Breaking News

မိုးမခအက်ဆေး - မြင့်အေး "သူခိုးစံတင်"

မိုးမခအက်ဆေး
စက်တင်ဘာ ၁၈၊ ၂၀၂၁

"သူခိုးစံတင်"
မြင့်အေး

ကျွန်တော်တို့ငယ်စဉ် (၁၉၇၂ လောက်က ကျောင်းသွားတဲ့လမ်းမှာ စံတင်ခြုံလို့ခေါ်တဲ့ဥသျှစ်ပင်လေးငါးပင်ကို စက္ကူပန်းတွေနဲ့ရစ်လွှမ်းထားတဲ့ ခြုံကြီးရှိပါတယ်။ စံတင်ခြုံလို့ အမည်တွင်ရတာက သူခိုးစံတင်အလောင်းကို ဖျာနဲ့လိပ်ပြီးထားခဲ့ဘူးလို့အမည်တွင်တာပါ။ 
ကျွန်တော်တို့ရွာက ပဲခူးတိုင်းအနောက်ခြမ်း ရွှေတောင်မြို့နယ်ထဲကပါ။

သူခိုးစံတင်ဆိုတာက အဲဒီကာလမှာ ကျွန်တော်တို့နယ်တဝိုက်အလွန်နာမည်ကြီး ခဲ့တဲ့လူဆိုးလူမိုက်ကြီးတဦးပါ။ လူကလည်းမိုက်သေး၊ ဒုတ်(တုတ်)ပြီး၊ ဓားပြီးတယ်လို့လည်းနာမည်ကြီးလေတော့ စံတင်ဟေ့ဆိုရင် ဘယ်သူမှအနားမသီဝံ့ကြပါဘူး။ 

ကျွန်တော်တို့ရွာတွေက မိုးအခါလယ်လုပ်သလို ဆောင်းအခါတွေမှာတော့ ကုန်းမြင့်တဲ့ယာကွက်တွေမှာ ဂေါ်ဖီစိုက်ပျိုးလေ့ရှိပါတယ်။ ရွားနီးချုပ်စပ် ကုန်းမြင့်မြင့်တွေဆို အားလုံးနီးပါးဂေါ်ဖီစိုက်ကြပါတယ်။ ပြောခဲ့ဘူးသလို ကျွန်တော်တို့ရွာလေးက သွေးသားတွေပဲ အများစုဆိုတော့ ညီညွတ်ကြပါတယ်။ ရွာသေးပေမဲ့ အနီးအပါးက ရွာကြီးတွေကလည်း လေးလေးစားစား ဆက်ဆံရပါတယ်။ 

 ဂေါ်ဖီစိုက်တယ်ဆိုတာက နေ့စဉ်ရေလောင်းရပါတယ်။ ကိုယ့်အိမ်ကနွားရှိရင်လည်း အနီးအပါးက တော်သင့်ရာ စားကျက်မှာ လှန်ထားရတာပါပဲ။ အလုပ်သိမ်းချိန်ရောက်မှ မောင်းထိုးလှန်ထားတဲ့နွားကိုရုတ်သိမ်းပြီး အိမ်ပြန်လေ့ရှိပါတယ်။ တနေ့သား မှောင်ရီပျိုးစမှာတော့ လူဆိုးကြီးစံတင်က ကျွန်တော်တို့ရွာနဲ့အနီးအနားရွာက ပြန်အလာ။ ရွာနောက်ဖေးက ကုန်းတခုမှာလှန်ထားတဲ့နွားမတကောင်ကို ဝင်ဖြုတ်ပါတယ်။ ပိုင်ရှင်ဖြစ်သူက မလုပ်ဘို့တားပေမဲ့ ငါစံတင်ဆိုတာမသိဘူးလားလို့ ပြောလည်းပြော နွားကိုလည်းဖြုတ်ယူပါတယ်။ (နောက်မှသိရတာက သူက သူ့ရွာက သူငယ်ချင်းဖြစ်သူရဲ့သားလေးရှင်ပြုပွဲမှာကျွေးဘို့ နွားတကောင်ပေးမယ်လို့ ကတိပေးထားတယ်ဆိုပါတယ်။ ရွာတွေကလည်း တခေါ်ဆီလောက်မှာတည်ထားကြလေတော့ သိပ်ကြာကြာစုံစမ်းစရာမှမလိုတာ)။
 
ဒီလိုနဲ့ပိုင်ရှင်ဖြစ်သူက ကျွန်တော်တို့ရွာသားတွေ ကယ်ကြပါဦး သူ့နွားကို စံတင်ဖြုတ်ယူနေပါတယ်လို့အော် ဟစ်အကူအညီတောင်းပါလေရော(တကယ်က သူ့ရွာနဲ့လည်း ဝေးတာမဟုတ်ပါ။ ကျွန်တော်တို့ရွာကညီညွတ်မှန်းသိလေတော့ လူမိုက်ငှားတာလို့ လူကြီးတွေက ပြန်ပြောပြဖူးပါတယ်။) အဲဒီအချိန်က ဂေါ်ဖီသမားတွေ အခင်းသိမ်းပြီးပြန်လာကြခါစပါ။ ဒါနဲ့ကျွန်တော့ရွာသားများက အော်သံကြားရာကို အပြေးအလွှားသွားကြပါတယ်။ အနားရောက်တော့ သူခိုးကြီးစံတင်ဆိုတာသိတော့ အတော်နဲ့အနားမကပ်ရဲကြပါဘူး။ ဒီလိုနဲ့ လူတွေက လေးငါးဆယ် ယောက်ဖြစ်လာတော့ လက်ထဲက နွားကိုလွှတ်ဖို့ ပြောကြတာပေါ့။ 

စံတင်က တယောက်ထဲမဟုတ်ပါ အဖော်တယောက်ပါပါသေးတယ်။ အဖော်ဖြစ်သူကို နွားကိုကိုင်ခိုင်းလိုက်ပြီး မိုက်တဲ့ကောင်အနားကပ်ခဲ့စမ်းဆိုပြီးပါလာတဲ့သူ့ရဲ့ လက်သုံးတော်ဓားနဲ့ စိန်ခေါ်ရော။ တခြားရွာကလူတွေလည်းရောက်လာကြတယ်။ တစထက်တစများလာကြတော့ သူနဲ့ပါ လာတဲ့တယောက်က နွားလွှတ်ပြီးထွက် ပြေးရော၊ ရွာသားတွေကလည်း တယောက်ထဲကျန်တဲ့ စံတင်ကို လက်ထဲက ဓားကိုချပြီး ပိုင်ရှင်ကိုတောင်းပန်ခိုင်းကြတယ်။ စံတင်ကမရဘူး။ စံတင်ဘယ်တော့မှ မတောင်းပန်ဘူးကွ မိုက်လို့နာမည်တလုံးနဲ့ရပ်တည်နေတာ ငါသေမှပဲ မင်းတို့ငါ့ဓားကိုရမယ်ဆိုပြီး ဆက်စိန်ခေါ်နေတော့တာပဲ။ နောက်ဆုံးတော့ ကျွန်တော့ရွာသားများလည်း စံတင်ကိုမရှင်းရင်မရတော့ဘူးဆိုတာသိလိုက်ကြပြီး ခဲနဲ့ပစ်၊ ရေထမ်းတံပိုးတွေနဲ့ဝင်ရိုက်ကြတော့တာပေါ့။ ဒုတ်(တုတ်)ပြီး၊ ဓားပြီးမဟုတ်ပေမဲ့ လူအများကို အတော်ခံချပြီးမှ သေတယ်။ စိတ်မကောင်းစရာက နွားပိုင်ရှင်ရဲ့ရွာသားတွေက ဘေးကကြည့်ရုံပဲ ကြည့်နေခဲ့ကြတယ်။ ဒီလိုနဲ့စံတင်သေသွားရော။ သူ့အလောင်းကို စောစောကပြောတဲ့စံတင်ခြုံကြီးမှာ ထားလိုက်ကြတာပေါ့။ အဲဒီခြုံကြီးက နှစ်ရွာကြားဆိုပါတော့။

နောက်နေ့ရောက်တော့ရဲတွေရောက်လာကြတယ်။ နွားပိုင်ရှင်မေးတော့ ကျွန်တော်တို့ရွာသားတွေသတ်တာပါလို့ ဖြေရော။ သူ့ရွာသားတွေကလည်း ကျွန်တော်တို့ရွာသားတွေသတ်တာပါလို့ပဲ ဖြေကြတယ်။ ကျွန်တော်တို့ရွာထဲမှာတော့ အားလုံးသတ်တယ်ဖြေဘို့ ညှိထားကြတယ်။ ရဲမေးတော့လည်း အဲဒီလိုပဲ ဖြေခဲ့ကြတယ်။ မိန်းမတွေကလည်း ထောင်ကျရင် တအိမ်တယောက်လိုက် ငါတို့လုပ်စားနိုင်တယ်လို့ ပြောခဲ့ကြတယ်။ နောက်တော့ စံတင်ကလည်း နာမည်ပေါက်လူဆိုးကြီးဖြစ်လို့ ဘယ်သူမှထောင်တန်းမကျပဲ ပြီးသွားခဲ့တယ်။ အဲ.. နွားပိုင်ရှင်ရယ် သူ့ရဲ့ ရွာသားတွေရယ်ကိုတော့ ကျွန်တော်တို့ရွာက အသေအချာမှတ်ထားခဲ့ကြတယ်။ သူ့အရေးကိုဝင်ကူတဲ့သူတွေကို ချောက်ချတယ်လို့မှတ်ခဲ့ကြတယ်။ တကယ်ဆို လူအများကြီး ကျွန်တော်လည်း ဘယ်သူလည်းမသိဘူးလို့ပြောခဲ့သင့်တယ်လို့မြင်ကြတယ်။

မမျှော်လင့်ပဲရလိုက်တဲ့အမြတ်လည်းရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့ရွာသားတွေဘယ်သွားသွား ဘယ်သူကမှမတော်မတရားမစော်ကားရဲတာပဲ။ ရွာက ကျွန်တော့ဦးလေးတယောက်အိမ်မှာ အဲဒီစံတင်ဆီကရခဲ့တဲ့ ဓားရှိတယ်။ 

မြင့်အေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar