ဒေါက်တာသိန်းလွင် - သမိုင်း၊ ပထဝီ
ဒေါက်တာသိန်းလွင် - သမိုင်း၊ ပထဝီ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၁
တလောကဆွေးနွေးပွဲတခုမှာ ကျနော်က မြန်မာပြည်အခြေခံပညာကျောင်းတွေမှာသင်တဲ့ သမိုင်းဘာသာသင်ကြားနည်းကို ပြုပြင်ပြောင်းလဲရမယ်လို့ပြောခဲ့ပါတယ်။ တော်တော်များများက စိတ်ဝင်စားကြောင်း ကျနော့်ဆီ မှတ်ချက်တွေပို့ပါတယ်။
ဖတ်စာအုပ်ကို အလွတ်ကျက်ခိုင်းတဲ့နည်းက အဆင်မပြေဘူး။ ဖတ်စာအုပ်ကလည်း အဆင်မပြေဘူးလို့ ကျနော်ပြောခဲ့ပါတယ်။ မြန်မာအစိုးရပြဌာန်းတဲ့ သမိုင်းဖတ်စာအုပ်ဟာ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေအတွက် အဆင်မပြေဘူးဆိုတာ ကျယ်ကျယ်ပြန့်ပြန့်သိလာကြပါပြီ။
ဖတ်စာအုပ်မှာ အသင့်ရေးပြီးသားအချက်အလက်တွေကို သွတ်သွင်းတဲ့နည်းကြောင့် ဗမာလူမျိုးကျောင်းသားတွေအတွက်လည်း အဆင်မပြေပါဘူး။ ဗမာလူမျိုးအုပ်စိုးသူတွေဟာ သူတို့ကိုယ်သူတို့ ကြီးကျယ်မြင့်မြတ်ကြောင်းကို ကျောင်းသင်ခန်းစာထဲထည့်ပြီး ကျောင်းသားတွေရဲ့ အသိဥာဏ်ထဲကိုသွတ်သွင်းတာပါ။ ဒါကြောင့် သမိုင်းကိုသင်ယူတဲ့အခါ ဖတ်အုပ်တခုတည်းကို အခြေမခံဖို့၊ အလွတ်မကျက်ဖို့၊ စူးစမ်းလေ့လာတဲ့နည်း၊ သုတေသနနည်းတွေနဲ့ လေ့လာသင်ယူဖို့တိုက်တွန်းတာပါ။
မူလတန်းအရွယ်ကစပြီး သမိုင်းသင်တဲ့အခါ စူးစမ်းလေ့လာတဲ့နည်းတွေကို အသုံးပြုလို့ရပါတယ်။ သမိုင်းဆိုင်ရာအချက်အလက်တွေပြည့်ပြည့်စုံစုံစုဆောင်း၊ အချက်အလက်တွေ အဖြစ်အပျက်တွေအပေါ် ဝေဖန်ပိုင်းခြားစဉ်းစားပြီး ဆင်ခြင်သုံးသပ်နိုင်အောင်၊ သင်ခန်းစာထုတ်ယူနိုင်အောင် ဆရာဆရာမတွေက ဦးဆောင်လမ်းပြပေးသင့်ပါတယ်။
မိသားစုသမိုင်း
မူလတန်းအရွယ် သမိုင်းစသင်တဲ့အခါ မိသားစုသမိုင်းကစသင့်ပါတယ်။ အဖေဘက်က အဖိုးအဖွားနဲ့ ဆွေစဉ်မျိုးဆက်၊ အမေဘက်က အဖိုးအဖွားနဲ့ ဆွေစဉ်မျိုးဆက်၊ လူမျိုး၊ ဇာတိရပ်ရွာ၊ အလုပ်အကိုင်၊ စိတ်ဝင်စားဖွယ်အဖြစ်အပျက်တွေကို မိဘတွေကိုမေးပြီး လေ့လာလို့ရပါတယ်။ စာရွက်ပေါ်မှာ မိသားစုဇယား (family tree) ဆွဲပြီး အတန်းထဲမှာ သူငယ်ချင်းတွေကိုရှင်းပြလို့ရပါတယ်။ သူ့မိသားစုနေထိုင်တဲ့အိမ်ရဲ့တည်နေရာကိုလည်း မြေပုံဆွဲပြနိုင်ပါတယ်။
ကျေးရွာသမိုင်း၊ ကျေးရွာပထဝီ
မိသားစုသမိုင်းလေ့လာပြီးရင် ကျေးရွာသမိုင်းလေ့လာနိုင်ပါတယ်။ ရွာကိုတည်ထောင်တဲ့ခုနှစ်၊ ထင်ရှားတဲ့အဖြစ်အပျက်တွေ၊ ရွာသူရွာသားတွေအကြောင်း၊ ရွာရဲ့စီးပွါးရေး စတာတွေကို မိဘ အဖိုးအဖွား၊ ရပ်ရွာကလူကြီးတွေကို မေးလို့ရပါတယ်။ ရွာအကြောင်းရေးထားတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေကိုလည်းကိုးကားလို့ရပါတယ်။ ရွာမှာရှိတဲ့ စာသင်ကျောင်းရဲ့သမိုင်း၊ ဘုန်းကြီးကျောင်းရဲ့သမိုင်း၊ ခရစ်ယန်ဘုရားကျောင်းရဲ့သမိုင်း စတာတွေကိုလည်းတပါတည်းလေ့လာနိုင်ပါတယ်။ ရွာရဲ့ပထဝီကိုလည်းတဆက်တည်းလေ့လာလို့ရပါတယ်။ ရွာရဲ့တည်နေရာ၊ လမ်းပမ်းဆက်သွယ်ရေး၊ စီးပွါးရေးလုပ်ငန်းတွေပါလေ့လာနိုင်ပါတယ်။
မြို့နယ်သမိုင်း၊ မြို့နယ်ပထဝီ
သမိုင်းစသင်ခါစနှစ်မှာဘဲ လေ့လာပုံလေ့လာနည်း၊ ဆင်ခြင်သုံးသပ်နည်းတွေကို ကလေးတွေ အတော်အတန်တီးမိခေါက်မိပါပြီ။ သုံးတန်း၊ လေးတန်းလောက်ရောက်တဲ့အခါ အင်တာဗျူးလုပ်တဲ့နည်းတွေ၊ အချက်အလက်စုဆောင်းတဲ့နည်းတွေ၊ စာကြည့်တိုက်အသုံးပြုနည်းတွေ သင်ပေးပြီး သူတို့နေထိုင်တဲ့မြို့နယ်ရဲ့သမိုင်းကို လေ့လာနိုင်ပါပြီ။ မြို့နယ်ရဲ့ သမိုင်းအဖြစ်အပျက်တွေ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအကြောင်းအရာတွေ၊ မြို့နယ်ရဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအကြောင်းလေ့လာနိုင်ပါတယ်။ အချက်အလက်တွေ၊ အဖြစ်အပျက်တွေကနေ ကောက်ချက်ဆွဲဖို့၊ သင်ခန်းစာထုတ်ယူဖို့သင်ပေးနိုင်ပါပြီ။ မြို့နယ်သမိုင်းကိုလေ့လာတာနဲ့ တပြိုင်နက် မြို့နယ်ပထဝီကိုလည်းလေ့လာနိုင်ပါတယ်။
ပြည်နယ်သမိုင်း၊ ပြည်နယ်ပထဝီ
ငါးတန်း၊ ခြောက်တန်းလောက်မှာ ပြည်နယ်သမိုင်းကိုလေ့လာဖို့သင့်တော်ပါပြီ။ ပြည်နယ်ရဲ့ သမိုင်းအဖြစ်အပျက်၊ ပြည်နယ်မှာနေထိုင်တဲ့လူမျိုးတွေရဲ့သမိုင်း၊ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအကြောင်း၊ နိုင်ငံရေး၊ စစ်ရေးအကြောင်းအရာတွေ အများကြီးလေ့လာစရာတွေရှိပါတယ်။ ဆင်ခြင်စရာတွေလည်းရှိပါတယ်။ ပြည်နယ်ရဲ့ပထဝီကိုလည်း အလားတူလေ့လာနိုင်ပါတယ်။
မြန်မာနိုင်ငံသမိုင်း၊ မြန်မာနိုင်ငံပထဝီ
ခုနှစ်တန်း၊ ရှစ်တန်းမှာ မြန်မာနိုင်ငံသမိုင်းနဲ့ မြန်မာနိုင်ငံပထဝီကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ပါတယ်။ ကိုးကားစရာစာအုပ်စာတမ်းတွေလည်း များများစုဆောင်းထားဖို့လိုပါမယ်။ သမိုင်းအဖြစ်အပျက်တွေကိုခေတ်ကာလအလိုက်၊ ဒေသအလိုက် လေ့လာနိုင်ပါတယ်။ ကျောင်းသားတွေလေ့လာမှုမှာ အချက်အလက်တွေပြည့်စုံအောင် ဆရာတွေက ဖြည့်ဆည်းပေးဖို့လိုပါတယ်။ အချက်အလက်မပြည့်စုံဘဲကောက်ချက်ဆွဲရင် လွဲမှားသွားနိုင်ပါတယ်။ သမိုင်းအထောက်အထားတွေရှိတဲ့နေရာတွေကိုလေ့လာရေးခရီးလည်းသွားသင့်ပါတယ်။ သမိုင်းကိုမူရင်းအထောက်အထားတွေ (primary sources) ကနေလေ့လာတဲ့တန်ဖိုးကိုကျောင်းသားတွေရရှိသလို ပျော်ရွှင်မှုလည်ရနှိုင်ပါတယ်။
အိမ်နီးချင်းနိုင်ငံများသမိုင်းနှင့် ပထဝီ
ကိုးတန်း၊ ဆယ်တန်းလောက်မှာ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအို နိုင်ငံများရဲ့ သမိုင်းနဲ့ ပထဝီကိုလေ့လာနိုင်ပါတယ်။
ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့ပထဝီ
ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်းမှာ ကမ္ဘာ့သမိုင်းနဲ့ ကမ္ဘာ့ပထဝီကို နှံ့နှံ့စပ်စပ်လေ့လာနိုင်ပါတယ်။ ဆယ့်နှစ်တန်းအောင်လို့ အခြေခံပညာပြီးဆုံးတဲ့အခါ မိသားစုသမိုင်း၊ ကျေးရွာသမိုင်း၊ ကျေးရွာပထဝီကစလို့ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့ပထီကို စူးစမ်းလေ့လာတဲ့နည်း၊ ဆင်ခြင်သုံးသပ်တဲ့နည်းတွေနဲ့ သင်သူခဲ့လို့ ဘဝတစ်လျောက်လုံးအတွက်အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။
တက္ကသိုလ်ရောက်တဲ့အခါ သမိုင်းဘာသာ၊ ပထဝီဘာသာတွေကိုစိတ်ဝင်စားရင် သုတေသနပြုပြီးလေ့လာမယ်ဆိုရင် တန်ဖိုးရှိတဲ့ သုတေသနတွေ့ရှိချက်တွေ ရရှိလာမယ်လို့ယုံကြည်ပါတယ်။
ဒါက သမိုင်းနဲ့ ပထဝီ သင်ကြားနည်းတွေကို ပြုပြင်ပြောင်းလဲဖို့ ကျနော်အကြံပြုတာပါ။ နောက်ထပ် လေ့လာစရာ၊ ဆွေးနွေးစရာ၊ တိုင်ပင်ညှိနှိုင်းစရာတွေ အများကြီးရှိဦးမှာပါ။
ဒေါက်တာသိန်းလွင်
စဉ်းစားတွေးခေါ်သော စာသင်ခန်းဖေါင်ဒေးရှင်း
၂၀၂၁ စက်တင်ဘာ ၂၂ ရက်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar