မိုးမခ - အမှတ်တရရုပ်ပုံလွှာများ - သန်းထိုက်(မြန်မာစာ) * မြန်မာပန်းချီဆရာကြီး ဦးငွေကိုင် *
မိုးမခ - အမှတ်တရရုပ်ပုံလွှာများ
စက်တင်ဘာ ၂၃၊ ၂၀၂၁
* မြန်မာပန်းချီဆရာကြီး ဦးငွေကိုင် *
သန်းထိုက်(မြန်မာစာ)
ငယ်ငယ်ကတည်းက ဆရာကြီးကို အလွန်ချစ်ခဲ့သည်။ ဆွေမျိုး သွေးသားလည်းမတော်စပ်ပါ...၊ ပန်းချီကိုမြတ်နိုးခဲ့တော့ ... စာအုပ်စာပေတွေမှာ ဆရာ့ဓာတ်ပုံတွေ့လျှင် ပြုံးရယ်နေသည့်ပုံ တွေ့ရတာများသည်၊ ... မေတ္တာဓါတ်ကူးခြင်းပေလားမသိပါ။
* ရန်ကုန်ရောက်တော့ ဆရာကိုမောင်မောင်သိုက်နှင့် ဆက်စပ်မိကာ ... ရှုမဝမဂ္ဂဇင်းမှာ ပန်းချီရေးဖြစ်ခဲ့သည်၊ ရှုမဝမဂ္ဂဇင်းတည်ထောင်သူ ... အယ်ဒီတာ ... ရုပ်ရှင်ထုတ်ဝေသူ ... ဒါရိုက်တာလည်းဖြစ်ခဲ့သူ ... ဆရာကြီး ( ရှုမဝဦးကျော် )၏ သား ... ဆရာမောင်ဆွေတင့်က မိမိကို ညီအကိုလို ချစ်ခင်ကာ ... ရှုမဝမှာ ရေးနေသူ ပန်းချီဆရာများ... ကာတွန်းဆရာများ ... စာရေးဆရာများကို ... ညီငယ်သဖွယ်သွန်သင် ဆုံးမပေးဖို့ အပ်နှံပေးခဲ့သည်။
* ဆရာပန်းချီဦးဝသုန်...ဆရာကြီးဦးမောင်စိန် ... ဆရာကာတွန်းဦးရွှေမင်းသား ... ဆရာကာတွန်းဦးငွေကြည် ... ဆရာကာတွန်းဦးမောင်ဝဏ္ဏ ... ဆရာကာတွန်းဦးချစ်ဆွေ ...တို့ကို ငယ်စဉ်ကတည်းက ပညာကို လေးစားရင်း ဆရာများအဖြစ် မှတ်ယူခဲ့သည်မှ ... ညီအကို ...ဦးလေးများသဖွယ် ရင်းနှီးစွာ ဆုံတွေ့ခွင့် ရခဲ့သည်။
* ကာတွန်းပညာနှင့်... မြန်မာ့ရိုးရာရေးဟန်ပန်းချီကိုပါ နိုင်နင်း... ကျွမ်းကျင်သော ... ဆရာကြီးဦးမောင်စိန်က မိမိကို တူသားလိုချစ်ခင်သည်၊
ရှူမဝတိုက်ရောက်တော့ ... ဆရာက ပြန်ထွက်လာရင်း ဆုံသည်။
'ဆရာပြန်တော့မလား ... ' နှုတ်ဆက်တော့ ... ' အေး ... အချိန်ရတယ် ...၊ ကိုယ်စောင့်နေမယ် ... ၊ ကိုဆွေနဲ့ အလုပ်ပြီးအောင်လုပ် ...'
ဆရာဦးစိန်က ရှုမဝတိုက်အဝင်ဝ ... ခုံတန်းလျားလေးမှာ ... ထိုင်စောင့်ပေးရှာသည်။ အလုပ်ပြီးပြန်ထွက်လာသောအခါမှ ဆရာက မြို့တွင်းအတူ လမ်းလျှောက်ပြန်ကာ သူ့ဘဝအတွေ့အကြုံများပြောပြရင်း အဆာပြေ သားရေစာများကို ဆိုင်ထိုင်ကာ ကျွေးမွေးခဲ့တာအမှတ်ရမိသည်။
* ဆရာ့ကာတွန်းတကွက်ကို ဖတ်ခဲ့ရသည်။
' ပန်းချီရေးတာ လွယ်ပါတယ် ... ရွှံ့တွေ ရေးရင် .. ဗွက်အရောင်သုတ်လိုက်ပေါ့ ...'
* ရှုမဝဦးကျော် ... ရုပ်ရှင်ရိုက်တော့ ဆရာကြီး ဦးငွေကိုင်ကို ... မှတ်တမ်းအတွက် သူရုပ်ရှင်ရိုက်လေရာ ခေါ်သွားဖူးသည်၊ ဆရာကြီးက ပန်းချီအောက်ဒိုးထွက်နေရသလို ပန်းချီရေးသည်။ ရှုမဝတိုက်တွင်လည်း ဆေး ... စုတ်တန်ရှိနေသည်။
* တရက်မှာ ... ရှုမဝတိုက်သို့ ဆရာကြီးက ဝတ်ကောင်းစားလှ ... ဘန်ကောက်ပုဆိုးဖြင့် အလှူတခုကအပြန် ရောက်လာသည်။ ဆရာကြီးက ပန်းချီရေးချင်သည်ဆို၍ စာစီဖိုမင် ကိုလှ(ဦးလှအောင်)တို့က ဆေးများ ထုတ်ပေးကြသည်။ ဆရာကြီးက ပန်းချီကားကို အားပါပါနှင့် ရေးလေရာ ... စုတ်တန်မှ ရေ ... ဆေးတို့ကို သူ့ပုဆိုးမှာ စစ်ခါသုတ်လေတော့သည်။ ဆရာကြီးသည် သက်မွေးဝမ်းကျောင်းအတွက် ...ပိုစတာများလည်း ရေးခဲ့လေရာ ... သူ့စတူဒီယိုတွင် အိမ်နေပုဆိုးဖြင့် ရေးနေ... လုပ်နေကျင့်ရှိပါလိမ့်မည်။
သူကလည်း ပန်းချီရေးနေရင်း..
' မိုးစိုစို လယ်ယာခင်းနားက ... ရွှံ့တွေပေနေတဲ့မြေပြင်ကို မောင်စိန်ပြောသလို ... ဗွက်အရောင် သုတ်လိုက်တာပေါ့ ...' ရယ်ရယ်မောမော နောက်ပြောင် ပြောသည်။ ဆရာကြီးပြန်တော့ သူ့ဘန်ကောက်ပုဆိုးက ခေတ်လွန် အင်ဒိုနီးရှားရောင်စုံပုဆိုးဖြစ်နေလေပြီ။
* ဆရာကြီးက လွန်စွာ စိတ်ရင်းကောင်းသည်၊... သူရေးသည့် ပန်းချီကားကို တပည့် ... မိတ်ဆွေများက စိတ်ဝင်တစားကြည့်ရှုရင်း ...
' ဆရာရေးတာ ကောင်းလိုက်တာ ... ဒီရေးချက်... အရောင်တွေ ဘယ်လိုစပ်လိုက်တာလဲ .... '
ဆရာကြီးက ရှင်းပြမနေတော့ဘဲ... ချက်ချင်း ... အစအဆုံး ရေးပြသည်။ တပည့်များက ရေးသည့်ပန်းချီကားကို သွားပြလျှင်လည်း .... လိုအပ်တာ ထပ်ရေးပေးလိုက်သည်။
* သူငယ်ချင်း ကိုမျိုးသန့်အောင်နှင့်ဆက်စပ်မိကာ ...
ဆရာရွှေ(ကိုရွှေအောင်သိမ်း).... ဆရာဖေ (WPM )တို့ကို ခင်မင်ကာ .. ပညာများလည်း ရယူခဲ့ရသည်။
ဆရာရွှေက ... ဆရာဖေကို ...
' မင်းက ... ဦးငွေကိုင် အသေးစားလေးပဲကွ ... ' ဟု ပြောခဲ့ဖူးသည်။
* ၁၉၈၇ မှာ ဦးမြင့်လွင်(ဆရာတေဇာလင်း)က Golden Valley Art Centre ဖွင့်သည်။ ယခင်အခါကတည်းက ပြခန်းများရှိသော်လည်း GV Art Centre စဖွင့်လာသည်တွင် ထူးခြားစွာ ပန်းချီကားအရောင်းအဝယ် အောင်မြင်သည်။
ဆရာ့ဆရာကြီးများ၏ပန်းချီကားများကိုလည်း ပြည်တွင်း ပြည်ပမှ ဝယ်ယူစုဆောင်းလာကြသည်။
ဆရာဦးလွန်းကြွယ်က GV Art Centre တွင် ပန်းချီကားများပြသရင်း ပန်းချီသင်တန်းပါ ပို့ချပေးသည်။
ဆရာက ...
ရှေးယခင် ပန်းချီဆရာကြီးများ ပန်းချီကားအရောင်းအဝယ် သိပ်မကောင်းလှသဖြင့် ... ပန်းချီနှင့်ပတ်သက်ဆက်စပ်ရာ ... ပိုစတာ ... မဂ္ဂဇင်းသရုပ်ဖော်ပုံ .. အစရှိရာ အလုပ်များလုပ်ခဲ့ကြရသည်။
' တခါက ဆရာကြီးဦးငွေကိုင်ပုံရေးနေစဉ် ဆရာကြီးကတော်က အိမ်မှာ စျေးဖိုးပြတ်လပ်နေကြောင်း ပြော သည်။ ဆရာကြီးက တပည့်တဦးကို ... အလုပ်ရှင်တဦးထံ သုံးစရာငွေတောင်းဖို့ လွှတ်လိုက်သည်။
ပန်းချီပညာကိုမြတ်နိုးကာ အားကြိုးမာန်တက် ရေးဆွဲတတ်သော ဆရာကြီးအဖို့ ဘဝရှေ့ရေးအတွက် ... စုမိဆောင်းမိဖို့ နေနေသာသာ ... မိသားစု ... နေ့စဉ်ဝမ်းရေးအတွက် များစွာရုန်းကန်ခဲ့ရကြောင်း ...' ပြန်ပြောပြသည်။
* လေးစားကြည်ညိုခဲ့ရသော အနုပညာကိုမြတ်နိုးခဲ့ကြသည့် ဆရာ ... ဆရာကြီးများ ဘဝကို ရုန်းကန်ခဲ့ကြရသည်ကို မှတ်မိသမျှ ရေးမိတာပါ။
* သည်ဖက် ဒီမိုကရေစီပျက်သုဉ်းလေသော မြန်မာပြည်ထောင်စုကြီးမှာ အနုပညာရှင်... အတတ်ပညာရှင် ... ပြည်သူပြည်သားအားလုံး ... စားဝတ်နေရေးအတွက် ... ဒုက္ခ ... လှလှ တွေ့ကြပြန်လေပြီ။
မြန်မာပြည်ထောင်စု ပြည်သူ ပြည်သားအားလုံး ... ကျန်းမာ ချမ်းသာကြပါစေ ... ... ...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar