စိမ်းစို - ၃၃ နှစ်သား အင်အယ်ဒီ
၃၃ နှစ်သား အင်အယ်ဒီ
စိမ်းစို
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၁
ဒီနေ့မနက် Facebook ကို ဖွင့်လိုက်တော့ အင်အယ်ဒီ ဟု ကျွန်တော်တို့အလွယ်ခေါ်ကြသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းတည်ထောင်တာ ၃၃ နှစ် ပြည့်ပြီဖြစ်ကြောင်းရေးသားထားကြသည့်စာစုများကို ကျွန်တော်တွေ့ရပါသည်။
တကယ်က လူတစ်ယောက်ဆိုလျှင် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့်လူတစ်ယောက်သည် ကောင်းစွာလူလား မြောက်ရုံမက အိမ်ထောင်ပွားစည်း သားတွေသမီးတွေနှင့်ပင် ဖြစ်နေလောက်ပြီဟု ပြောလို့ရမည် ဖြစ်ပါသည်။
ပါတီတစ်ရပ်အနေ နှင့်ဆိုလျှင်တော့ ဒီမိုကရေစီစနစ်ကျင့်သုံးသောနိုင်ငံကြီးများမှ ပါတီများနှင့်ယှဉ်လျှင် ၃၃ နှစ်ဆိုသည့်သက်တမ်းသည် နုနယ်သေးသည် ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ကဲ့သို့ ဒီမိုကရေစီစနစ်ကျင့်သုံးရန် ဝိုင်းဝန်းကြိုးပမ်းနေကြဆဲဖြစ်သည့် နုနုနယ်နယ် နိုင်ငံကလေးတစ်နိုင်ငံအတွက်တော့ ၃၃နှစ် သက်တမ်းရှိပြီဖြစ်သည့်နိုင်ငံရေးပါတီဟူသည် အတန်အသင့် ရင့်ကျက်ပြီဟု ဆိုရမှာပဲ ဖြစ်ပါသည်။
ခက်ထန်သော နိုင်ငံရေးမုန်တိုင်းကိုချည်းဖြတ်သန်းခဲ့ရသည့်အင်အယ်ဒီအတွက်တော့ ၃၃ နှစ်ဟူသည် ကောင်းကောင်းကြီး ရင့်ကျက်ဖို့လုံလောက်သောအချိန်ကာလပင် ဖြစ်ပါသည်။
……………………….. ………………………… …………………………
မသေးငယ်လှသော ပမာဏဖြစ်သည့် နှစ်ပေါင်း ၃၃နှစ် တာ ကာလ ကို ဖြတ်သန်းပြီးနောက် အင်အယ်ဒီ ပါတီကို ကြည့်လိုက်သောအခါ ပါတီ၏ထိပ်ပိုင်းခေါင်းဆောင်များ အားလုံးလိုလို အဖမ်းခံနေရပြီး တရားခွင်တွင် စွပ်စွဲခံနေရသော အမှုအသီးသီးကို ရင်ဆိုင်နေကြရပါသည်။
ပါတီ၏ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အားလုံးလိုလို တိမ်းရှောင် နေကြရပါသည်။ အချို့မှာ NUG ဟု အတိုကောက်ခေါ်ဝေါ်နေကြသည့် ‘အမျိုးသားညီညွတ်ရေး အစိုးရ’ ၏အဖွဲ့ဝင်များအဖြစ် စစ်အာဏာရှင် စနစ် အား ဖြုတ်ချရန် ဝင်ရောက် တာဝန်ထမ်းဆောင် နေကြရပါသည်။
အောက်ခြေပါတီဝင် အချို့မှာမူ ဖမ်းဆီးခံရခြင်းမှသည် သတ်ဖြတ်ခံရခြင်း အထိ ရင်ဆိုင်ကြုံတွေ့ နေကြရပါသည်။
ဖြတ်သန်းခဲ့သော ၃၃ နှစ်တာကာလအပိုင်းအခြားအတွင်း ဤအချိန်သည် အင်အယ်ဒီပါတီအတွက် အမှောင် မိုက်ဆုံးအချိန်ဖြစ်သည်ဟုဆိုမည်ဆိုလျှင် ဆို၍ရနိုင်မည် ထင်ပါသည်။
ထိုအခါ အတိတ် ကို ကျွန်တော် ပြန်လည် ငဲ့စောင်း ကြည့်မိပါသည်။
……………………………. …………………………. ………………………..
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက် နေ့တွင် အင်အယ်ဒီ ပါတီ စတင် တည်ထောင် ဖွဲ့စည်းပြီး နောက်ပိုင်း အချိန်ကာလ အနည်းငယ် အတွင်းတွင်ပင် အင်အယ်ဒီ သည် နိုင်ငံရေး လောကဓံ အပြားပြား ကို ရင်ဆိုင် တွေ့ ကြုံ ဖြတ်သန်းရပါသည်။
ပါတီ၏ခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နုနယ်သေးသောပါတီသက်တမ်း တလျှောက်လုံးလိုလိုမှာပင် နေအိမ်အကျယ်ချုပ်ဘဝဖြင့် အချိန်ကုန်လွန်ခဲ့ ရပါသည်။
ပါတီ၏ဆိုင်းဘုတ်များမှာ မကြာခဏ ဖြုတ်ချခံခဲ့ရပါသည်။ အမျိုးသားသစ္စာဖောက်မှအစပြု၍ ပြည်ပအားကိုး ပုဆိန်ရိုးအလယ် တိုင်းဆူပြည်ဖျက် ဘာသာသာသနာဖျက် အစရှိသဖြင့် အထွေထွေ အထူးထူးသော ဂုဏ်ထူးဝိသေသများကို အလျဉ်မပြတ် ချီးမြှင့်ခံခဲ့ရပါသည်။
စစ်ကြောရေးစခန်းများနှင့် နရသိန်အကျဉ်းထောင်များသည် အင်အယ်ဒီပါတီဝင်များအတွက် အိမ်ဦးနှင့် ကြမ်း ပြင်သဖွယ် ဖြစ်ခဲ့ရပါသည်။ ဘဝကိုစွန့် အသက်ကိုစွန့် ခဲ့ကြရသည့်အပြင် လူမှုအဝန်းအဝိုင်းမှ ရည်ရွယ်ချက်ရှိရှိ ဖယ်ကျဉ်ခံခဲ့ကြရပါသည်။ ပညာရေးမှအစ အလုပ်အကိုင်အဆုံး ဆုံးရှုံးနစ်နာမှုတွေနှင့်ချည်း ကြုံတွေ့ခဲ့ကြရပါသည်။
အတင်းအကြပ် စီစဉ်ဖန်တီးထားသော လူထုစည်းဝေးပွဲကြီးများတွင် ဆန့်ကျင်ရှုတ်ချခံခဲ့ရပါသည်။ ဖိအားပေးခံရသောကြောင့် ပါတီဝင်များ ပါတီမှ အစုလိုက်အပြုံလိုက် နှုတ်ထွက်ခဲ့ရသောနေ့ရက်တွေကိုပါ ကြုံခဲ့ရပါ သည်။
‘ဒီမိုကရေစီဝါဒသာလျှင် လွတ်လပ်ရေးနှင့်ဆီလျော်သည်’ ဟူသော ဗိုလ်ချုပ်အောင်ဆန်း၏သြဝါဒကိုရေးထိုးထားသည့်ဆိုင်းဘုတ်ကြီးသည် ချုံနွယ်ပိတ်ပေါင်းတွေနှင့်ဖုံးအုပ်နေသော ဒေါ်အောင်ဆန်းစုကြည် ၏ခြံ တနံတလျားတွင် တစ်ပိုင်းတစ်စ နစ်မြုပ်နေခဲ့ပါသည်။
အနောက်ရွှေဂုံတိုင် လမ်းမပေါ်တွင်ရှိသော ပါတီ၏ဌာနချုပ်သည် အစဉ်အမြဲလိုလို သော့ခတ်ထားလျက် ရှိသည်ကိုသာ တွေ့နေရပါသည်။
အပိတ်သိမ်းမခံရဘဲ ကျန်ရှိသည့် အမြို့မြို့အနယ်နယ် တွင် ဖွင့်လှစ်ထားသော ပါတီ၏ရုံးခွဲ များ ရှေ့တွင် တည်းတည်းကလေးချိတ်ထားသည့် ပါတီအမည် ဆိုင်းဘုတ်သည် နှစ်ကာလတွေ၏ တိုက်စားမှုကြောင့် အရောင်လွင့်ပျယ် နေပါသည်။
ဥပဒေဘောင် အတွင်း တရားဝင် တည်ရှိနေသော ပါတီ တစ်ရပ် အတွက်တော့ ကမ္ဘာ နှင့် ချီ၍ပါ အံ့မခန်း စံချိန်တင်ရလောက်သည့် ဖိနှိပ်မှုများ ဖြစ်ပါသည်။
လူထုထောက်ခံမှု အနေ ဖြင့်ကား ပါတီ စတင် ဖွဲ့စည်း စဉ် မှစ၍ ယနေ့အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ရွေး ကောက်ပွဲ များတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိသည်အထိ ကမ္ဘာနှင့်ချီ၍ပါ အံ့မခန်း စံချိန်တင်ရလောက်သည့် ထောက်ခံမှု ကို ရယူပိုင်ဆိုင် နိုင်ခဲ့ပါသည်။
…………………………….. …………………………. ……………………………..
အစိုးရ စစ်ကြောရေးစခန်းများ တွင်လည်းကောင်း၊ အကျဉ်းထောင် များထဲတွင်လည်းကောင်း ညှင်းပန်းနှိပ် စက်ခံရမှုကြောင့် လူစဉ်မမီ၊ စိတ်စဉ်မမီရုံမက အသက်ပါ ဆုံးသွားခဲ့ကြရသည့် မြန်မာနိုင်ငံ၏နိုင်ငံရေး အကျဉ်း သားများစာရင်းတွင် အင်အယ်ဒီပါတီဝင်များ အစဉ်တစိုက် ပါရှိခဲ့ပါသည်။
ထိုမျှမက ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန်ကြိုးစားသည့် ပါတီ၏စည်းရုံးရေးခရီးစဉ်တစ်ခုအတွင်း အင်အယ်ဒီပါတီဝင်အမြောက်အများ လမ်းပေါ်တွင် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရပါသည်။
ယခုသော်ကား ယခင်ကမရခဲ့ဖူးသော ဆုတံဆိပ် ဖြစ်သည့် ‘အကြမ်းဖက်’ ဟူသော ဘွဲ့ထူးကိုပါ အင်အယ်ဒီ သည် ထပ်မံရရှိနေပြန်ပြီ ဖြစ်ပါသည်။
ဖြတ်သန်းခဲ့ရသည့် ၃၃ နှစ်တာကာလအတွင်း ဥပါပျံသလို ခဏကလေး လေးငါးနှစ်မျှ နိုင်ငံရေးအာဏာတစ်စိတ်တစ်ပိုင်းကိုင်တွယ်ရယူနိုင်ခဲ့ခြင်းကလွဲ၍ အင်အယ်ဒီ ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေးခရီးလမ်းသည် ခဲခက်လှသောခရီးကြမ်း ဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ် ကြီး ဖြစ်ပွားကာစတွင် ဗြိတိန်နိုင်ငံအား ဦးဆောင်ဦးရွက်ပြုခဲ့သည့် ဝင်စတန်ချာချီက သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့် ရပြီးပြီးချင်း နောင်တွင် ကမ္ဘာကျော်မည့် မိန့်ခွန်းတစ်ခုကို ဗြိတိန်လူထုသို့ ပြောကြားခဲ့ပါသည်။
ထိုမိန့်ခွန်းမှာ “ကျွန်တော်ကတော့ တိုင်းပြည်ကို ဘာမှ မပေးနိုင်ပါဘူး၊ အပြင်းအထန်အားထုတ်ကြိုးပမ်းရခြင်း နဲ့တကွ သွေး၊ချွေး၊ မျက်ရည်တွေကိုပဲ ပေးနိုင်ပါလိမ့်မယ်’ ဟူ၍ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က အင်အယ်ဒီ ပါတီဝင်တွေကိုပေးနိုင်သောအရာတွေကလည်း ချာချီ ၏မိန့်ခွန်း နှင့် အလားတူ သာ ဖြစ်ပုံရပါသည်။ ။
စိမ်းစို
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar