မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၁ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၁ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၁
ခုခံတိုက်ခိုက်ရေး လုပ်ကြံရေးနဲ့ စစ်ကောင်စီရဲ့ ဖြိုခွဲမှု
ယနေ့ည စစ်ကောင်စီရဲ့ သတငး်ဖြန့်ချိရေးကနေ ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်မှုနဲ့ပတ်သက်တဲ့ ကျူးလွန်သူတွေ၊ ယခုလ ၉ ၇က်နေ့က ဖြစ်ပွားတဲ့ စစ်ကားကို သေနတ်၊ လက်ပစ်ဗုံးနဲ့ပစ်ခတ်ရာမှာ ပါဝင်သူတွေကို ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းနဲ့ ပဲခူးကနေ ရန်ကုန်ကို ငွေသယ်ယာဥ်ကို ဓါးပြတိုက်တဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ ပဲခူးပီဒီအက်ဖ်နဲ့ ဆက်နွယ်သူတွေ ကျူးလွန်ပြီး ၄င်းတို့ရဲ့ ထွက်ဆိုချက်ဆိုတဲ့ ဗီဒီယိုကလစ်တွေကို သတင်းကနေ ထုတ်လွှင့်ခဲ့တာတွေ့ရပါတယ်။
ဒီလိုသတင်းထုတ်လွှင့်မှုတွေက ဘယ်လောက်ထိ အချက်အလက်မှန်ကန်မှုရှိတယ်မရှိဘူးဆိုတာက သီးခြားဆန်းစစ်ရမယ့် ကိစ္စတခုဖြစ်ပါတယ်။ သို့ပေမယ့် တဖက်မှာ အခုလို ပျောက်ကြားတိုက်ခိုက်မှု၊ ပစ်ခတ်မှု ဖောက်ခွဲမှုတွေနဲ့ပတ်သက်လို့ မကြာခဏ ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်တွေမှာ ပါဝင်ပါတ်သက်သူအများစုက စစ်ကောင်စီလက်ထဲကျရောက်သွားတာ တွေ့ရပါတယ်။ ဆယ်ယောက် ဆယ့်ငါးယောက်ဝန်းကျင် အဖမ်းခံရချိန်မှာ တိမ်းရှောင် လွတ်မြောက်သွားသူအရေအတွက်က ၂ ဦး ၃ ဦးဝန်းကျင်သာရှိတာ တွေ့ရလေ့ရှိပါတယ်။
ယခု လတ်တလော ဖမ်းဆီးရမိတယ်ဆိုတဲ့ ကမ္ဘာ့ရတနာဘဏ် ၂ ဘဏ်ကို ဓါးပြတိုက်ခဲ့တာနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူပေါင်း ၈ ဦးရှိပြီး စမ်းချောင်း သံတံတားရပ်ကွက် ဇလွန်လမ်းထိပ်ပစ်ခတ်မှုနဲ့ဆက်နွယ်ပြီး ဖမ်းဆီးခံရသူက ၁၈ ဦးထိရှိတာ တွေ့ရပါတယ်။ အခုလို အရေအတွက် အများအပြား ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်တဲ့အခါ ပီဒီအက်ဖ်လို့ခေါ်တဲ့ လူငယ်တွေရဲ့ ဖွဲ့စည်းလုပ်ကိုင်ပုံတွေက အစုအဖွဲ့တခုလုံး အချိတ်အဆက်တွေ အချင်းချင်းသိရှိနေကြတဲ့သဘောလည်း တွေ့ရပါတယ်။
ဒီလိုပြိုင်တူချိတ်ဆက်ထားကြတာ တခုနဲ့တခု ဆက်လျှက် ဆက်သွယ်လုပ်ကိုင်ကြတာဟာ တယောက်ယောက်ဆီက လုံခြုံရေးကျိုးပေါက်တာနဲ့ တပြိုင်နက်ထဲ ဆက်တိုက်ဆိုသလိုဖမ်းဆီးခံ ကြရတဲ့သဘောမျိုးလည်း တွေ့ရတာပါ။
ပျောက်ကြား တိုက်ခိုက်မှု၊ လုပ်ဆောင်မှု လုပ်ဆောင်ပြီးနောက်မှာလည်း မြို့ပြကနေ တိမ်းရှောင်တာမျိုးမဟုတ်ပဲ မြို့ပေါ်မှာပဲ ဆက်လက် ပုန်းအောင်းနေထိုင်နေကြတာမျိုးလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့် မြို့ပေါ်က ပျောက်ကြားတပ်ဖွဲ့တွေ အနှေးနဲ့ အမြန်ဖမ်းဆီးခံရတဲ့ အနေအထားလို့ ကောက်ချက်ချမိပါတယ်။
မြို့ပေါ် ပီဒီအက်ဖ်တွေအဖို့အထက်က အဖြစ်အပျက်တွေအပေါ်မှာ သုံးသပ်စရာ သင်ခန်းစာယူစရာတွေ အများအပြားရှိတယ်လို့ထင်မြင်ပါတယ်။
ဒီနေ့အတွက် အခြားသတင်းတွေအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားတဲ့ ၅၀၅ (ခ) အမှုကို စွဲချက်တင်လိုက်တဲ့ သတင်း၊ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းမှုအပြီး ဆိုးရွားစွာကျဆင်းလာနေကြောင်း ဖရီးဒမ်းဟောက်စ်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့အကြောင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် လျေှာ်ဖြူကျေးရွာမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ကျေးရွာသား ၅ ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်း၊ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ၊ ထိခိုက်သေဆုံးမှုတွေ ထပ်မံဖြစ်ပျက်ခဲ့ပြီး လှိုင်သာယာမြို့နယ် ရိုးကြီးမှတ်တိုင်အနီးမှာ ဖြစ်တဲ့ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်ဆိုတဲ့သတင်း၊ ကုလသမဂ္ဂညီလာခံမှာတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်နဲ့အမေရိကန်တို့ ထိပ်တိုက်မဖြစ်အောင်ရှောင်တယ်ဆိုတဲ့သတင်းတွေ ဖြစ်ပါတယ်။
ဖောက်ခွဲမှုတွေ၊ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ဆက်နွယ်သူတွေကို စစ်ကောင်စီက ဖမ်းဆီးရမိတယ်လို့ ကြေညာတဲ့နေ့မှာပဲ နေ့တိုင်းလိုလို ဖြစ်ပျက်နေတဲ့ ပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ အများအားဖြင့် စစ်ကောင်စီတပ်တွေ ရဲတွေကို ပစ်မှတ်ထားတာဖြစ်ပေမယ့် ပေါက်ကွဲမှုတိုင်းမှာ ထိခိုက်ဒဏ်ရာရမှု သေဆုံးမှုရှိတာမဟုတ်ပါဘူး။ အချို့သော ပေါက်ကွဲမှုတွေမှာတော့ လမ်းသွားလမ်းလာလို၊ အနီးအနားမှာရှိနေတဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာမျိုးတွေလည်း ကြားသိနေရတာ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ဆက်စပ်တဲ့သတင်းတွေအပြင် စီးပွားရေးသတင်းမှာတော့ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းဟာ ကျပ် ၂၀၀၀ ကို အနည်းငယ်စွန်းတဲ့ နှုန်းထားမှာ ပြီးခဲ့တဲသီတင်းပတ်က ရောက်ရှိရာက တန့်နေပြီး စက်သုံးဆီစျေးနှုန်းတွေ စံချိန်တင်မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံစျေးက အကျဘက်မှာမရှိပဲ အမြင့်မှာ တန့်နေစဥ် မြန်မာကျပ်ငွေတန်ဖိုးက ဆက်တိုက်ဆိုသလိုကျဆင်းလာရာက စက်သုံးဆီစျေးနှုန်းက စံချိန်တင်ကိန်းဂဏန်းတွေ အဖြစ်ရောက်ရှိလာတာပါ။ 92 Octane ဓါတ်ဆီ တလီတာစျေးနှုန်းဟာ ရန်ကုန်မှာတင် ကျပ် ၁၂၀၀ ကျော်ထိရောက်ရှိသွားပြီဖြစ်ပါတယ်။ တကြိမ်တခါမှာ ဒီစျေးနှုန်းကို မရောက်ဖူးသေးတာမို့ အခုလိုစျေးနှုန်းမြင့်တက်မှုဟာ သယ်ယူပို့ဆောင်ခတွေ၊ အချို့သောဒေသတွေမှာ လျှပ်စစ်မီတာခတွေနဲ့ ကုန်ထုတ်လုပ်မှုစရိတ်တွေကို မြင့်တက်စေမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းစျေးတွေ မြင့်တက်လာကာ လူနေမှုအဆင့်အတန်းကို ပိုပြီးကျဆင်းစေမယ့် အကျိုးဆက်တွေ ဖြစ်လာနိုင်တာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar