Breaking News

မောင်စွမ်းရည် - ငါးကြော် ပန်းကန်ဖိတ်



မောင်စွမ်းရည် - ငါးကြော် ပန်းကန်ဖိတ်

(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၁


ဇရာက လေးတာကြောင့်

ကဗျာ မတွေးဖြစ် မရေးဖြစ်တာ

ကြာပေါ့။

 

ကဗျာ မစပ်ပေမဲ့၊

စာတော့ အငတ်သား၊၊

ဖတ်စရာ ကဗျာဖြစ်ဖြစ် ဘာဖြစ်ဖြစ်

အသစ်မဟုတ်တောင်

အစစ်တအုပ်တော့

ဖတ်ချင်သား၊၊

 

ကဗျာရေးရင်တော့

အညာ အတွေးက၊

အဆာတွေနဲ့ လေးပြီး ရိုးသနဲ့၊

ကျေးလက်ဆန်ဆန်၊

ရှေးအဆက်ဟန်က ရေးကွက်မကျန်

ရေးလက်မသန်တော့ဘူး ဆိုသကိုး။

 

မြို့ပြ ဆိုပြန်တော့၊

ဒို့က တောသား၊

ကျေးလက်က ဘေးမတက်ရဲဘူး

အဝေးလဲ မထွက်ရဲဘူး။

 

မင်းသုဝဏ်လို တွေး၊ တင်မိုးလိုပဲ ရေး၊

ကျေးငှက်နဲ့ သာရကာ၊

တမာ နဲ့ ထနောင်း ကညင်

ခပေါင်းပင်၊၊

 

အောင်ခြိမ့်တို့ အောင်ဝေးတို့

ကောင်လေးတွေ ရေးသလို

ကားပြေးတဲ့ ကတ္တရာမှာ

နွားခြေရာမချပါရစေနဲ့၊၊

 

ဒီလိုဆိုပြန်တော့….

သူတို့လို မတွေးတတ်သမို့

သူတို့လို 
မရေး မစပ်နိုင်ဘူးပေါ့။

 

ကိုဗစ်အချုပ်ခန်းမှာ၊

အဆန်းထွင်လို့လဲ မရ။

မွန်းကြပ်ပြီး

ဘုရားကို ပန်းကလေးကပ်ဖို့တောင်

ပန်းဈေးကို မရောက်လို့

လမ်းဘေးမှာ ပေါက်တဲ့

 သစ်ကိုင်းကိုချိုး

ဘုရားအိုး ထိုးရတယ်၊၊

 

ဘုရားရှေ့ ဒူးတုပ်၊

(ပန်း အစစ် မဟုတ်ပေမဲ့)

"ဣမံ ပုပ္ဖံ -ဤပန်းကိုတဲ့၊၊

 

စာရေးတော့သာ

စကားပြောသလို ရေးတာ၊

ဘုရားရှိခိုးတော့ အပြောမပါရ၊

ပေါရာန နဲ့ သြကာသပါ ဘုရားတဲ့၊၊

အသက်က ကိုးဆယ်တန်းမှ

တမျိုး တမယ် ဆန်းချင်လို့ ရမလား၊၊

 

မော်ဒန်တွေ ၊ တော်လှန်တွေ

လျော်ကန်၏၊ မလျော်ကန်၏

အညှော်ခံ ကြည့်မနေနဲ့တော့၊

ကလေးပြော ပြောလိုက်မယ်၊

ငါးကြော်ပန်းကန် ဖိတ်၊ရ

ဟဲ့  တော်  တန်  တိတ် ၊၊

 

မောင်စွမ်းရည်

၂၀၂၁ စက်တင်ဘာ ၂

နယူးယောက်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar