မိုးမခ ကဗျာရှည် - လင်းသက်ငြိမ် "အောင်မြင်တဲ့ အလံတော်"
မိုးမခ ကဗျာရှည်
စက်တင်ဘာ ၆၊ ၂၀၂၁
"အောင်မြင်တဲ့ အလံတော်"
လင်းသက်ငြိမ်
(၁)
လေမုန်တိုင်းတွေ ပြီးတော့ လေမုန်တိုင်း
မီးလျှံတွေ ပြီးတော့ မီးလျှံ
တနှစ်ပြီး တနှစ်
ကြီးရင့်လာရတဲ့ အသက်မှာ
လေပြည်လေညင်းပါမလာ
တခေတ်ပြီး တခေတ်
စီးဆင်းလာရတဲ့ အဖြစ်မှာ
ကြည်လင် ငြိမ့်ညောင်းမှု နတ္ထိ ။
(၂)
အဆင်မပြေခြင်းတွေကနေ
ပို၍အဆင်မပြေခြင်းများ
နာကျင်ခြင်းတွေကနေ
ပို၍နာကျင်ခြင်းများ
တိုင်းပြည်တပြည်ထဲမှာ
လူ့အဖြစ်ဟာ အောက်ဆုံးအထိ
ထိုးကျနေတယ်
တိုင်းပြည်တပြည်ထဲမှာ
ဘဝတွေဟာ ဆပ်ပြာပူဖောင်းလို
တဖောက်ဖောက် ကွဲပျက်နေကြတယ်
တိုင်းပြည်တပြည်ထဲမှာ
ပရိဒေဝသောကတွေ
တိမ်လို အုံ့ဆိုင်းနေကြတယ် ။
(၃)
အနာဂတ်ဟာ လူနိုင်နေတဲ့
သစ်ပင်တစ်ပင်လို ရိုးတံကျဲကျဲ
မနက်ဖြန်ဟာ လွှတ်တင်လိုက်တိုင်း
ပြန်ပြန်ပြုတ်ကျနေတဲ့ မီးပုံးပျံ
လက်ရှိအနေအထားက
ကျွတ်ဆတ်နေတဲ့ မုန့်လေပွေ
လူဟာ ဥာဏ်ပညာနဲ့ချစ်မေတ္တာရဲ့
အတောက်ပဆုံး သက်သေခံပစ္စည်းပဲ
လူဟာ သေခြင်းနဲ့ရှင်ခြင်းရဲ့ကြားက
အလှပဆုံး ပန်းချီကားပဲ ။
(၄)
လူဟာ
သူတို့ရရှိထားကြတဲ့ ကမ္ဘာကို
အကောင်းဆုံးတွေနဲ့ စီရင်ဖန်ဆင်းကြရမယ်
အမှန်တရားနဲ့ ပျော်ရွှင်မှုကို
မျှမျှတတ ချိန်စက်ဖြတ်သန်းကြရမယ်
ဘုရားတွေကို ဖန်ဆင်း
နတ်တွေကို တီထွင်
ကိုယ့်နိုင်ငံကိုယ် ထုဆစ်
ကိုယ့်အနုပညာကိုယ် ထွန်ယက်
ကိုယ်အယူဝါဒကိုယ် တင်သွင်း
ကိုယ့်ယုံကြည်မှုနဲ့ကိုယ်
ပျိုမြစ် အိုမင်းသွားကြမယ်
အဲ့ဒီလို တပ်မက်မှုနဲ့ လူ့အဖြစ်ကို
ချစ်ခဲ့တယ် ။
(၅)
အမိဝမ်းက ထွက်ကတည်းက
ရလာတဲ့ ယမ်းနံ့ဟာ
အခုထိ တလူလူ
လူမဖြစ်ခင်ကတည်းက
မသုတ်သင်နိုင်ခဲ့တဲ့ အဓမ္မဆူးညှောင့်ဟာ
အခုထိ သွေးအတိနဲ့ချွန်မြထက်ရှ ။
(၆)
ဂွာရာနီကားတွေကနေ
ပြည်တော်ဝင်သီချင်းတွေအထိ
ပြာအတိဖြစ်လိုက် ပြန်လည်ရုန်းထလိုက်နဲ့
သံသရာကိုပြတယ်
ငရဲကို ပြတယ်
ငါတို့ရဲ့
သစ်ရွက်ပေါ်နှင်းစက်လို
ဖြစ်တည်မှုကို ပြတယ် ။
(၇)
ကမ္ဘာကြီးကို ငါတို့တွေ
ခြေရာခံနေတုန်း
စကြဝဠာထဲ
အမှိုက်တွေ ပြည့်ခဲ့ပေါ့
မြို့လယ်ခေါင်က ညမီးရောင်တွေ
ဆင်ခြေဖုံးကို မလင်းနိုင်သေးခင်
ပြည်တွင်းဖြစ်ရေဒီယိုတစ်လုံးတောင်
ကျယ်ကျယ်ပြန့်ပြန့် ဥာဏ်မကစားရသေးခင်
သူတစ်ပါးဖွင့်ချပေးတဲ့
ရေပိုက်ခေါင်းကရေတစ်စက်တစ်ပေါက်ကို
အလုအယက်သောက်နေရတဲ့
နိုင်ငံတော် ။
(၈)
ယာဥ်အမျိုးမျိုးနဲ့လမ်းအမျိုးမျိုးကနေ
ရှိသမျှ အန်ထုတ်ပေးပြီး
ကိုယ့်အသားကိုယ် ဖဲ့စားနေရတဲ့
နိုင်ငံတော် ။
(၉)
မြေပေါ်မြေအောက် သဘာတွင်းထွက်နဲ့
အမြဲတမ်း ဆာလောင်နေရတဲ့
နိုင်ငံတော်။
(၁၀)
အကိုင်းလိုက် အခက်လိုက်နဲ့
အားကုန် ထိုးထွက်ခဲ့ပေမယ့်
ကိုယ့်အရိပ်ကိုယ် ငတ်နေရတဲ့
နိုင်ငံတော်။
(၁၁)
မငြိမ်းသေးတဲ့ မီးတောင်လို
နေ့စဥ်ရက်ဆက် စိတ်မချရခြင်းကို
ပွေ့ဖက်ထားရတဲ့
နိုင်ငံတော်
ဖျော့မှိန်မှိန် အလင်းနဲ့
ဘယ်နင်းပြားကိုမှ ကိုယ်စားမပြုနိုင်ခဲ့တဲ့
နိုင်ငံတော်
ကောင်းနိုးကောင်းနိုးနဲ့
အဆိုးအမျိုးမျိုးပဲ
လက်ခံရရှိထားရှာတဲ့ နိုင်ငံတော်။
(၁၂)
ငါတို့က
လဟာပြင်မှာတပ်ထားတဲ့ စကြာတွေ
ငါတို့က
လေပြင်းထဲက ဆီမီးတိုင်တွေ
ငါတို့က
ပြန်ပြန်ရှင်သန်လာရတဲ့ မြက်ပင်တွေ
ငါတို့က
ကိုယ်ရည်ကိုယ်သွေးတွေ ဖောက်ချခံထားရတဲ့
ကျောက်တုံးအရိုင်းတွေ ။
(၁၃)
မဲထည့်ရမယ်ဆို မဲထည့်
ကန့်ကွက်ရမယ်ဆို ကန့်ကွက်
ဆန္ဒပြရမယ်ဆို ဆန္ဒပြ
ကိုယ့်အသိနဲ့ကိုယ်
အမှန်တရားဘက် ရပ်ခဲ့တယ် ။
(၁၄)
တစ်ယောက်ချင်းစီမှာ
ချစ်မေတ္တာရှိတယ်
တစ်ယောက်ချင်းစီမှာ
နာကျင်မှုရှိတယ်
တစ်ယောက်ချင်းစီမှာ
အမှန်တရားရှိတယ်
တစ်ယောက်ချင်းစီမှာ
အိပ်မက်ရှိတယ်
တစ်ယောက်ချင်းစီမှာ
တော်လှန်ရေးအသိရှိတယ် ။
(၁၅)
ရထားဟာ သံလမ်းအတိုင်း
ခုတ်မောင်းသွား
မြစ်ရေဟာ သူ့အတိုင်း စီးသွား
တောင်တန်းတွေဟာ
တွန့်ခေါက်မြဲ တွန့်ခေါက်ကြ
ခွေးမြီးဟာ အစွပ်ကိုဖြုတ်လိုက်ရင်
အကောက်ပဲ ။
(၁၆)
မျက်နှာဖုံးအောက်က အစွယ်တွေ
ထိန်းမနိုင်သိမ်းမရ ရှည်ထွက်ကြ
အယောင်ဆောင်ဂီတဟာ
အူသံတွေ ပေါက်လာတယ်
သမိုင်းအတုကို စာတွေ့တွေ့ခဲ့ရပြီး
သမိုင်းအစစ်ကို ကိုယ်တွေ့တွေ့ခဲ့ရပေါ့
ပလ္လင်အောက်က သွေးစီးကြောင်းဟာ
နှစ်ကာလတွေထဲကနေ ဒီဘက်အထိ
ယိုစီး အိုင်ထွန်းလို့။
စစ်ပွဲဟာ မြို့တွေထဲ
ခုန်ပေါက်ရူးနှမ်းပြီးဝင်လာတယ်။
နေ့ရက်တိုင်း အမင်္ဂလာ
နေရာတိုင်း သုသာန်တစပြင်
ဖြစ်သမျှအကြောင်း
အလောင်းတောင်
မလှနိုင်တော့တဲ့ ပြည်သူတွေ။
(၁၇)
သေသူအဟောင်းတွေရဲ့အသံဟောင်းတွေနဲ့
သေသူအသစ်တွေရဲ့အသံသစ်တွေ
အစစ်အမှန် ရောစပ်မြည်ဟီးကြ
လေမတိုက်ပဲ လွှင့်နေတဲ့ အလံတွေ
အကာအကွယ်မဲ့ တက်လာတဲ့
ချီတက်ပွဲတွေ
ဘယ်သူမှ သင်မပေးဘဲ
ရင်ထဲက ပွင့်ထွက်လာတဲ့ ကြွေးကြော်သံတွေ။
(၁၈)
သူတို့ရဲ့
ရက်စက်မှုတွေက အရင်အတိုင်း
နှိပ်ကွပ်မှုတွေက အရင်အတိုင်း
ဖြိုခွင်းမှုတွေက အရင်အတိုင်း
ပြဌာန်းမှုတွေက အရင်အတိုင်း
ယုတ်မာပက်စက်မှုတွေကလည်း အရင်အတိုင်း။
(၁၉)
ငါတို့ရဲ့
အကာအကွယ်မဲ့မှုတွေကလည်း အရင်အတိုင်း
ငါတို့ရဲ့
လိုအပ်ချက်တွေကလည်း အရင်အတိုင်း
ငါတို့ရဲ့
ကျဆုံးမှုတွေကလည်း အရင်အတိုင်း
ငါတို့ရဲ့
နာကျင်မှုတွေကလည်း အရင်အတိုင်း
ငါတို့ရဲ့
ပေးဆပ်စတေးရမှုတွေကလည်း အရင်အတိုင်း
ငါတို့ရဲ့ အောင်ပွဲကတော့
အရင်အတိုင်း မဟုတ်ရဘူးတဲ့ ။
(၂၀)
လူငယ်တွေ
အားကစားနဲ့လိင်ဆန္ဒနဲ့မိဘအရှိန်အဝါနဲ့
ဆေးလိပ်နဲ့အရက်နဲ့လောင်းကစားနဲ့
အခိုက်အတန့်အရွယ်အပိုင်းအခြားကို
ပျော်သလို သုံးဖြုန်းပစ်လိုက်လို့ရတဲ့
လူငယ်တွေ
ပြည့်ဝန်ကိုထမ်းပြီး ရုန်းကြတယ်
ခေတ်အဆက်ဆက် ဇွန်ပန်းရုံကြီးအနီးက
နွံထဲကျွံနေတဲ့ နိုင်ငံတော်ကို
တရွတ်ဆွဲ တွန်းတင်ကြတယ် ။
(၂၁)
ကျောက်တုံးအောက်က
မြေဇာမြက်လို လူကြီးတွေ
မင်သက်ရ
အမြင်တွေကို
ဘယ်လို ချိုးကွေ့ပစ်လိုက်ကြတာလဲလို့
နဝေတိမ်တောင် မြည်တမ်းကြ
မယဥ်မကျေး ဘာသာရေးမရှိတဲ့ကောင်တွေ
မလိမ်မမာ ဘာကိုမှ အာရုံမထားတဲ့ကောင်တွေ
ဂိမ်းဆော့လိုက် ဂစ်တာတီးလိုက်
ဖွန်ကြောင်လိုက် ရန်ဖြစ်လိုက် မိုက်ရိုင်းလိုက်နဲ့
အခိုက်အတန့်ရတဲ့ ငယ်ဘဝကို
အလွယ်ကလေးဖွာရှိုက်ပစ်လိုက်တဲ့ကောင်တွေ
ဆိုင်းဘုတ်တွေ အငိုက်မိကြ
တံဆိပ်တွေ အရည်ပျော်ကွာကျ
တကယ့်အရေးမှာ လူငယ့်သွေးက
ပိုရဲတယ်လို့ မျက်ရည်စက်လက်
ကမ္ဗည်းထိုးကြရပြီ
အနာဂတ်ရှိတဲ့လူငယ်တွေရဲ့ တိုက်ပွဲကို
အနာဂတ်မဲ့နေတဲ့ လူကြီးတွေ
ရင်ကွဲပက်လက် နာကျင်ဝမ်းနည်းရ ။
(၂၂)
ဟိုမှာ တစ်ယောက်ကျသွားပြီ
သည်မှာတစ်ယောက် ပါသွားပြီ
ပေးလိုက်ရပြီဆို
ငါတို့ဘက်က အညွန့်အဖူးတွေချည်းပဲ
လွှတ်လိုက်ပြီဆို
ငါတို့ဘက်က ပြည်တန်ကျောက်တွေချည်းပဲ
ပန်းတွေပွင့်နေတာမဟုတ်တဲ့
သေမှုသေခင်းတွေက
တိုင်းပြည်ကို လှုပ်ခါတယ်
နိုင်ငံသားတွေကို လှုပ်နိုးတယ်
ချောက်ကမ်းပါးပေါ် တက်ကြ
အိပ်မက်ဆိုးက ထကြ
အနှောင်အဖွဲ့တွေထဲက ထွက်ကြ
ကြွေးကြော်သံကြီး တိုင်းပြည်အနှံ့
မြည်ဟီးလာ
လူထုဟာ မတုံးအကြတော့ဘူး
လူထုဟာ ဘယ်လိုသီးမခံနိုင်ကြတော့ဘူး
ညီအစ်ကိုတွေ
သွေးစည်းကြရမယ့် အချိန်ရောက်ပြီ
တစ်သွေးတစ်သားတည်း
စီးဆင်းပစ်ကြရမယ့် အချိန်ရောက်ပြီ ။
(၂၃)
ဘုရားတွေကို ခဏထားခဲ့
အယူဝါဒတွေကို ခဏထားခဲ့
ဘာသာစကားတွေကို ခဏထားခဲ့
အသားအရောင်တွေကို ခဏထားခဲ့
တောင်ပေါ်မြေပြန့်တွေကို ခဏထားခဲ့
နှောင်ကြိုးကို ဖြတ်တောက်ပစ်ကြမယ်
ထောင်နံရံတွေကို တွန်းဖွင့်ပစ်ကြမယ်
အဓ္ဓတရားတွေကို တိုက်ထုတ်ပစ်ကြမယ်
အကြမ်းဖက်မှုတွေကို နင်းချေပစ်ကြမယ်
သွေးစက်လက်နဲ့စာအုပ်ကို မီးရှို့မယ်
နီနီမနီနီ ညီနေရင်ရပြီ
စိမ်းစိမ်းမစိမ်းစိမ်း ဘယ်မှ မတိမ်းရင်ရပြီ
တလုံးချင်းနေရင် အဖိုးထိုက်တဲ့
ပုလဲကုံး ဘယ်ဖြစ်လာမလဲ
တပွင့်တည်းဆို
ကြယ်စုံညလို ဘယ်လင်းမလဲ
လက်ချောင်းကလေးတွေကို
ဆုပ်လိုက်ရင် ခွန်အား
ဘယ်လို ဆူးညှောင့်ခလုတ်မျိုးက
ငါတို့ကို တားလို့ ရနိုင်ပါဦးမလဲ ။
(၂၄)
ငါတို့ဘက်က မစခဲ့တဲ့ တိုက်ပွဲ
ငါတို့ရဲ့ အောင်ပွဲဖြစ်ရမယ်
နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရတဲ့
စိတ်ဝိညာဥ်တွေအတွက်
လွတ်လမ်းဖြစ်ရမယ်
နှစ်ပေါင်းများစွာ အကျဥ်းကျနေခဲ့တဲ့
အနာဂတ်အတွက် လူငယ်တွေ
ထွန်းညှိခဲ့တဲ့ ဆီမီး
နှစ်ပေါင်းများစွာ ဂျုံးဂျုံးကျနေခဲ့တဲ့
နိုင်ငံအတွက် လူငယ်တွေ
ရေးဖွဲ့ခဲ့ကြတဲ့ ကဗျာ
ခွန်နဲ့အားနဲ့ သန်စွမ်းတောက်ပလိမ့်မယ်
အစစ်အမှန် စိမ်းလန်းရှင်သန်လာလိမ့်မယ်။
(၂၅)
ငါတို့ဟာ လူသားတွေဖြစ်တယ်
ငါတို့ဟာ လွတ်လပ်သူတွေဖြစ်တယ်
ငါတို့ဟာ အမှန်တရားဘက်သားဖြစ်တယ်
ငါတို့ဟာ တော်လှန်သူတွေဖြစ်တယ်
ငါတို့ဟာ မတရားမှုကို
အဆုံးအထိ ဆန့်ကျင်ပုန်ကန်သွားမယ်
ငါတို့ဟာ အကြမ်းဖက်ဝါဒကို
အဆုံးအထိ ဆန့်ကျင်တယ်
ငါတို့ဟာ လူငယ်
ငါတို့ဟာ
အောင်မြင်တဲ့ အလံတော်ဖြစ်တယ် ။
လင်းသက်ငြိမ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar