည်။ သူ မြန်မာပြည်ကိုလာပြီးကြည့်ရှုရွေးချယ်မည် ဆိုသည်။ ကွန်ပျူတာပေါ်ခါစ ပန်းချီကားကို မူရင်းမြင်သည့်အတိုင်းချိန်ဆလုပ်ဖို့ခက်ခဲသည်ဆိုရမည်။ ဝယ်ယူမည့်သူက မမှားဟုသာဆိုရမှာပါ။
ဆရာသြနေသည့်အနား IBC ခန်းမမှာ အကိုကြီးဆရာကိုမြင့်စိုးကလည်း ပြပွဲလုပ်ပြသရင်း သူ့ကိုကြိုကြမည်ဟု ကြားလိုက်သေးသည်။
ကံကမကောင်းခဲ့။
သူတို့ အမေရိကန်မှာ စစ်ဖြစ်နေပြီ။ သူမလာနိုင်တော့ကြောင်း ပြခန်းပိုင်ရှင်က စာပို့လာသည်။
ရှုမဝတိုက်ရောက်တော့ ...
ဆရာမောင်ဆွေတင့်က ... ရေဒီယိုဖွင့်ကာ ... BBC သတင်းကို နားထောင်နေသည်။
' အီရတ်ကို အမေရိကန်သမ္မတက ပင်လယ်ကွေ့စစ်ဆင်နွဲဖို့ သတင်းကြေညာပြီ ... ...'
အမေရိကန်စစ်ဖြစ်တော့ နိုင်ငံသူနိုင်ငံသားများ၊ လူမှုရေး၊ စားဝတ်နေရေးတို့အတွက် စိုးရိမ်ကြသည်ဖြစ်မည် ထင်ပါသည်။
၁၉၈၈ နောက်ပိုင်း တရက်မှာ GV ပြခန်းရောက်တော့ ကိုမြင့်လွင်နှင့် စကားပြောဖြစ်သည်။
သူ့ဆီ ဆရာကြီးဦးငွေကိုင်သမီးက ဆရာကြီးလက်ရာပန်းချီကား ရောင်းချင်ကြောင်းပြောပြီး ပန်းချီကားကို ယူလာကြသည်။
ပန်းချီကားတွေက အရောင်းအဝယ်ကောင်းလာတာကြောင့် ...ဆရာကြီးလက်ရာတွေက တန်ဖိုးများစွာ ဖြစ်နေပြီ။ သူ့မိသားစုက ငွေပိုစုဆောင်းချင်လို့လား တွေးမိသည်။
ယူလာသည့်ပုံက ...'ဆရာကြီးရေးထားသည့် ဆရာကြီးကတော်ပုံ ပန်းချီကား ...'
ဆရာကြီး၏သမီးအကြီးက ...
'ငွေကြေးအခက်အခဲဖြစ်နေ၍ ရောင်းချင်ကြောင်း' ပြောသည်။
ကိုမြင့်လွင်က ပြခန်းမှာထားခဲ့ဖို့ ပြောကာ လက်ခံလိုက်သည်။
ကိုမြင့်လွင်က ပြန်ပြောပြရင်း ... စိတ်မကောင်းစွာ ဆက်ပြောသည်။
သူတို့ပြန်ခါနီးတွင် သမီးအကြီးက ပါလာသူများကို ...
' ကဲ ...အမေ့ကိုထိုင်ကန်တော့ကြရအောင် ...' ပြောရင်း ဆရာကြီးကတော်ပုံရှေ့မှာ ရိုကျိုးစွာထိုင်ကြကာ ဆရာကြီးကတော်ကို ပြားပြားဝပ် ရည်မှန်းကန်တော့ကြလေသည်။
ဆရာလွန်းပြောသလို မြန်မာ့ပန်းချီဆရာကြီးများ သက်ရှင်ရုန်းကန်ဖို့ ခက်ခဲလွန်းလှသည်ကို ပြန်စဉ်းစားမိလာကာ ...
ဆရာကြီးဦးငွေကိုင်တို့၏သားသမီးများလည်း အိမ်မှာ အဖေရေးဆွဲထားသည့်အမေ့ပုံကို အမြတ်တနိုးဦးထိပ်ထားရမည့်အစား ဘဝကိုဆက်လက်ရှင်သန်ရုန်းကန်ဖို့ ကြိုးစားနေကြရသည်ကိုကြားရတော့ ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့။
သည်အခါက ၁၉၈၈ နောက်ပိုင်း ဒီမိုကရေစီကူးပြောင်းချိန်ပြည်သူတွေ အားလုံး ကျပ်တည်းလှသည့်အချိန်များ ... ...။
ဆရာကြီးပုံကို ရေးချင်တော့ ပုံရှာမရ။ သူငယ်ချင်းပန်းချီကိုမျိုးကျော်က ပုံတွေ့ ပို့ပေးတော့ ရေးဖြစ်သည်။
အနုပညာမြတ်နိုးသူ ကိုမောင်မောင်ပြုံးက ကြိုက်သည်ပြောသည်။ မိမိကို တူသားညီငယ်လိုချစ်သော 'ဆရာ ကြီး(ကြီးမြင့်စော) က သူ့ကိုစုဆောင်းဖို့ ...
' ကိုမောင်မောင်ပြုံး.. အဲ့တာသူ့ရေးချက်ပဲ၊ ကောင်းတယ်၊ ဝယ်လိုက်ပါလား။ ရောင်းမရောင်းမေးကြည့်ဦးနော်။ သူကအရောင်းအဝယ် သိပ်စိတ်ဝင်စားတာမဟုတ်ဘူး' ဟု... တိုက်တွန်းသည်။
ကိုဗစ် ... ကိုစစ်ဒဏ်တွေနဲ့ ...။
ရန်ကုန်မရောက်တာကြာပြီ။ အနုပညာနယ် ...အပေါင်းအသင်းတွေနဲ့ .. ဝေးလှပေါ့။
ကိုမောင်မောင်ပြုံးက မိမိလက်ရာတွေကို ... အပြင်မှာ သိပ်မတွေ့ဖူး။
မိမိက အရင်က ဆီဆေးရေးဖူးပေမယ့် ... နောက်ပိုင်း အခရိုင်းလစ်ဆေးကို သုံးဖြစ်သည်။ အခရိုင်းလစ်ဆေးကို ဆေးသားအထူအားနည်းသည်ဆိုကာ ဆရာသြက မကြိုက်။
မိမိက အခရိုင်းလစ်ဆေးကိုဆေးသားကို မီဒီယံနှင့် ရေပါးပါးလေးဖြန်းကာရေးတော့ ...
ဆရာက ...'အင်း ... ခင်ဗျားရေးပုံက ...' ကားပြီးသွားရင် ...ဆေးတွေက နှပ်ချေးတွေကပ်သလိုဖြစ်နေမှာ ...' ပြောအပြီး ...
သူက တဟားဟားနှင့် ရယ်မောနေပါလေတော့သည်။
ကိုပြုံးလည်း သူ့ကိုပို့လိုက်သော မိမိရေးသည့်ဆရာကြီးပုံတူ Messenger ပုံနှင့် ကြည့်ထားပြီး ရလာသည့်ပုံတွေ့ခါမှ ကိုမင်းဝေအောင်ကို ဆက်သွယ်သည့် အမေရိကန်စုဆောင်းသူပြောသလို အရောင်တွေ အလင်းအမှောင်တလွဲတွေဖြစ်နေပြီလား။ ဆရာသြပြောသလို ခံစားနေရပြီလား ...
နယ်ကိုရောက် ၊... ဆေး... ပိတ်ရှာမရလို့ သူ့ကို ပို့ပေးဖို့မှာလိုက်သော ပန်းချီပစ္စည်းများ ... ရှာမရ ... ပြတ်လပ်ကုန်ပြီလား ... ...။
ယခုလည်း ၁၉၈၈ နှောင်းပိုင်းအချိန်ကလို အနုပညာရှင်၊ အတတ်ပညာရှင်များနှင့်မြန်မာပြည်သူပြည်သားများ " ၂၀၂၁ ဒီမိုကရေစီ 'စစ်' "နှင့် ...
ဆင်းရဲကျပ်တည်းလွန်းလှပြီ။
မြန်မာပြည်သူပြည်သားအားလုံး ...
ကျန်းမာ ... ချမ်းသာကြပါစေ .... ... ...
သန်းထိုက်(မြန်မာစာ)
Artist: Than Htaik.Burmese
Title: Myanmar Master Artist U Ngwe Gaing
Medium: Acrylic
Size: 18x14in
Collector: Ko Maung Maung Pyone
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar