Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - '' မောင်သင်းခိုင်နဲ့ ဟင်းချက်တဲ့အနုပညာ ''

Photo - Crd

မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၂၂၊ ၂၀၂၁
'' မောင်သင်းခိုင်နဲ့ဟင်းချက်တဲ့အနုပညာ ''
ဝင်းမင်းခိုင်


'ဟင်းချက်တယ်ဆိုတာ အနုပညာတခုပဲကွ..'

ကဗျာဆရာ နေထက်နိုင်အိမ်မှာသွားနေတဲ့ရက်တွေ၊ ကဗျာဆရာမိုးဇော်နေတဲ့အခန်းမှာအိပ်ဖြစ်တဲ့နေ့တွေ၊ တခါတလေ ကဗျာဆရာညွန့်သစ်ရဲ့ရ ပ်ကွက်ထဲကဈေးမှာ ကြွတ်ကြွတ်အိပ်တလုံးနဲ့ဈေးဝယ်နေတဲ့မောင်သင်းခိုင်ကို တွေ့ရတတ်ပါတယ်။
ဆိုင်ဟင်း ဆိုင်ထမင်းတွေစားရတာ ကြာတော့ငြီးလာတယ်ကွ၊ ကိုယ့်ဘာသာကိုယ်ချက်‌တော့ကိုယ့်စိတ်တိုင်း ကျ စားချင်တာလေးတွေစားရတာပေါ့ကွာ။
အမဲသားက အသားတွေထဲမှာ ပရိုတိန်းအများဆုံးပဲ? မကြာခဏစားပေးသင့်တယ်၊ ကန်စွန်းရွက်က ဗိုက်တာမင် အေ ကွ၊ မျက်လုံးအတွက်ကောင်းတယ်၊အလွန်အကျွံစားရင်တော့ ဆံပင်တွေဖြူလာတတ်တယ်လို့ ဖတ်ရတယ်၊ ဟင်းသီးဟင်းရွက်တွေအားလုံးက ဖိုက်ဗာ(အမျှင်)ဓာတ်တွေရတာချည့်ပဲ ဝင်းမင်းခိုင်ရ။

အကိုကြီးမောင်သင်းခိုင်က ဈေးဝယ်ရင်း သားငါးသီးနှံတွေမှာပါတဲ့အာဟာရဓာတ်တွေကို ရှင်းပြတတ်ပါတယ်။
ပျဉ်းမနားမှာပြန်နေတဲ့အချိန်တွေဆိုရင် မနက်အစောကြီးဈေးထဝယ်တတ်တယ်၊ ခင်ခင်မင်မင်ဖော်‌ဖော်ရွေရွေနေတတ်သူဆိုတော့ ဈေးသည်တွေက သူ့ကိုမြင်ရင် အဝေးကြီးကထဲကလှမ်းအော်နှုတ်ဆက်ကြတယ်။
သူက အမတန်အမ၊ ညီမအရွယ်ညီမ၊ အဒေါ်အရွယ်အဒေါ်ခေါပြီး ဈေးဝယ်ရုံတင်မကဘူး မိသားစုရေးရာလေးတွေပါ နွေးနွေးထွေးထွေးမေးမြန်းပြောဆိုတတ်တော့ ချစ်ကြခင်ကြတာပေါ့။
သူတို့ရောင်းတဲ့ပစ္စည်း‌တွေကို ပိုပိုသာသာ‌လေးလဲ ထဲ့ပေးတတ်ကြတယ်။

တော်ပြီငါ့ညီမ၊ ညည်းထဲ့ပေးတာများနေပြီ၊ ရပြီအမ ထပ်မထဲ့နဲ့တော့လို့ မောင်သင်းခိုင်ကပြောရတားရတတ်တယ်။
မေတ္တာပေးရင် မေတ္တာပြန်ရတယ် ( Action to reaction) တူညီတဲ့တုံ့ပြန်မှုဆိုတာ အဲဒါကိုပြောတာကွ။
သူတို့မိသားစုအရေးတွေကို မိသားစုဝင်တယောက်လို စိတ်ဝင်တစားမေးမြန်းပြောဆိုတော့ သူတို့ကိုလေးလေး စားစားအသိအမှတ်ပြုတော့ ချစ်ကြခင်ကြ ဝမ်းပမ်းတသာတုံ့ပြန်တတ်ကြတာပေါ့ကွာ။

တိုင်းပြည်တခုရဲ့ စီးပွားရေးနဲ့ယဉ်ကျေးမှုကိုသိချင်ရင် ၊ ဈေးနဲ့ ဘုရားကျောင်းကန်တွေကိုသွားရတယ်လို့ ဆရာဒဂုန်တာရာက ပြောဖူးတယ်ငါ့ညီရ။

အရက်သောက်တာ နားပြီဆိုရင် ဟင်းသီးဟင်းရွက်တွေ၊ ငါးရှဉ့်တွေ၊ အမဲဝမ်းတွင်းသားတွေဝယ်ပြီး ကိုယ်တိုင်ဟင်းကိုင် ကိုယ်တိုင်ချက်ပါတယ်။
သားငါးတွေကို အရိအရွဲတွေစင်အောင်လုပ်အတုံးလိုက်ကိုင်ပြီးတာနဲ့ ဆနွမ်းများများ ဆားများများနဲ့နယ်ပြီး ၁၅ မိနစ်လောက်ထားပြီးမှ အတုံးသေးလေးတွေတုန်းပါတယ်၊၊
သံပိုးအပါအဝင် တခြားပိုးတွေသေအောင် ဆားများများ၊ ဆနွမ်းများများနဲ့နှပ်ထားတာလို့ပြောပါတယ်။

' ဟဲ့ အတူး၊ နင့်ဟင်းတွေမကျက်သေးဘူးလား၊ နင်ပြီးရင် ချက်စရာတွေရှိသေးတယ်' ဟဲ့ ဆိုတဲ့ အဒေါ်အပျိုကြီး ဒေါ်အုန်းခင်ရဲ့ အသံကိုလည်း မကြာခဏကြားရတတ်ပါတယ်။

ငရှဉ့်ကသွေးအားကောင်းတယ်ကွ၊ သင်္ချိုင်းကုန်းက ငရှဉ့်ကြီးတွေဆို ပိုတောင်အသားပေါသေးတယ်၊၊ အစာလဲဆေး၊ ဆေးလဲအစာဆိုသလို ခန္ဓာကိုယ်အတွက်လိုအပ်တာတွေသိအောင်လုပ်ပြီး စားတတ်ရတယ်။
ကိုယ်ကိုယ်တိုင်ချက်တတ်တော့ ကိုယ်စားချင်တာချက်စားလို့ရတာပေါ့။

ဟင်းတွေကျက်ပြီဆိုတာနဲ့ပန်းကန်လေးတွေထဲထည့် ၊ အိမ်နီးနားချင်းတွေကိုလိုက်ဝေပေးရတာလဲ မကြာခဏပါပဲ။
များသောအားဖြင့် ကြို့ပင်ကောက်ကို မိုးတွင်းမှာလာတတ်ပါတယ်။ ငါး‌ ဖားပေါတဲ့အချိန်မို့ စိတ်တိုင်းကျလတ်လတ်ဆတ်ဆတ် စားရပါတယ်။
သူနဲ့ကျနော်ဈေးဝယ်ထွက်ရင်း နယ်ခံကဗျာဆရာတွေနဲ့လက်ဖက်ရည်သောက်၊ ပြီးရင်စကားတပြောပြောနဲ့ ချက်ကြပြုတ်ကြပါတော့တယ်။

စားသောက်ပြီး နေ့လည်ဘက် ညနေဘက်တွေရောက်ရင် ကဗျာဆရာတွေ၊ စာသမားတွေအိမ်ရောက်လာပြီး ကဗျာတွေရွတ်ကြ၊ ဆွေးနွေးစရာရှိတာဆွေးနွေးကြပါတယ်။

ဝက်သားဟင်းချက်ရင် ချဉ်ပေါင်ရွက်အရေသောက်ကလေးနဲ့ မြင်းခွာရွက်ကလေးကို ငရုတ်သီးစိမ်းအနေတော်လေး ထည့်သုတ် စားလို့မြိန်တာပေါ့။
အမဲဝမ်းတွင်းသားကအရည်သောက်ချက်ရင် အရောင်တင်ငရုတ်သီးမှုန့်မထည့်ရဘူး၊ ငရုတ်သီးအ‌ရောင်တင်မှုန့်ထဲ့ချက်ရင် အရေသောက်တဲ့အခါ " သီး "သွားတတ်တယ်၊ ဆနွမ်းနဲ့ဆား ရောနယ်ပြီး ရေဆေးထားပေမယ့်၊ ဆနွမ်းအရောင်ကကျန်နေသေးတယ်။ အဲဒီထဲကို ခရမ်းချဉ်သီးလေးလှီးထည့်လိုက်တော့ အနီနဲ့အဝါပေါင်းပြီး အရောင်လှသွားတယ်။
ဆီများများသုံးတာ ကျန်းမာရေးအတွက်မကောင်းသလို ကုန်ကျစရိတ်လဲများတယ်ကွ၊ ဆီလျော့သုံး၊ ဆီကျန်ရေကျန် သောက်ဆမ်းလေးချက်ရင် စားကောင်းပါတယ်ကွာ။
ဟင်းချက်တာ အစပ်အဟတ်လိုတယ်ကွ။ ဘယ်သူကတော့ဖြင့် ဟင်းချက်ကောင်းတယ်။ သူဘာလေးချက်ချက်စားလို့ကောင်းတာချည့်ပဲဆိုတဲ့စကား မင်းကြားဘူးလိမ့်မယ်။
ဆီ၊ ဆား၊ ဆနွမ်း၊ ဂျင်း၊ ငရုတ်၊ ကြက်သွန်ကို အပိုအလိုမရှိ အချိုးအစားမှန်မှန်နဲ့ အစပ်အဟတ်ကောင်းရင် စားလို့ကောင်းတဲ့ဟင်းတခွက်ဖြစ်တာပဲကွ။
နောက်တခု ဒို့သိနိုင်တာက မိန်းမဆိုတာ အိမ်တွင်းကျွန်ပဲ၊ ယောကျာ်းတွေက အပြင်ထွက်ပြီး ပင်ပင်ပမ်းပမ်းပိုက်ဆံရှာနေရတာ၊ ငါတို့လောက်အရည်အချင်းမရှိလို့ အဝတ်လျော်ထမင်းချက်အဆင့်နဲ့ ငါတို့လိုဘ ကိုဖြည့်ပေးနေရတာပေါ့။
ငါတို့ယောကျ်ားတွေက ဦးဆောင်သူတွေ၊ အိမ်ဦးနတ်တွေ၊ ငါတို့ကဖြူဆို ဖြူ ၊မဲဆိုမဲ။ ဘာမှစောဒကတက်စရာမလိုဘူး၊ ငါတို့စကားကိုအမြဲတမ်းနာခံ ပေးတာယူ၊ ခိုင်းတာလုပ်။ ကျွေးတာစားဆိုတဲ့  မိန်းမတ‌ယောက်ဖြစ်ရတာနဲ့တင် အလိုလိုနေရင်း နိမ့်ကျသွားရတဲ့အဖြစ်ကို ခံစားနားလည်မိလာစေတယ်။
ဒါဟာ မင်းတို့ငါတို့ဆန့်ကျင်ရမယ့်" မဟာဖိုဝါဒ" ပဲကွ။

အဝတ်လျော်တယ်၊ ထမင်းဟင်းချက်တယ်ဆိုတာ ဝတ်တော့စားတော့သာခဏလေးဆိုပေမယ့် ပြီးပြီးရောလုပ်လို့ရတာမဟုတ်ဖူး။
သန့်သန့်ရှင်းရှင်းစနစ်တကျ လျော်ဖွတ်ရ၊ ချက်ပြုတ်ရတယ်၊ အာဟာရပြည့်ပြီးကျန်းမာရေးအတွက်အထောက် အကူဖြစ်အောင် စားချင်စဖွယ်ဖြစ်အောင်၊အနံ့အရသာကောင်းအောင် ကြိုးစားချက်ပြုတ်ရတယ်။
ကိုယ့်မိသားစုကျန်းမာရေးနဲ့ညီညွတ်အောင် ဝတ်ဆင်စားသောက်နိုင်ဖို့၊ ချက်ရပြုတ်ရ၊ လျှော်ရဖွတ်ရတာ ဘယ်လောက်ပင်ပမ်းသလဲဆိုတာ ကိုယ်တိုင်ဝင်ချက်တော့ သိလာရတာပေါ့။
ထမင်းဟင်းချက်ပြုတ်တာ၊ တခြားအိမ်မှုကိစ္စ အားလုံးကိုလုပ်နေတယ်ဆိုတာ တာဝန်တခုကိုခွဲဝေထမ်းဆောင်တာပဲမဟုတ်လား။

ယောကျာ်းတယောက်ကိုမိန်းမတယောက်က မှီခို၊ တွယ်ကပ်၊ အသက်ရှင်နေတာသက်သက် မဟုတ်ဘူးဆိုတာ စာနာမိလာတာပေါ့။
ကဗျာကောင်းတပုဒ်၊ ပန်းချီကားကောင်းတချပ်၊ ဝတ္ထုကောင်းတပုဒ်ကိုဖတ်မိပြီဆိုရင် ဟင်းကောင်းတခွက်ကို ဆာဆာနဲ့စားလိုက်ရသလို ကျေနပ်ပီတိဖြစ်သွားရတာပဲ၊။

ဒါကြောင့်  ဟင်းချက်တာ အနုပညာလို့ ငါပြောနေတာကွ။
အရောင်တွေ၊ အနံ့တွေ၊ အရသာတွေပြည့်စုံတဲ့ အနုပညာပါတဲ့ဟင်းတခွက်လောက် ခင်ဗျားတို့၊ကျနော်တို့ ချက်ကြည့်ကြရအောင်။

ချစ်တဲ့
ဝင်းမင်းခိုင်
၂၁.၉.၂၁
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar