စိုင်းဇင်ဒီဒီဇုံ - အခန်း (၄) လီမီနဲ့ သူ့အမေရိကန် မိတ်ဆွေများ
စိုင်းဇင်ဒီဒီဇုံ - အခန်း (၄) လီမီနဲ့ သူ့အမေရိကန် မိတ်ဆွေများ
စက်တင်ဘာ ၆၊ ၂၀၂၁
လက်နက်လည်း မချရဘူး၊ မြန်မာနိုင်ငံကလည်း ထွက်မသွားရဘူးဆိုတဲ့ အမိန့်အရ လီကော်ဟွေးရဲ့ ပြန်လည်ထူထောင်ရေးတပ်တော် ဟာ ယူနန်နယ်စပ်နဲ့ အတော်ဝေးတဲ့ မိုင်းဆတ် ရွှေ့သွားတာကို နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ နဲ့ စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျို တို့က သတိမထားမိကြဘူး။ ဒီလို တလွဲ အထင်ကြီးနေတာကို ပွင့်ပွင့်လင်းလင်း မရှိတဲ့ လီမီ ကလည်း တလွဲအတိုင်း သိသိကြီးနဲ့ ပစ်ထားလိုက်တယ်။ ဘန်ကောက်မှာရှိတဲ့ လွီကော်ချွမ် ကတော့ လီမီရဲ့ စီမံချက်တွေကို မသိဘဲ ဂျော့ယဲ့နဲ့အတူ ပြန်လည်ထူထောင်ရေးတပ်တော် အင်ဒိုချိုင်းနားကို ဝင်ပြီး အထိန်းသိမ်းခံရဖို့အတွက် အလုပ်တွေ ရှုပ်နေတယ်။ မြန်မာအစိုးရက သတ်မှတ်ပေးထားတဲ့ ဆုတ်ခွာဖို့ နောက်ဆုံးရက် ဩဂုတ်လ ၁၄ ရက်နေ့ အတိုင်း ဆုတ်ခွာဖို့လည်း ဖြစ်နိုင်ခြေ မရှိပါဘူး။ ချန်ကေရှိတ် အစိုးရနဲ့ ကျိုင်းတုံနယ်က အခြေအနေ ခပ်ခွာခွာဖြစ်နေစေဖို့ လီကော်ဟွေးရဲ့ တပ်တွေဟာ အမိန့်မရပဲ မြန်မာနိုင်ငံထဲ ဝင်သွားတာမို့လို့ ထိုင်ပေအစိုးရရဲ့ တပ်မတော် အစိတ်အပိုင်းမဟုတ်တော့ဘူးလို့ ဂျော့ယဲ့က အမေရိကန် တာဝန်ရှိသူတွေကို ပြောပါတယ်။ အဲဒီတပ်ကြွင်းတပ်ကျန်တွေကို အပြည်ပြည်ဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံက အင်အားသုံးပြီး ဘယ်လိုပဲလုပ်လုပ် ထိုင်ပေက ကန့်ကွယ်သွားဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။ တချိန်တည်းမှာပဲ သူက ရန်ကုန်ကို သည်းခံပေးဖို့ ဝါရှင်တန်က တိုက်တွန်းပေးစေလိုတယ်လို့လည်း ပြောပြန်ပါတယ်။
လီမီ ဟာ ဘန်ကောက်ကနေ မြောက်ပိုင်းကိုသွားပြီး လီကော်ဟွေးနဲ့ နယ်စပ်က မယ်ဆိုင်မြို့မှာ တွေ့ပါတယ်။ လီမီ အနေနဲ့ တပ်ကို ဦးဆောင်ပြီး ယူနန်ကို ဝင်ဖို့ ဩဂုတ်လ ၁၁ ရက်နေ့က ကျိုးကျိကျို အမိန့်ပေးတာကို ဘန်ကောက်မှာရှိတဲ့ လွီကော်ချွမ် က လီမီ နဲ့ လီကော်ဟွေး တို့ဆီ တဆင့်ပို့ပေးတယ်။ သံမှူးကြီး ဆွန်း၊ လွီကော်ချွမ်နဲ့ ထောက်လှမ်းရေး အရာရှိဟောင်း ချိုးခိုင်ကျိ အစရှိတဲ့ ဘန်ကောက်က လီမီကို ထောက်ခံတဲ့သူတွေကတော့ ကုလသမဂ္ဂမှာ ငြင်းခုံဆွေးနွေးရတဲ့ အဆင့်ရောက်ရင် ထိုင်ပေအတွက် အလားအလာ ကောင်းမှာ မဟုတ်ဘူး၊ ဒါကြောင့် မြန်မာအစိုးရဘက်က သတ်မှတ်ထားတဲ့ ဩဂုတ်လ ၁၄ ရက်နေ့ မတိုင်မီ လီကော်ဟွေး ဆုတ်ခွာသင့်တယ်လို့ သုံးသပ်ကြတယ်။ လီကော်ဟွေး က သူ့တပ်သားတွေနဲ့ မှီခိုသူတွေကို ယူနန်နယ်စပ်နဲ့ အတော်လှမ်းတဲ့ ကျိုင်းတုံနယ် မိုင်းဆတ်ဘက် ရွှေ့လိုက်ပြီ ဆိုတာ သူတို့ကိုယ်တိုင်လည်း သိကြပုံမပေါ်ဘူး။ ကျိုးကျိကျိုရဲ့ အမိန့်ကို အသိအမှတ်ပြုတဲ့အနေနဲ့ လီကော်ဟွေးက ဩဂုတ်လ ၂၀ ရက်နေ့အထိ အချိန်ထပ်တောင်းတယ်။ အဲဒီအချိန်မှာ လီမီရဲ့တပ်တွေ မြန်မာနိုင်ငံက ထွက်သွားဖို့ ထိုင်ပေက အမိန့်ပေးထားကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂက ဝင်ပါစရာ မလိုတော့ကြောင်း ရန်ကုန်ရှိ သံအမတ်ကြီး ကီး က ဦးနုနဲ့ ဗိုလ်ချုပ်ကြီး နေဝင်းကို ပြောတယ်။
လီမီရဲ့ တပ်တွေဟာ ကျိုင်းတုံနယ်ရဲ့ တခြားနေရာကို ရွှေ့သွားခြင်းသာဖြစ်တယ်လို့ မြန်မာနဲ့ ထိုင်းဘက်က သိနားလည်ထားတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ လီကော်ဟွေး က အင်အားအနည်းငယ်စီပဲ ပါတဲ့ နောက်ချန်တပ် နှစ်တပ်ကို တာချီလိတ် အနောက်ဘက်မှာ ချန်ထားခဲ့ပြီး ကျန်တပ်အားလုံး ခေါ်ပြီး ထိုင်းနိုင်ငံပိုင်နက်ကို ဖြတ်သန်းပြီး မြန်မာပိုင်နက်ဘက်ကို ပြန်ဝင်ကာ မိုင်းဆတ်ကို သိမ်းပိုက်ဖို့ ချီတက်သွားတယ်။ လွီကော်ချွမ် လည်း ကလိမ်ဆင်တဲ့ထဲပါလာပြီးတော့ သူ့ရဲ့ တပ်တော် (၂၆) ဟာ တာချီလိတ်က ထွက်ပြီး ယူနန်ကိုသွားနေပြီလို့ အသိပေးတယ်။ ဘယ်လမ်းက သွားနေသလဲဆိုတာတော့ သူက မပြောဘူး။
ဩဂုတ်လ ၂၄ ရက်နေ့မှာ လီကော်ဟွေးနဲ့ သူ့တပ်တွေ မိုင်းဆတ် ကို အေးအေးဆေးဆေး ရောက်သွားတယ်။ လီမီလည်း ဟောင်ကောင်ကို ပြန်သွားတယ်။ လွီကော်ချွမ်းရဲ့ တပ်တော် (၂၆) ဟာ ယူနန်ဘက်ကို သွားတဲ့လမ်းမှာ ရှိနေတဲ့ ဆက်သွယ်လို့ မရဘူးဆိုပြီး နောက်နှစ်ရက်အကြာမှာ စစ်သံမှူး ချန်ချိန်ရှီး က ထိုင်ပေကို သတင်းပို့ပြီး ဝိုင်းလိမ်ပေးတော့တယ်။ သံမှူးကြီး ဆွန်း ကလည်း ဒီသဘောအတိုင်း ဘန်ကောက်က သတင်းစာတွေကို ပြောလိုက်တယ်။ အသေအချာမသိရတဲ့ မြန်မာတာဝန်ရှိသူတွေပေးတဲ့ လုံခြုံတဲ့ လမ်းကြောင်း အာမခံချက်ရထားလို့ ကျန်းမာသန်စွမ်းတဲ့ စစ်သားတွေဟာ ယူနန်ကို ဦးတည် ထွက်ခွာသွားပြီလို့ ထိုင်ပေက အစိုးရ တာဝန်ရှိသူတွေက အမေရိကန်တွေကို ပြောတယ်။ ဒါပေမယ့် ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး လီမီရဲ့တပ်တွေဆီမ ဘာမှ ထပ်မကြားရသေးလို့ သူတို့ ဘယ်နေရာကို ရောက်နေသလဲဆိုတာ အတိအကျ မသိဘူးလို့လည်း ပြောပါတယ်။ အယုံအကြည်မရှိတဲ့ ရန်ကင် ကတော့ ထိုင်ပေအနေနဲ့ ခိုင်မာတဲ့ သတင်းအချက်အလက် သိမရှိလှသလို လီမီနဲ့ သူ့စစ်သားတွေ အပေါ်မှာလည်း ဩဇာရှိပုံမရဘူးလို့ ဝါရှင်တန်ကို သတိပေးပါတယ်။
မိုင်းဆတ်
ကျိုးကျိကျို နဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဟာ လီမီက “သွယ်ဝိုက်”တဲ့လမ်းနဲ့ ယူနန်ပြည်နယ်ကို သွားတယ်ဆိုတာကို အထိုက်အလျောက် သံသယဖြစ်လာခဲ့တယ်။ လီမီ ဟောင်ကောင် ပြန်ရောက်နေတုန်း စက်တင်ဘာလ ၅ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက လီမီအနေနဲ့ တပ်ကိုဦးဆောင်ပြီး ယူနန်ပြည်နယ်ကို ပြန်သွားဖို့ ထပ်ပြီး အမိန့်ပေးတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့မှာလည်း ထပ်လောင်း အမိန့်ပေးပြန်တယ်။ ဟောင်ကောင်မှာရှိနေတဲ့ လီမီ က သူ့ရဲ့တပ်တွေဟာ ယူနန်ကိုသွားရင်း လမ်းခုလပ် မိုင်းဆတ်ရဲ့ မြောက်ဘက်မှာ ရောက်နေပြီး ရှေ့ဆက် မထွက်ခွာခင် လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့ ထောက်ပံ့မှုတွေကို စောင့်ဆိုင်းနေတယ်လို့ အကြောင်းပြန်လိုက်ပါတယ်။ အေပီသတင်းဌာနရဲ့ ရန်ကုန်က ထုတ်ပြန်တဲ့ တပုဒ်မှာ အဲဒီတပ်တွေ မိုင်းဆတ်ကို ရောက်နေတယ်လို့ အတိအကျ အမှန်အကန်ပါလာတော့မှ တပ်က ဘယ်ရောက်နေတာလည်း ဆိုတဲ့ သို့လောသို့လော ဖြစ်နေမှုတော့ ပျောက်ကွယ်သွားပါတော့တယ်။
မြေပုံ (၂) မှာ ပြထားတဲ့အတိုင်းပါပဲ၊ မိုင်းဆတ်ဟာ ကျေးရွာအမြောက်အမြားအတွက် အုပ်ချုပ်ရေးနေရာ တခုဖြစ်တယ်။ ကျိုင်းတုံနယ် အနောက်တောင်ဘက်က ချိုင့်ဝှမ်းလွင်ပြင်သုံးခု ဆက်စပ်တဲ့နေရာမှာ ရှိတယ်။ တရုတ်−ဂျပန်စစ်ပွဲကာလတုန်းက လီမီရဲ့ အရာရှိတွေ သွားလာဖူးတဲ့ နယ်မြေလည်းဖြစ်တယ်။ လီကော်ဟွေးနဲ့ တပ်တွေဟာ ဒေသခံ လားဟူရွာသားတွေကို ချောဆွဲပြီး ဌာနချုပ်တခုနဲ့ အရာရှိ တန်းလျားတွေ ဆောက်ခိုင်းတယ်။ ဆည်အသေးလေးတခုနဲ့ ရေပေးစိုက်ပျိုးရေးစနစ်လည်း ပါတယ်။ သူတို့ရဲ့ အခြေစိုက်စခန်းဟာ နောင်အဖြစ်အပျက်တွေမှာ အရေးပါတဲ့ ကျိုင်းတုံ−တာချီလိတ် ကားလမ်းပေါ်မှာရှိတဲ့ မိုင်းဖြတ်မြို့ ၊ မိုင်းဟန် က မြင်းဝန်တင်စခန်းနဲ့ ထိုင်းနိုင်ငံဘက်က နောင်အုတ်ရွာ အစရှိတဲ့ အဓိက နေရာကြီးတွေကို ဆက်သွယ်နိုင်တဲ့ မြင်းဝန်တင်လမ်းကြောင်းကွန်ရက်ကို သုံးနိုင်တယ်။ နောင်အုတ် မြောက်ဘက် မိုင်းဟန်သွားတဲ့လမ်းပေါ်မှာ ပုံပါကျင်ဆိုတာရှိတယ်။ ၁၉၅၁ ရောက်တော့ လီမီက အဲဒီမှာ ယူနန် ကွန်မြူနစ်ဆန့်ကျင်ရေးတက္ကသိုလ် ဆိုတာ ဖွင့်တယ်။ နောက်ထပ်လမ်းတခုက မိုင်းဆတ်ကနေ အရေးပါတဲ့ သံလွင်မြစ် ကူးတို့ဆိပ် ဝမ်ဆာလားဘက်ကို သွားတယ်။ နောက်ပိုင်းမှာ တရုတ်ဖြူတပ်တွေနဲ့ မြန်မာ့တပ်မတော် အကြီးအကျယ် တိုက်ကြတဲ့နေရာတွေပေါ့။ ထိုင်း−မြန်မာနယ်စပ်ကနေ လမ်းကောင်းကောင်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ကုန်သွယ်ရေး အချက်အချာကြတဲ့ လမ်းပန်းနဲ့ ချင်းမိုင် ဆီ ရောက်နိုင်ပါတယ်။ အဲဒီမြို့တွေမှာရှိတဲ့ တရုတ်ဖြူ အေးဂျင့်တွေက လိုအပ်တဲ့ စစ်တပ် ထောက်ပံ့ရေး ပစ္စည်းတွေကို ချင်းဒေါင်လမ်းကြောင်း ဒါမှမဟုတ် ဘန်ဖန်မှာရှိတဲ့ ပန်းသေးတရုတ် ပွဲရုံတွေက တဆင့် မိုင်းဆတ်ကို ပို့ကြတယ်။ မိုင်းဆတ်မှာလည်း ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေ ဖောက်ထားတဲ့ မြေသားပြေးလမ်းနဲ့ လေယာဉ်ကွင်းလေး တခုရှိတယ်။ ပြေးလမ်းက ပစ်ထားတာ ကြာပြီ ဖြစ်တဲ့ အတွက်ကြောင့် လေယာဉ်ဆင်းနိုင်အောင် ပြုပြင်မွမ်းမံဖို့ လိုပါသေးတယ်။ ဒါပေမယ့် မိုင်းဆတ်ဟာ တနှစ်ပတ်လုံး မိုးလေးတစိမ့်စိမ့်ရွာနေတတ်တဲ့ နေရာဖြစ်တာကြောင့် ကွင်းနဲ့ ဘေးပတ်ဝန်းကျင်က လွင်ပြင်ဟာ လေထီးနဲ့ ချပေးနိုင်ဖို့တော့ အဆင်ပြေတဲ့ နေရာဖြစ်တယ်။
မြန်မာအစိုးရက ခန့်အပ်ထားတဲ့ မိုင်းဆတ်မြို့စား ဟာ ယူနန်ပြည်နယ်က ချေးလီ ထူဆူး (ကျိုင်းရုံး စော်ဘွား) နဲ့ ဆွေမကင်းမျိုးမကင်းပဲ။ ဒါကြောင့် မိုင်းဆတ်နဲ့ အနီးပတ်ဝန်းကျင်ကို ဩဂုတ်လ ၂၉ ရက်နေ့မှာ ရောက်ရှိလာတဲ့ တရုတ်ဖြူတွေကို ကောင်းကောင်းမွန်မွန် နေရာချထားပေးပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာလူမျိုးတွေကို မလိုလားတဲ့ ဒေသခံတွေဟာ အစမှာတော့ အသစ်ရောက်လာတဲ့ တရုတ်တွေကို အကြာကြီး လာနေကြမယ့် လူတွေလို့ မထင်ကြပဲ ကြိုဆိုကြတယ်။ ၁၉၅၀ နိုဝင်ဘာလမှာတော့ အဲဒီလို စိတ်မထားနိုင်ကြတော့ပါဘူး။ မိုင်းဆတ်မှာရှိနေတဲ့ တရုတ်ဖြူ နှစ်ထောင်လောက်ဟာ ဒေသခံကို နှိပ်စက်ညှင်းပန်းပြီး လုယက်နေတယ်လို့ ချင်းမိုင်မှာ အသစ်ဖွင့်လိုက်တဲ့ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး1 က သတင်းပို့ပါတယ်။ ဒီဇင်ဘာလမှာ လီကော်ဟွေးရဲ့ စစ်သားတွေက မိုင်းဆတ်မြို့စားကို ဖမ်းလိုက်ပြီးတော့ စစ်တပ်နဲ့ အုပ်ချုပ်ပါတော့တယ်။
စားမြုံ့ပြန် ရှုထောင့်တချို့
မိုင်းဆတ်မှာ ရောက်ရှိနေတဲ့ တရုတ်ဖြူ လက်နက်ကိုင်တွေနဲ့ ပတ်သက်လို့ အစကတော့ မြန်မာအစိုးရက သိပ်ပြီး သိပ်ပြီးတော့ မပူပန်လှပါဘူး။ ဒါပေမယ့် ၁၉၅၀ နှောင်းပိုင်းမှာ လီကော်ဟွေးက မြန်မာနိုင်ငံထဲက ကရင်သူပုန်၊ မွန်သူပုန်တွေနဲ့ အကျွမ်းတဝင်ဖြစ်လာတော့မှ မြန်မာအစိုးရက မျောက်မီးခဲကိုင်မိသလို ဖြစ်လာပါတော့တယ်။ မွန်သူပုန် အကြီးတန်းအရာရှိ တဦးကို အစိုးရ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးဖို့ လီကော်ဟွေးက ငြင်းလိုက်တဲ့အခါမှာ မြန်မာ့လေတပ်က လီကော်ဟွေးရဲ့ တပ်စခန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဗုံးကြဲပါတော့တယ်။ အပျက်အစီး ကြီးကြီးမားမား မရှိပေမယ့် မြန်မာအစိုးရ အရင်က အာမခံပေးထားတဲ့ အချက်တွေကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ လီကော်ဟွေးက ပြောပါတယ်။
မှတ်တမ်းမှာ ရှင်းရှင်းလင်းလင်း မရေးထားပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ နားလည်မှုယူပြီးတော့မှ တရုတ်ဖြူတပ်တွေကို တာချီလိတ်ကနေ မိုင်းဆတ်ရွှေ့ခဲ့တဲ့ပုံရပါတယ်။ လီကော်ဟွေးကလည်း ဒီအတိုင်းပဲ အသေးစိတ်ပြောပါတယ်။ ကျိုင်းတုံနယ်ရဲ့ ချောင်ကျကျ တနေရာမှာ အများမမြင်အောင် တိတ်တိတ်ဆိတ်ဆိတ်နေဖို့၊ ပေကျင်းက ဂရုစိုက်ရလောက်အောင် ဘာမှမလုပ်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သဘောတူညီမှုရခဲ့လို့ သူတို့တွေ တာချီလိတ်ကနေ ထွက်လာခဲ့တာလို့ လီမီရဲ့ တပ်တော်က အရာရှိဟောင်းတွေက စာရေးသူတို့ကို ပြောပါတယ်။ အပြန်အလှန်အနေနဲ့ ဗိုလ်ချုပ်ကြီးနေဝင်း က အောင်ပွဲရပြီလို့ ကြွေးကြော်နိုင်ပါတယ်လို့ ဆိုပါတယ်။2 ဘာတွေ သဘောတူထားလည်းဆိုတာကို သိရရင် လီကော်ဟွေးတပ်တွေ တာချီလိတ်က ထွက်သွားပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက် ပြန်ဝင်လာတာကို ဘာကြောင့် စိတ်မပူတာလည်းဆိုတာကိုလည်း သိနိုင်ပါတယ်။ ဒါကြောင့်လည်း သူ့တို့ကို အမည် မဖော်ပြနိုင်တဲ့ မြန်မာအာဏာပိုင်တွေက လီဟော်ဟွေးတပ်တွေနဲ့ မြန်မာနိုင်ငံပိုက်နက်ကို ဖြတ်သန်းပြီးတော့ ယူနန်ကို သွားမယ့်ကိစ္စနဲ့ ပတ်သက်လို့ စိတ်ချဖို့ အာမခံတဲ့အကြောင်း တရုတ်သမ္မတနိုင်ငံ တာဝန်ရှိသူတွေက စက်တင်ဘာလ ၆ ရက်နေ့မှာ ရန်ကင်ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက အများသူငှာ သိအောင် ထုတ်ပြန်ခဲ့တာကတော့ ပြောင်းပြန်ဖြစ်ပါတယ်။
ဒီလိုမျိုး လုံခြုံတဲ့လမ်းကြောင်း သဘောတူညီချက်သာ တကယ်ရှိခဲ့မယ်ဆိုရင် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဝန်ကြီးအဖွဲ့ကနေ နုတ်ထွက်တဲ့ အကြောင်းရင်း တခုဖြစ်နိုင်ပါတယ်။ အများသိအောင် ပြောတဲ့ အကြောင်းပြချက်ကတော့ “စစ်ရေးကိစ္စတွေကို ပိုပြီးအာရုံစိုက်နိုင်အောင်” လို့ ဆိုပါတယ်။ ဦးနုက တရုတ်ဖြူ အကြွင်းအကျန်တွေကို ထိန်းသိမ်းထားပြီး မြန်မာအစိုးရရဲ့ အရည်အချင်းကို ပေကျင်းက အထင်ကြီးအောင် အရောင်တင်ပြချင်ပုံရတယ်လို့ သံအမတ်ကြီး ကီး မှန်းဆတယ်။ တဖက်မှာ ပိုပြီးလက်တွေ့ဆန်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်တွင်းက သူပုန်ကို အဓိကတိုက်ချင်တယ်။ ဒါကြောင့် တရုတ်ဖြူတွေနဲ့ သဘောတူညီချက်ရမယ်ဆိုရင် ဗိုလ်ချုပ်ကြီး အနေနဲ့ မြန်မာအစိုးရရဲ့ အတွင်းရန်တွေကို ပိုပြီး အာရုံစိုက်နိုင်မယ်။ ဒီလို အခင်းအကျင်းမှာ တာချီလိတ် က ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ “အောင်ပွဲ” ဆိုတဲ့ဟာကြီးက အနာဂတ်မှာ ပေကျင်းနဲ့ ပြဿနာတက်နိုင်တယ်ဆိုပြီး ဦးနု က သူ့ကို ဝန်ကြီးအဖွဲ့က ထုတ်လိုက်တယ်။
လီကော်ဟွေးရဲ့ မှတ်တမ်းမှာတော့ ဩဂုတ်လ မယ်ဆိုင်ကိုလာတုန်း လီမီပေးတဲ့ အမိန့်အရ ဗိုလ်ချုပ်ကြီး နေဝင်း ဆီ အပစ်အခတ် ရပ်စဲရေး အတွက် အဆိုပြုတဲ့ စာတစောင်ပို့လိုက်တယ်။ “လီကျုံး” ဆိုတဲ့ နာမည်နဲ့ လက်မှတ်ထိုးလိုက်တယ်။ အဲဒီစာမှာ မြန်မာနိုင်ငံအတွင်းမှာ ရှိနေစဉ်အတွင်း ဘာပြဿနာမှ မရှာပါဘူးလို့ အာမခံကြောင်းလည်း ပါရှိတယ်။ ဒါမှလည်း မြန်မာ့တပ်မတော်က ပြည်တွင်းသူပုန်တွေကို လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်မှာ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းကလည်း သဘောတူပြီးတော့ လီကော်ဟွေးကို ယူနန်ပြည်နယ်နဲ့ ပိုဝေးတဲ့ ကျိုင်းတုံ−တာချီလိတ် ကားလမ်း အနောက်ဘက် ရွှေ့ပြီး လူမမြင်သူမမြင်အောင် နေခိုင်းတယ်။ တပ်မတော်ကတိုက်ခိုက်လို့ တရုတ်ဖြူတပ်တွေဟာ ကစင့်ကလျား တကွဲတပြား ထွက်ပြေးကုန်ပြီလို့ ဗိုလ်ချုပ်ကြီးနေဝင်းက ကြေညာတယ်။ လီမီရဲ့ အမိန့်အရ လီကော်ဟွေးဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အဆိုပြုချက်တွေ ဩဂုတ်လ ၂၂ ရက်နေ့မှာ လက်ခံလိုက်ပြီး သဘောတူညီချက်တွေကို တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားရမယ်လို့ သူ့ဦးစီးအရာရှိတွေကို ပြောတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့တပ်တွေနဲ့ပတ်သက်ပြီး ထိုင်ပေက တမင်လိမ်လည်လှည့်စားမှုအရ ပြန်လည်ထူထောင်ရေးတပ်တော် တာချီလိတ်က ထွက်ခွာလာတဲ့ပြီးနောက် ဘယ်ဆီဘယ်ဝယ်သွားမယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိသလဲဆိုနဲ့ ပတ်သက်ပြီး ချန်ကေရှိတ် အစိုးရက တမင်သက်သက် ဝါရှင်တန်ကလူတွေ အထင်မြင်မှားအောင် လှည့်စားခဲ့တယ်။ သံမှူးကြီး ရန်ကင် ပြောတဲ့အတိုင်းဆိုရင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေတဲ့ လီမီ ဘာတွေလုပ်နေသလဲဆိုတာကို ထိုင်ပေကတောင် ကောင်းကောင်း နားလည်တဲ့ အနေအထား မရှိပါဘူး။ လီမီရဲ့တပ်တွေ ယူနန်ထဲကိုသွားရောက် တိုက်ခိုက်နိုင်မယ်၊ ဒါမှမဟုတ် သူ့တပ်တွေ လက်နက်ချပြီး အထိန်းသိမ်းခံမယ်လို့ မျှော်လင့်စရာ အကြောင်း လုံးဝမရှိပဘူး။ သူ့တပ်ကို ယူနန်မှာ ပြန်လည်ရပ်တည်နိုင်လောက်တဲ့ အခြေအနေအထိ တည်ဆောက်နိုင်မယ့် “ခဏတာ” ခိုလှုံနိုင်မယ့်နေရာပဲ သူလိုတာပါ။
အမေရိကန် စစ်အေးစစ်သည်တော်များ
၁၉၅၀ ခုနှစ် ကွန်မြူနစ်တွေ တရုတ်နိုင်ငံမှာ အောင်မြင်သွားတဲ့အခါ အမေရိကန် မူဝါဒချမှတ်သူတွေဟာ ချန်ကေရှိတ်ရဲ့ အမျိုးသားပါတီကို ထောက်ပံ့ပေးဖို့ စိတ်ပျက်လာတယ်။ ဇွန် ၂၅ ရက်နေ့ မြောက်ကိုရီးယားက တောင်ကိုရီးယားကို ကျူးကျော်လာတဲ့အခါမှာ ထရူးမန်း အစိုးရက ချန်ကေရှိတ်အစိုးရကို စိတ်မပါတပါနဲ့ ဆက်ပြီး ကျားကန်ထားပေးရတယ်။ ၁၉၅၀ အောက်တိုဘာလမှာ ပေကျင်းက ကိုရီးယားစစ်ပွဲမှာ ဝင်ပါလာပြီးနောက် တရုတ်ပြည်မကြီးမှာ လုပ်မယ့် တရုတ်သမ္မတနိုင်ငံရဲ့ ပျောက်ကြားစစ်ဆင်ရေးတွေကို ထောက်ပံ့ဖို့ စိတ်ဝင်စားလာတယ်။ ထိုင်ဝမ်းရောက်အောင် မောင်းထုတ်ခံရပြီး တနှစ်အကြာအထိ အမျိုးသားရေးဝါဒီတွေဟာ ပြည်မကြီးမှာ သူ့တို့ရဲ့ ပျောက်ကြားတပ်ဖွဲ့တွေ သိန်းနဲ့ချီပြီး လှုပ်ရှားနေတုန်းပဲလို့ ချဲ့ကားပြောနေတုန်းပါ။ ဒီပျေက်ကြားတွေကို ကောင်းကောင်းထောက်ပံ့နိုင်ရင် ကိုရီးယားမှာ သွားတိုက်နေတဲ့ ပီအယ်လ်အေတပ်တွေကို ဆွဲထုတ်နိုင်လိမ့်မယ်လို့ ထိုင်ဝမ်းကပြောတယ်။ ဒါကြောင့် ဝါရှင်တန်နဲ့ ထိုင်ပေ ပူးပေါင်းပြီး ပြည်မကြီးမှာ လှုပ်ရှားမယ့် တရုတ်သမ္မတနိုင်ငံရဲ့ အဓိက ပျောက်ကြားစစ်ဆင်ရေး အစီအစဉ်တွေကို ရေးဆွဲပါတော့တယ်။
အဲဒီပျောက်ကြားစစ်ဆင်ရေးတွေ ပေးမယ့် အမေရိကန် အကူအညီတွေဟာ စီအိုင်အေရဲ့ မူဝါဒပူးပေါင်းညှိနှိုင်းရေးရုံး (အိုပီစီ) ကနေ တဆင့်ပေးတာပါ။ အိုပီစီရဲ့ အရှေ့အာရှရုံးခွဲကို ၁၉၄၉ နှစ်လယ်ပိုင်းလောက်က စဖွင့်ခဲ့တယ်။ အဓိအားဖြင့် အရပ်သားတွေကို လက်နက်တပ်ဆင်ပြီး စစ်ဆင်ရေးလုပ်တာကို ကျွမ်းကျင်တဲ့အလျောက် အိုပီစီရဲ့ အရှေ့ဖျားရုံးခွဲဟာ အာရှ အရှေ့ဖျားဒေသက စီအိုင်အေ အဖွဲ့ခွဲတွေထဲမှာ အချိန်တိုအတွင်းမှာ ကြီးထွားလာခဲ့တယ်။ အိုပီစီရဲ့ ထိုင်ဝမ်းအခြေစိုက် စစ်ဆင်ရေးတွေကို အသွင်ယူဖို့အတွက် စီအိုင်အေ က ပန်ဆယ်ဗန်းနီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့မှာ ဝက်စတန်းအင်တာပရိုက် အင်ကော်ပိုရိတ်တစ် (ဒဗလျူအီးအိုင်) လို့ နာမည်ပေးထားတဲ့ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီ တခု မှန်ပုံတင်ခဲ့တယ်။ အရင်ရှိခဲ့ဖူးတဲ့ အိုအက်စ်အက်စ်က ဒုတိယဗိုလ်မှူးကြီး ဝီလီယံ အာရ်၊ ရေး ပီယားစ် က ထိုင်ဝမ်းမှာရှိတဲ့ ဒဗလျူအီးအိုင် လုပ်ငန်းတွေကို ၁၉၅၁ မတ်လမှာ စတင်လိုက်ပါတယ်။3 ဇွန်လမှာတော့ ဒဗလျူအီးအိုင် အသွင်ယူထားတဲ့ ဝန်ထမ်းတွေဟာ ထိုင်ပေနဲ့ မြို့တော်ရဲ့ မြောက်ဘက် တနာရီခရီးလောက်က တန့်ရွှေမှာရှိတဲ့ စစ်ဝန်ထမ်းလေ့ကျင့်ရေးစခန်းမှာ အလုပ်ရှုပ်နေကြပါပြီ။
အိုပီစီရုံးခွဲနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် တရုတ်သမ္မတနိုင်ငံက ၁၉၅၁ ဇန်နဝါရီလမှာ တာ့လုကုန်းဇူချူ လို့ခေါ်တဲ့ ပြည်မကြီးစစ်ဆင်ရေးဌာနကို ဖွဲ့စည်းလိုက်ပြီး အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ချိန်ခိုင်းမင် ဦးစီးတဲ့ အမှတ် (၂) ဌာန (ထောက်လှမ်းရေး) အောက်မှာထားလိုက်တယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်မကြီးစစ်ဆင်ရေးဌာနရဲ့ တာဝန် တခုကတော့ ယူနန်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်း၊ အနောက်တောင်ပိုင်း နယ်စပ်ဒေသတွေက ပျောက်ကြားတပ်ဖွဲ့တွေကို ထိန်းချုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတာဝန်ဟာ အရင်ကတော့ မော်ရန်ဖုန်းရဲ့ ပေါင်မီကျူး လို့ခေါ်တဲ့ လျှို့ဝှက်ချက်ထိန်းသိမ်းရေးဗျူရို အလုပ်ဖြစ်တယ်။ သူ့ဌာနရဲ့ လုပ်ငန်းတွေကို လာယုတာကို မော်ရန်ဖုန်းက အပြင်းအထန် ကန့်ကွက်တယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ချိန်ခိုင်းမင်ရဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီဌာန အမှတ် (၂) ဌာန ကတော့ လျှို့ဝှက်ချက် ထိန်းသိမ်းရေးဗျူရိုနဲ့ ပြည်မကြီး စစ်ဆင်ရေးဌာနကို ကောင်းကောင်းထိန်းချုပ်ခွင့်ရလိုက်တယ်။ လျှို့ဝှက်ချက် ထိန်းသိမ်းရေးဗျူရိုအနေနဲ့ ပြည်မကြီးစစ်ဆင်ရေးဌာနက ထောက်ခံတဲ့အခါမှသာ ပျောက်ကြားတပ်ဖွဲ့တွေအပေါ် စစ်ဆင်ရေးအလိုက်သာ အမိန့်ပေးနိုင်တော့တယ်။
ပြည်မကြီးစစ်ဆင်ရေးဌာနနဲ့ ဝက်စတန်းအင်တာပရိုက် အဓိက ပူးပေါင်း လုပ်ငန်းတွေဟာ ဖူကျန့်ပြည်နယ် အနီးက ကမ်းလွန်ကျွန်းတွေပေါ်က တပ်တွေ ထောက်ပံ့ပေးတာပဲဖြစ်တယ်။ အဲဒီကျွန်းတွေက ထိုင်ပေလက်ထဲမှာ ရှိနေသေးတယ်။ ဌာနချုပ်ကို ခဲ့မွိုင် ခေါ် ကျင်းမန်ကျွန်းမှာ ဖွင့်ထားပြီး အမျိုးသားလွတ်မြောက်ရေး ဖူကျန့် ကွန်မြူနစ်ဆန့်ကျင်ရေးတပ်တော် လို့ခေါ်တယ်။ သူတို့ တပ်မှူးကြီးကလည်း အလိုအလျောက် ဖူကျန့်ပြည်နယ် ဘုရင်ခံ ဖြစ်တော့တာပါပဲ။ ဒီလို လျှို့ဝှက် စီအိုင်အေ/အိုပီစီရဲ့ စစ်ဝန်ထမ်း စစ်ဆင်ရေးလိုမျိုး လီမီကို ထောက်ပံ့ပေးဖို့ စီစဉ်တယ်။ ဒါကြောင့် လီမီဟာလည်း အမျိုးသားလွတ်မြောက်ရေး ယူနန်ပြည်နယ် ကွန်မြူနစ်ဆန့်ကျင်ရေးတပ်တော် တပ်မှူးကြီးနဲ့ ယူနန်ပြည်နယ် ဘုရင်ခံ ဖြစ်လာခဲ့တယ်။4
မြို့ပြလေကြောင်းပို့ဆောင်ရေး (စီအေတီ)− စီအိုင်အေရဲ့ အရှေ့အာရှ လေကြောင်းလိုင်း
မူဝါဒပူးပေါင်းညှိနှိုင်းရေးရုံး (အိုပီစီ) က အာရှအရှေ့ဖျားမှာ အခြေစိုက်ပြီးတဲ့နောက် မြို့ပြလေကြောင်းပို့ဆောင်ရေး (စီအေတီ) ဟာလည်း ကွန်မြူနစ်တွေ တစတစ ရှေ့တိုးလာလို့ ပျံသန်းတဲ့ ခရီးစဉ်လမ်းကြောင်းတွေ ဖျက်သိမ်းလိုက်ရတာများလို့ ဝင်ငွေလျော့ပြီး ဒေဝါလီခံရဖို့ ဖြစ်လာတော့တယ်။ စီအေတီကို အမေရိကန်က အဓိက ပိုင်ဆိုင်ပြီး ထိုင်ဝမ်းမှာ မှတ်ပုံတင်ထားတဲ့ လေကြောင်းလိုင်း ဖြစ်ပါတယ်။ ၁၉၄၉ မေလမှာ စီအေတီ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ချုပ် ကလဲ အယ်လ်၊ ချန်နော့ က ဝါရှင်တန်မှာ ရှိတယ်။ သူက “ဒိုမီနို ရိုက်ချက်” အကြောင်းကို သတိပေးပြီး ယူနန်နဲ့ တရုတ် အနောက်မြောက် မူဆလင် ပြည်နယ်တွေက အမျိုးသားရေးဝါဒီတွေကို အမေရိကန် စီးပွားရေးနဲ့ စစ်ရေး အကူအညီ အကြီးအကျယ်ပေးရန် ဆွယ်တရားဟောခဲ့တယ်။ အဲဒီပြည်နယ်တွေက စစ်ဘုရင် တဖြစ်လည်း ဘုရင်ခံတွေမှာ ချန်ကေရှိတ် သစ္စာခံ အင်အားကြီးမားတဲ့ စစ်တပ်တွေရှိတယ်။ အမေရိကန်က လေကြောင်းကနေ အကူအညီတွေပေးပြီး အကြံပေးတွေလည်း လွှတ်ပေးနိုင်ရင် ကွန်မြူနစ်တွေ ရှေ့တက်လာတာကို ခုခံနိုင်လိမ့်မယ်လို့ ပြောတယ်။
အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံအရေး ဆွယ်တရားဟောသူတွေကတော့ ဒီ “ချန်နော့ စီမံချက်” ကို အာပေါင်အားရင်းသန်သန် ထောက်ခံကြတယ်။ ဒါပေမယ့် သမ္မတ ထရူးမန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒင်း အာချေဆန် တို့က ချန်နော့ဟာ သူ့လေကြောင်းလိုင်း ဒေဝါလီ မခံရအောင် အဓိက ရည်ရွယ်ချင်တာ ဖြစ်မယ်လို့ သံသယဖြစ်ကြတယ်။ ထရူးမန်းနဲ့ အာချေဆန် တို့ နှစ်ယောက်စလုံးက ချန်ကေရှိတ်နဲ့ သူ့ရဲ့ အကျင့်ပျက်ပြီး ကျိကျိတက် ချမ်းသာနေကြတဲ့ အစိုးရအဖွဲ့ကို သိပ်မသုံးချင်ကြဘူး။ သူတို့နှစ်ယောက် အနေနဲ့ တရုတ်နိုင်ငံကို ကွန်မြူနစ်လက်က ကာကွယ်နိုင်မယ့် လက်တွေ့ကျတဲ့ အခွင့်အလမ်း တခုမှ မတွေ့ဘူး။ အစိုးရအဖွဲ့က ဇဝေဇဝါ ဖြစ်နေပေမယ့် အရှေ့အာရှကို ခြိမ်းခြောက်လာတဲ့ တရုတ်−ဆိုဗီယက် အင်အားစုကို ကြောက်ရွံ့လာပြီး အမေရိကန် မူဝါဒကတော့က စတင်ပြောင်းလဲလာပါတယ်။
အရှေ့အာရှမှာ ကွန်မြူနစ်တွေ ပြန့်နှံ့လာတာကို တန်ပြန်ရမယ့် တာဝန်ကို ဆက်လက်လုပ်နိုင်ဖို့ စီအိုင်အေ က လမ်းကြောင်းရှာနေတဲ့အချိန်မှာ အိုပီစီကလည်း သူတို့လျှို့ဝှက်စစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်မယ့် အရပ်ဖက် လေကြောင်းလိုင်း တခု အလိုရှိနေတယ်။ ဒေဝါလီခံရလုလု ဖြစ်နေတဲ့ စီအေတီ လေကြောင်းလိုင်းကို ဟိုင်နန်ကျွန်း ဆန်းယမှာ အခြေစိုက်စခန်းဖွင့်နိုင်အောင် ၁၉၄၉ ခုနှစ် စက်တင်ဘာလမှာ စီအိုင်အေက ငွေကြေး ထောက်ပံ့ပေးပါတယ်။ လုပ်ငန်းလည်ပတ်စရိတ်ကိုလည်း စီအိုင်အေက ကျခံမှာဖြစ်ပြီး အပြန်အလှန် အနေနဲ့ စီအေတီ လေကြောင်းလိုင်းက စီအိုင်အေရဲ့ အလုပ်တွေကို ဦးစီးပေး လုပ်ပေးရမှာ ဖြစ်ပါတယ်။ စီအေတီ လေကြောင်းလိုင်းက စီအိုင်အေ အတွက် ပထမဆုံး ခရီးစဉ်ကို ၁၉၄၉ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်ပျံသန်းပေးခဲ့ပြီး စီအိုင်အေနဲ့ ဂန္တဝင်တွင်မယ့် ပူးပေါင်းဆောင်ရွက်မှု ကို စတင်လိုက်တယ်။ စီအေတီ လေကြောင်းလိုင်းကို နောက်ပိုင်းမှာ အဲအမေရိကလို့ နာမည်ပြောင်းလိုက်တယ်။
စီအေတီ လေကြောင်းလိုင်းရဲ့ ခရီးစဉ်တွေနဲ့ ဝင်ငွေတွေလည်း တစတစ လျော့ပါးသွားတယ်။ ၁၉၅၀ မတ်လမှာ စီအိုင်အေက လေကြောင်းလိုင်းရဲ့ အကြွေးတွေကို ဆပ်ပေးဖို့၊ လုပ်ငန်းလည်ပတ်မှု စရိတ် အရှုံးကာမိအောင် စိုက်ထုတ်ပေးဖို့၊ ဖြစ်နိုင်ရင် ဝယ်ယူဖို့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေဆီ အဆိုပြုလိုက်တယ်။ ဇွန်လအတွင်း မြောက်ကိုရီးယားတပ်တွေ တောင်ကိုရီးယားကို ဝင်တိုက်ခိုက်ပြီး သုံးရက်အကြာမှာ စီအိုင်အေက အသွင်ယူထားတဲ့ ဒယ်လာဝဲမြို့ အခြေစိုက် ကုမ္ပဏီတခုက စီအေတီ လေကြောင်းလိုင်းကို တိတ်တဆိတ် ဝယ်လိုက်တယ်။ တရုတ်သမ္မတနိုင်ငံမှာ ဆက်မှတ်ပုံတင်ပြီး ချန်နော့ကိုပဲ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆက်ထားခဲ့တယ်။ ချန်နော့နဲ့ ချန်ကေရှိတ်တို့က အရမ်းနီးစပ်တာမို့လို့ လေကြောင်းလိုင်းရဲ့ အဓိက စီမံခန့်ခွဲရေး ရာထူးတွေမှာ စီအိုင်အေက သူတို့လူတွေကို ခန့်ထားလိုက်တယ်။ အရေအတွက်အားဖြင့်တော့ သိပ်မများလှပါဘူး။ လေကြောင်းလိုင်းဟာ ပုံမှန် ခရီးစဉ်တွေကို အဓိက ပျံသန်းခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အချိန်မှာတော့ စီအိုင်အေရဲ့ အာရှအရှေ့ဖျားက လေကြောင်းလိုင်းသာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက စီအိုင်အေ
ဒုတိယကမ္ဘာစစ်ကာလ ကတည်းက အမေရိကန် အိုအက်စ်အက်စ် အဖွဲ့က ဘန်ကောက်မှာ ရှိခဲ့ပြီး နောက်နှစ်အတော်ကြာမှာ စီအိုင်အေအဖြစ် ဆက်လက် ရှိနေပါတယ်။ တရုတ်−မြန်မာ−အိန္ဒိယ စစ်မျက်နှာက အိုအက်စ်အက်စ် အရာရှိဟောင်းတွေ အတော်များများဟာ ထိုင်းနိုင်ငံ မြို့တော်မှာ စီးပွားရေးသမားတွေ အဖြစ် ဆက်လက် နေထိုင်ခဲ့ကြတယ်။ စစ်ပြီးခေတ် ထိုင်းနိုင်ငံမှာရှိတဲ့ ကြားကာလ အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် မပြတ်ကြတဲ့အပြင် ထိုင်းနိုင်ငံက ဩဇာရှိ ပုဂ္ဂိုလ်တွေ၊ အထူးသဖြင့် ထိုင်းလွတ်မြောက်ရေးလှုပ်ရှားမှုမှာ အတူလက်နက်ကိုင်ပြီး တိုက်ခဲ့သူတွေနဲ့ နဲ့လည်း ဆက်နွှယ်မှုရှိကြတယ်။ အဲဒီ အိုအက်စ်အက်စ် အရာရှိဟောင်းတွေထဲ ခွန်းမင်မှာ စစ်အတွင်း အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ဝီလီ ဘာ့ဒ်နဲ့ ဗိုလ်မှူးကြီး ပေါလ် ဟယ်လီဝယ် တို့ပါတယ်။ ဘာ့ဒ် ဟာ အရင်က စီးပွားရေးသမား တယောက်ဖြစ်ပြီး သူ့မိတ်ဆွေ ဝီလီယံ ဒိုနိုဗန်က စည်းရုံးလို့ အိုအက်စ်အက်စ်မှာ ပါလာတာ။ စစ်အပြီးမှာ ဘန်ကောက်ထရေးဒင်းကုမ္ပဏီ ဆိုပြီး သွင်းကုန်−ပို့ကုန် ကုမ္ပဏီလေး တခု ထောင်ထားတယ်။ အိုအက်စ်အက်စ် လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ သူ့ကို “ကန်ထရိုက် မုဆိုး” သို့မဟုတ် “ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး” လို့ သိကြတယ်။5 ဘာ့ဒ်ဟာ ထိုင်းဘုရင့်လေတပ် ဒုတိယဗိုလ်မှူးကြီး ဆစ်ထိ ဆဝက်ဆီလာရဲ့ နှမတယောက်နဲ့ လက်ထပ်ထားတယ်။ ဆစ်ထိ ဆဝက်ဆီလာ ကလည်း နောင်မှာ ထိုင်းရဲချုပ် ဖောင် ဆီယာနွန်ရဲ့ လက်ထောက် ဖြစ်လာတယ်။6 ဟယ်လီဝယ် ကတော့ ရှေ့နေ တယောက်။ မီယာမီက ထိုင်းနိုင်ငံရဲ့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်လည်း ဟုတ်တယ်။ စီအိုင်အေနဲ့ ဆက်နွှယ်နေပြီး စီအိုင်အေပိုင် ကုမ္ပဏီအများအပြားနဲ့ ပူးပေါင်းပြီး အလုပ်လုပ်တယ်။
ဘန်ကောက်က နိုင်ငံရေးအာဏာဟာ ၁၉၄၇ ခုနှစ် အာဏာသိမ်း စစ်အရာရှိအုပ်စု လက်ထဲမှာပဲ ရှိပါတယ်။ “အာဏာသိမ်းအုပ်စု” ထဲမှာ အာဏာအရှိဆုံး အရာရှိကြီး သုံးယောက်ကတော့ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖင် ချူဟာဝမ်၊ သူ့ရဲ့ သားမက်ဖြစ်သူ ဗိုလ်မှူးကြီး ဖောင် ဆီယာနွန်နဲ့ ထိုင်းဘုရင့်ကြည်းတပ် ဘန်ကောက် အခြေစိုက် အဓိက တပ်ရင်းတရင်းရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဆာရစ် ထနာရတ် တို့ပဲ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းအုပ်စုဟာ ဖီးမာရှယ် ဖိဘွန် ဆွန်ခရမ်း ကို ဝန်ကြီးချုပ် အဖြစ် တင်မြှောက်တယ်။ ဖိဘွန် က စစ်အတွင်း ထိုင်းနိုင်ငံအစိုးရကို ဦးဆောင်ခဲ့ဖူးဖြစ်ပြီး အခွင့်အရေးအရ ဂျပန်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူ ဖြစ်တယ်။ သူ့ကိုယ်ပိုင် အာဏာအခြေခံလေးတော့ ရှိပေမယ့် ဖောင်နဲ့ ဆာရစ် တို့အုပ်စုနဲ့ အပြိုင်ကစားနိုင်တယ်။ နောက်ဆုံးတော့ ၁၉၅၇ မှာ ဆာရစ်က အာဏာသိမ်းပြီး ဖိဘွန်ကို ဖြုတ်ချလိုက်တယ်။
၁၉၅၀ ခုနှစ် အစောပိုင်း မှာ ဖရီးထိုင်းနဲ့ အိုအက်စ်အက်စ်က အရာရှိဟောင်းတွေ၊ အာဏာသိမ်း အုပ်စုဝင်တွေနဲ့ ဘန်ကောက်က စီအိုင်အေ အမှုထမ်းတွေ ပေါင်းပြီး နရေ့ဆွန် ကော်မတီ7 ဆိုတဲ့ လျှို့ဝှက်အုပ်စုလေး တခု ဖွဲ့လိုက်ကြတယ်။ ဒီအဖွဲ့မှာ ဝန်ကြီးချုပ် ဖိဆွန် ဆွန်ခရမ်း၊ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် ဖင် ချွန်ဟာဝမ်၊ ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် ဖွန်း ရွန်နဖတ်ခတ်၊ အနာဂတ် ဝန်ကြီးချုပ် ဆာရစ် ထာနာရတ်နဲ့ ထနွမ် ကစ်တိခချွန် အစရှိတဲ့ ထိုင်းနိုင်ငံရဲ့ ဩဇာကြီးမားတဲ့ စစ်ရေး၊ နိုင်ငံရေး ထိပ်သီးတွေ ပါတယ်။ အမေရိကန်မှာ ပညာသင်ကြားခဲ့တဲ့ ဆစ်ထိ ဆဝယ်ဆီလာ က ကော်မတီရဲ့ စကားပြန် အဖြစ် ပါသေးတယ်။ ဝီလီ ဘာ့ဒ် ကတော့ အမေရိကန် သံအမတ်ကြီး အက်ဒွင် အက်ဖ်၊ စတန်းတန် က တဆင့် စီအိုင်အေနဲ့ အဓိက ချိတ်ဆက်ပေးသူဖြစ်တယ်။ ဘာ့ဒ်နဲ့ အဓိက တွဲတာကတော့ ထိုင်းကြည်းတပ် ဗိုလ်ချုပ်အဖြစ် အသစ်စက်စက် ရာထူးတိုးလာတဲ့ ထိုင်းနိုင်ငံရဲချုပ် ဖောင် ဆီယာနွန် ပဲ ဖြစ်ပါတယ်။
နရေ့ဆွန် ကော်မတီရဲ့ စီမံခန့်ခွဲမှုနဲ့ စီအိုင်အေ အဖွဲ့တဖွဲ့ ၁၉၅၀ ခုနှစ် ဩဂုတ်လမှာ ဘန်ကောက်ကို ရောက်လာတယ်။ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေရဲ့ အတည်ပြုချက်အရ ထိုင်းရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးဖို့ ဖောင် ဆီယာနွန်နဲ့ သဘောတူခဲ့ကြတယ်။ ဖိဘွန်ရဲ့ အတည်ပြုချက် ယူဖို့လိုဦးမယ်လို့ ဖောင် က ပြောပေမယ့် ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် မပါရင်ကောင်းမယ်လို့ တောင်းဆိုတယ်။ အမေရိကန်တွေက ဒီအကြောင်းကို နရေ့ဆွန်ကော်မတီဝင် တယောက်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဝိုရကန် ဘန်ချာကို ဝါရှင်တန် ရောက်လာတုန်း အကျဉ်းချဉ်း ရှင်းပြတယ်။ ဒါပေမယ့် ဘန်ကောက်မှာရှိတဲ့ သံအမတ်ကြီး စတန်းတန် ကတော့ စီမံကိန်းစမှပဲ အကြမ်းဖျဉ်းသိရတယ်။
သဘောတူညီချက်ကတော့ စီအိုင်အေက ထိုင်းရဲနဲ့ စစ်သား ၃၅၀ ကို သောင်းကျန်းသူနှိမ်နင်းရေးတပ်ဖွဲ့ အဖြစ် လေ့ကျင့်ပြီး လက်နက်တပ်ဆင်ပေးမယ်။ ဒီတပ်ဖွဲ့ဝင်တွေဟာ အရှေ့တောင်အာရှ ထောက်ပံ့ရေး ကုမ္ပဏီ အောက်မှာ အသွင်ယူပြီး လှုပ်ရှားရမှာဖြစ်တယ်။ အဲဒီကုမ္ပဏီကို အက်စ်အီးအေ ထောက်ပံ့ရေး (ဆီးဆပ္ပလိုင်း) လို့လည်း လူသိများတယ်။ ဒီကုမ္ပဏီဟာ ထိုင်ဝမ်းမှာ လုပ်ခဲ့တဲ့ ဝက်စတန်းအင်တာပရိုက် ပုံစံမျိုးကို အတုယူပြီး လုပ်ပါတယ်။ ပေါလ် ဟယ်လီဝယ် နာမည်နဲ့ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမှာ မှတ်ပုံတင်တယ်။ အိုအက်စ်အက်စ် အရာရှိဟောင်း ဗိုလ်မှူးကြီး ရှားမန်း ဘီ၊ ဂျွတ်စ် ဟာ ၁၉၅၀ ခုနှစ် စက်တင်ဘာလမှာ ဘန်ကောက်ကို ရောက်လာတယ်။ ပြီးတာနဲ့ ဆီးဆပ္ပလိုင်း ကုမ္ပဏီရုံးကို အရေးကြီးတဲ့ အစိုးရရုံးတွေနဲ့ နီးတဲ့ အမှတ် (၁၀) ဖရာ့ အားထစ်လမ်းမကြီးမှာ ဖွင့်တယ်။ ဒီနေ့ခေတ် ရွိုင်ရယ်ဟိုတယ် နေရာ ဖြစ်ပါတယ်။ ကုမ္ပဏီရုံးခန်းတွေကို နောက်ပိုင်းမှာ ဘန်ကောက် နိုင်ငံအဆင့် အားကစားရုံရှေ့က ဂရင်းဟိုတယ်ကို ရွှေ့တယ်။ ပြီးတော့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကို ဆီးဆပ္ပလိုင်း ဟာ လီမီရဲ့ လျှို့ဝှက်တပ်တော်က ၁၉၅၁ နှစ်လယ်ပိုင်းမှာ ယူနန်ပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်တဲ့ အခါမှာလည်း ထောက်ပံ့ပေးမယ့် ကုမ္ပဏီဖြစ်လာတယ်။
ထိုင်ဝမ်းက ဒလျူအီးအိုင်လိုပဲ ဆီးဆပ္ပလိုင်းဟာ အပြင်ပန်းအားဖြင့် စီးပွားဖြစ် စာချုပ်စာတမ်းတွေနဲ့ သူ့ဖောက်သည်တွေကို လက်နက်ပစ္စည်း တပ်ဆင်ပေးတယ်၊ လေ့ကျင့်ပေးတယ်၊ အကြံဉာဏ်ပေးတယ်။ အဓိက မျှော်မှန်းချက်ကတော့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေကို ကာကွယ်နိုင်ပြီး အိမ်နီးချင်းန နိုင်ငံတွေ အတွင်းက ကွန်မြူနစ် ဆန့်ကျင်ရေး စစ်ဆင်ရေးတွေမှာ လျှို့ဝှက်ပါဝင်နိုင်မယ့် အထူးစစ်ရဲတပ်ဖွဲ့တွေ မွေးထုတ်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးတဲ့အပြင် နောက်ပိုင်းမှာ ဆီးဆပ္ပလိုင်းဟာ မြန်မာနိုင်ငံထဲမှာ ဖွဲ့စည်းထားတဲ့ လီမီရဲ့ လျှို့ဝှက်တပ်တော်ကို ထောက်ပံ့ပေးရုံမက ၁၉၅၁ နှစ်လယ်ပိုင်းမှာ ယူနန်ထဲကို ဝင်တိုက်တဲ့အခါ သူတို့ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။ ပြောစမှတ် ဖြစ်လောက်အောင် အကျင့်ပျက်ခြစားတဲ့ ဖောင်ဆီယာနွန်ရဲ့ အရည်အချင်းကိုတောင် အမေရိကန်တွေက လေးစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်ဘက်လာတဲ့ တပ်ဖွဲ့ဝင်တွေထက် ပိုပြီးသင့်လျော်သလို၊ ပိုပြီးစွမ်းဆောင်ရည်မြင့်လို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်တွေဟာ ဖောင်ရဲ့ရဲတပ်ဖွဲ့ကို ပိုပြီး အင်အားတောင့်တင်းစေပြီး ဆာရစ်ရဲ့ ကြည်းတပ်ကို ပြန်ထိန်းထေထားနိုင်လို့ ဖိဘွန်ကလည်း ကြိုက်ပါတယ်။
ဆီးဆပ္ပလိုင်းမှာ စီအိုင်အေက အကြံပေးပေါင်း ၃၀၀ နဲ့ အလုပ်လုပ်နေပါတယ်။ ဒါ့အပြင် အကြံပေး အနည်းငယ်က အထူးရဲတပ်ဖွဲ့မှာ လုပ်ပါတယ်။ အဲဒီအကြံပေးတွေဟာ ရဲလုပ်ငန်းမှာ ပြောပလောက်အောင် အတွေ့အကြုံမရှိပဲ သူတို့ထုတ်ပေးတဲ့ လက်နက်ပစ္စည်းတွေဟာ စစ်တပ်သုံးတွေသာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် သုံးလေ့သုံးထရှိတဲ့ဟာတွေ မဟုတ်ပါဘူး။ ဘာတွေလဲ ဆိုတော့ အမေရိကန်တွေ သိမ်းပိုက်ထားတဲ့ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်မှာ သိုမှီးထားတဲ့ ဒုတိယကမ္ဘာစစ်သုံး ပစ္စည်းတွေထဲက စိန်ပြောင်းတွေ၊ စက်သေနတ်တွေ၊ ရိုင်ဖယ်တွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေပါပါတယ်။ နောက်ပိုင်းမှာ ဆီးဆပ္ပလိုင်းက တင့်ကား၊ အမြောက်နဲ့ လေယာဉ်တွေကိုပါ ရဲတပ်ဖွဲ့အတွက် ထောက်ပံ့ပါတယ်။ ဆီးဆပ္ပလိုင်းရဲ့ လှုပ်ရှားမှုတွေ အထူးသဖြင့် သူတို့ရဲ့ လျှို့ဝှက်ထားတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သံအမတ်ကြီး တယောက် အနေနဲ့ စတန်းတန်ရဲ့ အပြောအဆိုဟာ သိပ်ပြီး သက်တောင့်သက်သာ မရှိလှပါဘူး။
- ချင်းမိုင်က အမေရိကန် ကောင်စစ်ဝန်ရုံးဟာ မြန်မာနိုင်ငံက လီမီရဲ့ လုပ်ငန်းတွေကို ထောက်ပံ့ပေးနိုင်အောင် ရည်ရွယ်ပြီး ဖွင့်တာလို့ တချို့က ထင်မြင်ချက်ပေးပါတယ်။ တရားဝင် စာရွက်စာတမ်းတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိဟောင်းတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေအရ အဲဒီထင်မြင်ချက်တွေကို မှန်ကန်တယ်လို့ ထောက်ပြနိုင်တာ မတွေ့ရပါဘူး။
- ဩဂုတ်လ ၂၃ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့တယ်လို့ ကက်သရင်း လာမိုးက ရေးပေမယ့် သူ့ Enquête sur une Armée Secrète စာအုပ်မှာ အသေးစိတ် မဖော်ပြထားပါဘူး။
- ဒဗလျူအီးအိုင် ကို စလည်ပတ်နိုင်တာနဲ့ ပီးယားစ် ဟာ ကြည်းတပ်ကို ပြန်လာပြီး ကိုရီးယားနဲ့ ဗီယက်နမ် စစ်ပွဲတွေမှာ ဝင်တိုက်ခဲ့လို့ ဆုတံဆိပ်တွေ ရခဲ့တယ်။
- ပြည်မကြီးက ပျောက်ကြားတပ်ဖွဲ့တွေကို သူတို့ လှုပ်ရှားတဲ့ ဒေသအလိုက် “ကွန်မြူနစ် ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တပ်မတော်တွေ” လို့ နာမည်ပေးတာဟာ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ပေးထားတာ ဖြစ်တယ်။
- ၁၉၅၉ ခုနှစ် ကွန်ဂရက်လွှတ်တော်ရှေ့ အစစ်ခံချက်မှာ ဘာ့ဒ်က ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက် တခု ရဖို့ အတွက် လာအိုနိုင်ငံမှာရှိတဲ့ အမေရိကန် အကူအညီပေးရေး တာဝန်ရှိသူ တဦးကို လာဘ်ပေးခဲ့တယ်လို့ ပါတယ်။ ဘာ့ဒ်အပေါ် စွပ်စွဲချက်တွေ တခုမှတော့ တရားရုံးမှာ သက်သေမပြနိုင်ခဲ့ဘူး။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုကို ပြန်ရင် တရားဥပဒေအရ ရင်ဆိုင်ရနိုင်ဖွယ် ရှိလို့ ဘာ့ဒ်က ထိုင်းနိုင်ငံမှာပဲ ဆက်နေတယ်လို့ ဘန်ကောက်မှာ ပြောကြတယ်။
- ဆစ်ထိဟာ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီး အဖြစ်နဲ့ အမေရိကန် သံတမန်တွေနဲ့ နီးစပ်စွာ အလုပ်လုပ်ဖူးတယ်။ နောက်ပိုင်းမှာ ဘုရင့်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်အဖြစ် အမည်စာရင်း တင်သွင်းခံရတယ်။
- ထိုင်းနိုင်ငံကို ၁၅၉၀ ကနေ ၁၆၁၀ အထိ နယ်မြေ အကျယ်ပြန့်ဆုံး အုပ်စိုးခဲ့တဲ့ ဘုရင် ဖရာ့နရေ့ဆွန် ရဲ့ နာမည်ကိုယူထားတာ ဖြစ်တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar