Breaking News

မောင်မောင်စိုး - AA အပစ်ရပ်ခြင်း - အပိုင်း (၅)



မောင်မောင်စိုး - AA အပစ်ရပ်ခြင်း  - အပိုင်း (၅) 
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၁

၇။ အဓိကပြသနာ 
Legal Aid network ၏ AA အပစ်ရပ်ခြင်းနှင့်ပတ်သက်၍ သုံးသပ်သည့် စာတမ်းတွင် ဥပမာပြုခံရသည့် KNU လည်း အပြောမလွတ်ခဲ့ပါ။ အဓိကအချက်မှာ KNU သည် လောလောဆယ် တပ်မတော်အားတိုက်ခိုက်နေခြင်းသည် နည်းပရိယာယ်အရသာဖြစ်ပြီး မဟာဗျူဟာအရ NCA ကိုစွဲကိုင်ထားရာ အာဏာရှင်အပြုတ်တိုက်ရေးအတွက် မထိရောက်ဟုဆိုထားသည့်အပြင် KNU သည်  ပြည်ထောင်စုတခုလုံးလွှမ်းခြုံသက်ရောက်စေမည့် ဖက်ဒရယ်တပ်မတော် တည်ဆောက်ရေးအား ချဉ်းကပ်ဆောင်ရွက်မှုမျိုးမတွေ့ရဟု ဆိုထားသည်။ UWSA နဲ့ပတ်သက်၍ရော KNU နှင့်ပတ်သက်၍ရော AA အပစ်ရပ်ခြင်းနှင့်ပတ်သက်၍ရော legal aid network ၏ ထောက်ပြပစ်တင်နေသည့် အဓိကအကြောင်းရင်းမှာ လက်ရှိအချိန်တွင် မြန်မာဒီကရက်တစ်များပြောနေသည့် အင်အားများစုစည်း၍ ဘုံရန်သူကို ဦးတည်တိုက်ရေးဖြစ်သည်။ ဤသို့တိုက်ခိုက်ရာတွင်မပါဝင်သည့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအား ပစ်တင်ဝေဖန်နေခြင်း၏ အဓိကအကြောင်းရင်းပင်ဖြစ်သည်။ 

သို့သော် လက်တွေ့တွေ့နေရသည့်ပြသနာမှာ ပြည်မမြန်မာဒီမိုကရက်တစ်များ၏ ဒီမိုကရေစီရေစီးကြောင်းနှင့် တိုင်းရင်းသားလူမျိုးတို့၏
ဖက်ဒရယ်ရေစီးကြောင်းမဆုံနိုင်သည့်ပြသနာဖြစ်သည်။ ဖက်ဒရယ်ဆိုသည့် ဝေါဟာရ ပွင့်လင်းလာသည့် ပြီးခဲ့သည့် ၁၀ နှစ်ကာလတွင်ပင် ပြည်ထောင်စုခေါ်ဝေါ်သမုတ်ကြသည်က မတူကြပေ။ တိုင်းရင်းလူမျိုးများ၏ဦးစားပေးမှာ ဖက်ဒရယ်ဖြစ်သည်။ ဖက်ဒရယ်အခွင့်အရေးရရှိရေးဖြစ် သည်။ ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟုခေါ်ဆိုကြသည်။ မြန်မာဒီမိုကရက်တစ်များအတွက် ဒီမိုကရေစီကရေစီရရှိရေးသည် အဓိကဖြစ်သည်။ ဒီမိုကရေစီရလျင် ကျန်ပြသနာများကို ဖြေရှင်းနိုင်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဟုသုံးနှုံးကြသည်။ ဤသည်မှာ သာမန်ဝေါဟာရပြသနာမဟုတ်။ လေးနက်သည့်အဓိပ္ပါယ်များပါသည်။ ဖက်ဒရယ်တောင်းဆိုသည့်တိုင်းရင်းသားလူမျိုးများ၏ တောင်းဆိုချက်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြင် သူတို့လူမျိုး၏အမျိုးသားကိုယ်ပိုင်လက္ခဏာလည်း ပါဝင်သည်ကိုသတိပြုရန်လိုသည်။ ဒီမိုကရေစီရရုံ၊ ဖွံ့ဖြိုးတိုးတက်ရုံနှင့် ပြသနာဖြေရှင်း၍ ရမည်ဆိုလျင် စကော့တလန်သားတို့ UK မှ ခွဲထွက်ရေး တောင်းဆိုမည်မဟုတ်ပေ။ ဒီမိုကရေစီနှင့်ဖက်ဒရယ်ရေစီးပေါင်းဆုံဖို့ဆိုလျင် ဤနိုင်ငံ းအမြင်နှင့်ပတ်သက်၍ မတူကွဲပြားမှုအားအဖြေရှာနိုင်ရန်လိုအပ်သည်။ 

အတူတကွ လွတ်လပ်ရေးယူခဲ့သော်လည်း ဖက်ဒရယ်မရခဲ့ဟု ယူဆထားသည့် တိုင်းရင်းသားများအနေနှင့်အတူတကွ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရုံနှင့် ဖက်ဒရယ်ရမည်ဆိုသည်ကို အလွယ်တကူလက်သင့်ခံရန် ခက်ခဲပေနေပေလိမ့်မည်။ 

ထို့ပြင် မတူကွဲပြားသည့် နောက်ပြသနာတခုမှာ တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်အကောင်အထည်ဖေါ်ရာတွင် အဓိကနည်းလမ်းမှာ လက်နက်ကိုင်တိုက်ခိုက်ခြင်းဖြစ်သည်။ မြို့ပေါ်နိုင်ငံရေးလမ်းကြောင်း ဝါ လွှတ်တော်နိုင်ငံရေးကအရံဖြစ်သည်။ မြန်မာဒီမိုကရက်တစ်များအတွက် ဥပဒေတွင်းနိုင်ငံရေးကအဓိကဖြစ်သည်။ အထူးသဖြင့် ပြီးခဲ့သော ၁၀ နှစ်အတွင်း လွှတ်တော်နိုင်ငံရေးက အဓိကဖြစ်ခဲ့သည်။ မြန်မာဒီမိုကရက်တစ်များ လက်နက်ကိုင်လမ်းကြောင်းသို့ရောက်လာသည်မှာ လပိုင်းသာရှိသေးသည်။ သို့ဖြစ်ရာ ဖြတ်သန်းမှုမတူကြ။ တိုက်ပွဲဝင်သည့်အတွေ့အကြုံမတူကြ။ စဉ်းစားသုံးသပ်ပုံများ မတူကြပေ။

ကြည့်မြင်ပုံခြင်းမတူကြရာ အလွယ်တကူပေါင်းစပ်ရန် မဖြစ်နိုင်ပေ။ နားလည်မှုတည်ဆောက်ရန်လိုပေလိမ့်မည်။ နောက်တချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်  နှစ်ပေါင်းများစွာလက်နက်ကိုင်တိုက်ခိုက်ခဲ့ကြပြီး လွန်ခဲ့သည့် ၁၀  ကမှစ၍ NCA လမ်းကြောင်းဟု အလွယ်ခေါ်သည့် ဆွေးနွေးပွဲလမ်းကြောင်းတွင်းရောက်ရှိနေကြသည်။ သို့ဖြစ်ရာ အချို့မှာ ချက်ခြင်းအလှည့်အပြောင်းပြုရန် ခက်ခဲ
သည်။ ထို့ပြင် စစ်ပွဲများသည် ပြိးခဲ့သော အနှစ် ၄၀ ကျော်အတွင်း တိုင်းရင်းသားဒေသများတွင်သာဖြစ်ခဲ့ပြီး စစ်ဘေးစစ်ဒဏ်သင့်ကို ပြင်းပြင်း ထန်ထန်ခံစားခဲ့ရသည်။ ရွာများပျက်စီးခြင်း၊ စစ်ဘေးဒုက္ခသည်များအဖြစ် အိုးပစ်အိမ်ပစ် အသက်လုပြေးရခြင်းများကြုံခဲ့ရသည်အပြင် အချို့စစ်ဘေးဒုက္ခသည်များ ယခုတိုင် အိမ်ပင်မပြန်နိုင်သေးပေ။ ယခု တဖန် ၎င်းတို့၏ဒေသတွင် စစ်ပွဲတဖန်ပြန်ဖြစ်ပါက စစ်ဘေးဒုက္ခသည်ဖြစ်လာမည့် ဒေသခံလူထုအား မည်သို့တာဝန်ယူရမည်ကို ထည့်သွင်းတွက်ချက်လျက်ရှိကြသည်ကို သတိပြုရန်လိုသည်။ 

ထို့ပြင် လက်တွေ့ စစ်ပွဲဖြစ်လာလျင် လိုအပ်သည့် လက်နက်ခဲယမ်းတပ်ဆင်မှု အတွက် အချို့အဖွဲ့များ အဆင်ပြေသော်လည်း အချို့အခက်အခဲရှိသည်။ ထိုင်းနယ်စပ်သတင်းများအရ အမ် ၁၆  သေနတ် တလက် ဘတ် တသိန်းခွဲ၊ အမ် ၁၆ ကျည် တတောင့် ဘတ် ၂၅ မှ ဘတ် ၃၀၊ အာပီဂျီလောင်ချာ တလက် ဘတ် တသိန်း၊ အာပီဂျီ ကျည်တတောင့် ဘတ် တသောင်း စသဖြင့် ဈေးကောင်းနေသည့်အပြင် အမြောက်အများ ဝယ်ယူရရှိရန် အကန့်အသတ်ရှိသည်။ ထိုအခက်အခဲများကို ချက်ခြင်းလက်ငင်း ဖြေရှင်းရန် မဖြစ်နိုင်ဘဲ အချိန်ယူရန်လိုအပ်သောအဖွဲ့များရှိသည်။ 

Legal Aid network က ရည်ညွှန်းသည့် ဖက်ဒရယ်တပ်မတော်ဆို သည်ကိုလည်း ၂၀၁၅ ခုနှစ်မတိုင်မှီ KNU အပါအဝင် UNFC ကစဉ်းစားလုပ်ဆောင်ခဲ့ပါသေးသည်။ မြောက်ပိုင်း၊တောင်ပိုင်းစစ်တိုင်းများခွဲဝေလှုပ်ရှားရန် စီစဥ်ခဲ့ကြ‌ပါသေးသည်။ လက်ရှိ AA ခေါင်းဆောင်တဦးကိုပင် ဖက်ဒရယ်တပ်မတော်ယူနီဖေါင်းနှင့် တွေ့နိုင်သေးသည်။ သို့သော် လက် တွေ့တွင် မြန်မာပြည်၏ အရှေ့အနောက်တောင်မြောက်တနေရာစီကွဲနေသောတိုင်းရင်းသားတပ်များအား စုစည်းရန်၊ ဟန်ချက်ညီလှုပ်ရှားရန်၊
ဘဏ္ဏာရေးနှင့်လက်နက်ခဲယမ်းပြသနာဖြေရှင်းရန် အခက်အခဲရှိနေ၍သော်
၎င်း နိုင်ငံရေး စစ်ရေးအမြင်ကွဲပြားမှုကြောင့်သော်၎င်းစသည့် အကြောင်း ကြောင်းကြောင့် အကောင်အထည်မပေါ်ခဲ့ပေ။ မကြိုးစားခဲ့ကြသည်တော့မဟုတ်ပေ။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ကိုယ့်တိုင်းရင်းသားလူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်ကို ကိုယ်စားပြု၍၎င်း၊ အကျိုးစီးပွါးကိုရှေ့ရှု၍သော်၎င်း ဖွဲ့ခဲ့ကြခြင်းဖြစ်သကဲ့သို့  ကိုယ့်တိုင်းရင်းသားလူမျိုးအားစည်းရုံးသိမ်းသွင်းပြီး သူတို့၏ထောက်ခံမှုနှင့်ရပ်တည်ခဲ့ကြခြင်းဖြစ် သည်။ ကိုယ့်တိုင်းရင်းသားလူမျိုးနှင့်ကိုယ့်ဒေသကို မျက်မှောက်ပြုကြမည်သာဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် တစုတဖွဲ့ချင်းအရ အင်အားနည်းသည်ဖြစ်ရာ အချင်းချင်းမဟာမိတ်ဖွဲ့ရန်လိုအပ်သည်ကိုလည်းသ်ိကြသကဲ့သို့ လက်တွေ့လည်းဖွဲ့ခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့သည် သူတည်ဆောက်နိုင်သည့် အင်အားအရ၊ လူထုထောက်ခံမှုအရ သူ့ပြည်နယ်၊ သူ့ဒေသအပြင်ဖက်ထွက်၍ စစ်ဆင်နိုင်ရန် အကန့်အသတ်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုခုက တပြည်လုံးအတိုင်းအ တာဆောင်သည့် တပ်ပေါင်းစုတခု ဦးဆောင်ဖွဲ့စည်းရန်လည်း ခက်ခဲသည်။ ဤအလုပ်သည် မြန်မာဒီမိုကရက်တစ်များလုပ်ရမည့်အလုပ်ဖြစ်သည်။ 

သို့သော် ယနေ့ပြည်တွင်းနိုင်ငံရေးအကြပ်အတည်းအား၎င်း ပြည်မနိုင်ငံ ရေးအား၎င်း တိုင်းရင်းသားလက်နက်ကိုင်များ မျက်ခြေပြတ်နေသည်တော့မဟုတ်ပေ။ သူတို့နီးနီးကပ်ကပ်စောင့်ကြည့်နေကြသည်သာဖြစ်သည်။ယခုကဲ့သို့ အုံးအုံးကြွက်ကြွက်ဖြစ်နေသည့်အချိန်မဆိုထားနှင့် ပုံမှန်အချိန်မှာပင် သူတို့မပြတ်အကဲခတ်လေ့‌လာစောင့်ကြည့်နေသည်သာဖြစ်သည်။  တချိန်တည်းတွင် သူတို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ သူတို့တိုင်းရင်းသားလူမျိုး၊ သူတို့ဒေသ/ပြည်နယ်အတွက် အကျိုးရှိသည့်အခြေ အနေကို မည်သို့ရယူမည်နည်းဆိုသည်ကို တွက်ဆနေကြသည်သာဖြစ် သည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း လက်နက်ကိုင်တိုက်ပွဲအတွေ့အကြုံ ၊ နိုင်ငံရေးအတွေ့အကြုံရှိကြသည်ကို သတိပြုရန်လိုပါသည်။ 

တိုင်းရင်းသားလူမျိုးအားလုံး၏လူဦးရေသည် ၃၀%ကျော်သာရှိပြီး မြန်မာလူဦးရေသည် ၆၀%ကျော်ရှိသည်။ တိုင်းရင်းသားလူမျိုးတမျိုးချင်း၊ ပြည်နယ်တနယ်ချင်း၏ လူဦးရေသည် မြန်မာထက်စာလျင်များစွာနည်းသည်။ ရခိုင်ဆိုလျင် ၅% ဝန်းကျင်ရှိမည်။ ကယားပြည်နယ်ဆိုလျင် ၁% ပင်မပြည့် ၊ ချင်းပြည်နယ်ဆိုလျင် ၁ % သာရှိသည်။ သို့ဖြစ်ရာတပ်ပေါင်းစုဖွဲ့ရေး၊ စည်းလုံးညီညွတ်ရေး၊ဖက်ဒရယ်တပ်မတော်ဖွဲ့ရေးတို့နှင့်ပတ်သက်၍ပြောလျင် ကျန်တိုင်းရင်းသားလူမျိုးများထက် လူများစုဖြစ်သော မြန်မာဒီမိုကရက်တစ်များက ပို၍တာဝန်ရှိပေလိမ့်မည်။ 

တကယ်တမ်း အားမနာတမ်းပြောရလျင် မြန်မာလူမျိုးတို့တွင်လည်း သူ့အင်အားနှင့်သူ စုစည်းခေါင်းဆောင်နိုင်မည့်ပါတီ ဝါ ခေါင်းဆောင်ရှိသည်။တိုင်းရင်းသားလူမျိုးတို့တွင်လည်း သူ့အင်အားနှင့်သူ စုစည်းခေါင်းဆောင်နိုင်သည့်ပါတီ ဝါ ခေါင်းဆောင်ရှိပါသည်။ သို့သော် တပြည်လုံးအတိုင်း အတာအရ မြန်မာလူမျိုးများကိုရော၊ တိုင်းရင်းသားလူမျိုးများကိုရော၊ (ဝါ) ဒီမိုကရေစီရေးရော၊ ဖက်ဒရယ်ရေးပါ တညီတညွတ်တည်းဖြစ်အောင် စုစည်းခေါင်းဆောင်နိုင်သည့် ပါတီနှင့်ခေါင်းဆောင်မရှိခြင်းသည် အဓိကပြသနာဖြစ်သည်ဟုဆိုရပါမည်။ 
နိုင်ငံရေးနည်းပရိယာယ်ပြသနာ တိုင်းပြည်တပြည်တွင် ပဋိပက္ခကြီးကြီးမားမားဖြစ် ထိပ်တိုက်ရင်ဆိုင်ကြသော ဖက်နှစ်ဖက်သည် ကျန်သည့်အင်အားများကို ကိုယ့်ဖက်ပါအောင် နှစ်ဖက်လုံးက စည်းရုံးသိမ်းသွင်းလေ့ရှိကြသည်။ တဖက်တည်းက စည်းရုံးသိမ်းသွင်းနေသည်မဟုတ်ပေ။ ဤသို့နှစ်ဖက်လုံးကစည်းရုံးသိမ်းသွင်းကြသည်မှာ အထူးအဆန်းမဟုတ်သလို ထိုသို့အပြိုင်စည်းရုံးသိမ်းသွင်းရမည်ကို သဘောပေါက်ရန်လိုသည်။ AA ခေါင်းဆောင်တဦးပြောသည်ကတော့ "အရင် သူတို့နှစ်ဖက်အဆင်ပြေနေတုန်းက နှစ်ဖက်ပေါင်းပြီး ကျနော်တို့ကိုတိုက်ကြတယ်၊ အခု သူတို့ နှစ်ဖက်အဆင်မပြေတော့ သူတို့ဖက်က ပါဖို့နှစ်ဖက်လုံးက ဆွဲဆောင်ကြပြန်ရော" ဆိုသည်မှာ လက်တွေ့အခြေအနေဖြစ်သည်။ 

နိုင်ငံရေးတွင် တဖက်ရန်သူအား အထီးကျန်ဖြစ်အောင် မိမိအင်အားများကို စုစည်းခြင်း၊ မိမိဖက်မပါတောင် မိတ်ဆွေအဖြစ်သဘောထားခြင်းမှသည် ကြားထားနိုင်အောင်ကြိုးစားသည်အထိ ထိပ်တိုက်တွေ့နေသည့် ပြိုင်ဖက်တိုင်းပြုလုပ်ကြသည်။ ဤသို့ စည်းရုံးရာတွင် ပျော့ပြောင်းဖို့သည်။ အကျိုးအကြောင်းအချက်အလက်ဆီလျော်သင့်မြတ်ဖို့လိုသည်။ ရရှိမည့် နိုင်ငံရေးအကျိုးအမြတ်အား ရှင်း ရှင်းလင်းလင်းရှိစေဖို့လိုသည်။ လိုက် လျောသင့်သည်ကိုလိုက်လျောရန်လိုသကဲ့သို့ အလျော့ပေးနိုင်သည်များကို အလျော့ပေးရန်လိုသည်။ မိမိအင်အား မဖြစ်တောင် မိတ်ဆွေဖြစ်ဖို့လိုသည်။ မိတ်ဆွေမဖြစ်တောင် ကြားထားနိုင်ဖို့လိုသည်။ အထူးသဖြင့် တဖက်ပြိုင်ဖက်ထံ တွန်းမပို့ရန်လိုသည်။ 

ဤသို့ဆွဲဆောင်သိမ်းသွင်းရန်လိုသည့်အင်အားစုများအား ပစ်တင်ရှုံ့ချ၍သော်၎င်း၊ ထိုးနှက်တိုက်ခိုက်၍သော်၎င်း၊ စွပ်စွဲပစ်င်၍သော်၎င်း၊ ပကတိအခြေအနေနှင့်မကိုက်ညီသော ကောက်ချက်များချ၍သော်၎င်းစည်းရုံးသိမ်းသွင်း၍ မရနိုင်သည့်အပြင် တဖက်သို့တွန်းပို့ရာရောက်ပေလိမ့်မည်။ ဤသို့သော အခြေအနေအား နိုင်ငံရေးရှုဒေါင့်မှကြည့်လျင် နိုင်ငံရေးနည်းပရိယယ်မကြွယ်ဝ၊ လိမ္မာပါးနပ်မှုမရှိဟု သုံးသပ်ကြပေလိမ့်မည်။ ဥပဒေရှုဒေါင့်ကကြည့်လျင် ရှေ့နေငှါးမှ ထောင်လုံးလုံးကျတော့သည်ဟု ဆိုကြမည်ထင်ပါသည်။ 

ပြီးပါပြီ။
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar