မိုးမခ- မိုးမင်းသိမ်းဘာသာပြန်- ယစုနရိ ကာဝဘတရဲ့ လက်တစ်ဝါးစာ ဝတ္ထုတိုများ (၈)
စာဝါငှက်များ
မိုးမင်းသိမ်းဘာသာပြန်ဆိုသည်
မိုးမခ ၄၊ စက်တင်ဘာ ၂၀၂၁
စာဝါငှက်များ
...........................................................................
မမကြီး ရေ
ကျွန်တော့်ကတိကို ချိုးဖောက်ပြီး စာတစ်စောင်ထပ်ရေးမိပြန်ပြီ။
မနှစ်က မမကြီးဆီကနေ ရခဲ့တဲ့ စာဝါငှက်လေးတွေကို ဆက်မွေးမထားနိုင်တော့ဘူးဗျာ။
ကျွန်တော့် အိမ်သူကတော့ဖြင့် စာဝါငှက်လေးတွေကို အမြဲပဲ ပြုစုစောင့်ရှောက်ပေးခဲ့ပါရဲ့။
ကျွန်တော်ကတော့ ကြည့်တယ်ဆိုရုံလောက်ပါပဲ။ စာဝါငှက်လေးတွေကို တွေ့တိုင်း မမကြီးအကြောင်း စဉ်းစားမိတာကိုး။
မမကြီးက ပြောခဲ့ဖူးတယ်မဟုတ်လား။
" မင်းမှာ မိန်းမရှိတယ်၊ ငါ့မှာလည်း ယောက်ျားရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်တွေ့နေကြတဲ့ကိစ္စကို ရပ်လိုက်ကြစို့ရဲ့။ မင်းမှာ မိန်းမ မရှိဘူးဆိုရင်တော့လည်း တမျိုးပေါ့လေ။ ငါ့ကို သတိရနေဖို့အတွက် ဟောဒီ စာဝါငှက်လေးတွေ ပေးလိုက်မယ်။ ကြည့်စမ်းပါဦး။ ဒီစာဝါငှက်လေးတွေက အဖို အမ တစ်စုံကွယ့်။ ဆိုင်ရှင်က ကြုံသလို ကျသလို အဖိုတကောင်၊ အမတကောင်ဖမ်းပြီး လှောင်အိမ်တလုံးထဲ ထည့်လိုက်တာကလား။ စာဝါငှက်လေးတွေအနေနဲ့ကလည်း ဘာမှမတတ်နိုင်ရှာဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီငှက်လေးတွေနဲ့အတူ ငါ့ကိုတော့ဖြင့် သတိရပါလေ။
တကယ်တမ်းကျတော့ သက်ရှိသတ္တဝါလေးတွေကို အမှတ်တရလက်ဆောင်ပစ္စည်းတစ်ခုအနေနဲ့ ပေးလို့ ထူးဆန်းနေမှာပဲ။ ဒါပေတဲ့ တို့တစ်တွေရဲ့ အမှတ်ရစရာအဖြစ်တွေကလည်း ရှင်သန်နေတာပဲ မဟုတ်လား။ တစ်နေ့ကျရင်တော့ စာဝါငှက်လေးတွေ သေသွားကြမှာပဲ။ အဲဒီအချိန်ကျရင်တော့လည်း တို့နှစ်ယောက်ကြားက အမှတ်ရစရာအဖြစ်တွေလည်း လွင့်ပါးကွယ်ပျောက်သွားမှာပေါ့။ အမှတ်ရနေဖို့လည်း မလိုတော့ဘူးပေါ့လေ" တဲ့။
စာဝါငှက်လေးတွေကို ကြည့်ရတာ အသက်ငင်နေကြသလိုပဲဗျာ။ သူတို့ကို ပြုစုစောင့်ရှောက်နေသူကလည်း ဆုံးပါးသွားရှာမှကိုး။ ကျွန်တော့်လို ပန်းချီဆရာဆိုတာကလည်း ဂရုမစိုက်တတ်တဲ့ ကျောမွဲဆိုတော့ကာ နုနုနယ်နယ် ငှက်ကလေးတွေကို မထိန်းသိမ်းနိုင်ဘူးလေ။ ဒီအတိုင်း ပစ်ထားလိုက်တာပဲ။ ကျွန်တော့်အိမ်သူကတော့ ငှက်ကလေးတွေကို ပြုစုစောင့်ရှောက်ရတာ အသားကျနေပြီးကာမှ ခုတော့ ဆုံးပါးသွားရှာပေါ့။ ကျွန်တော့်အိမ်သူဆုံးပါးသွားကတည်းက ငှက်ကလေးတွေသေသွားမလားလို့တောင် သိချင်စိတ်ပြင်းပြနေမိသေးတယ်။ ဒီတော့လည်း မမကြီးရေ၊ မမကြီးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို သူဆောင်ကြဉ်းသွားလေသလားပဲ။
ကျွန်တော့်အိမ်သူ ဆုံးပါးသွားကတည်းက စာဝါငှက်လေးတွေကို လွှတ်ပစ်လိုက်မှပဲလို့ တွေးမိသေးတယ်။ ငှက်လေးတွေရဲ့ တောင်ပံတွေက ရုတ်တရက် ထပျံဖို့တောင် အားယုတ်နေကြပြီလေ။ ဒါ့အပြင် ဒီငှက်လေးတွေက ကောင်းကင်ပြင်ဆိုတာကို မသိကြတော့ဘူး။ ဒီငှက်မောင်နှံအနေနဲ့ကလည်း မြို့ထဲမှာဖြစ်ဖြစ်၊ အနီးအနား တော အုပ်ထဲက သွေးတူမွေးတူ အအုပ်အသင်းနဲ့ဖြစ်ဖြစ် အဖော်အလှော်ရယ်လို့ ရှိတော့မှာ မဟုတ်ဘူး။
တစ်ကောင်ချင်း တကွဲစီပျံသန်းကြရင်း၊ တစ်နေရာစီမှာ တကွဲစီသေသွားကြမှာပဲ။ ဒါပေတဲ့ မမကြီးက ပြောခဲ့ဖူးတာပဲ။ အိမ်မွေးတိရစ္ဆာန်ရောင်းတဲ့ဆိုင်က အထီးတကောင်၊ အမတကောင်ကို ကြုံသလိုဖမ်းပြီး လှောင်အိမ်ထဲထည့်ထားလိုက်တာကိုး။
ပြောနေလက်စနဲ့ ပြောရရင် မမကြီးက ကျွန်တော့်ကို ပေးထားတာမို့လို့ ငှက်ရောင်းသမားတစ်ယောက်ယောက်ဆီလည်း ရောင်းမပစ်ချင်ဘူး။ ငှက်လေးတွေကို ကျွန်တော့်အိမ်သူ ပြုစုစောင့်ရှောက်နေကတည်းက မမကြီးဆီလည်း ပြန်မပို့ချင်ဘူးလေ။ ဒါ့အပြင် ဒီငှက်လေးတွေကို မမကြီးက မေ့မေ့ပျောက်ပျောက်ဖြစ်ကောင်းဖြစ်နေပြီဆိုတော့ကာ ဒုက္ခများနေမှာမို့လို့ပဲ။
ထပ်ပြောပါရစေဦးဗျာ။ ကျွန်တော့်အိမ်သူကြောင့် ငှက်လေးတွေ ခုထိအသက်ရှင်နေသေးတာဟာ မမကြီးကို သတိရစေတဲ့အကြောင်းအထောက်အပံ့ပဲ။ ဒါကြောင့်မို့ မမကြီးရေ စာဝါငှက်လေးတွေကို ကျွန်တော့်အိမ်သူနောက်လိုက်ပြီး သေသွားစေချင်တော့တယ်။ မမကြီးနဲ့ပတ်သက်တဲ့ အမှတ်သညာတွေ ရှိနေသေးတာဟာ ကျွန်တော့်အိမ်သူလုပ်ဆောင်ခဲ့တာတွေချည်း တခုတည်းကြောင့်တော့လည်း မဟုတ်ပါဘူး။ မမကြီးလို အမျိုးသမီး တစ်ယောက်ကို ဘယ်လိုကြောင့်များ ကျွန်တော် ချစ်ခဲ့မိပါလိမ့်။ ကျွန်တော့်အိမ်သူ ချန်ထားရစ်ခဲ့တာကြောင့်လည်း မဟုတ်လောက်ဘူး။ ဘဝမှာ နာကြင်ကြေကွဲမှုဝေဒနာတွေအားလုံး မေ့ပျောက်သွားအောင် ကျွန်တော့်အိမ်သူက ဖန်တီးပေးခဲ့ပါတယ်။ ကျွန်တော့်ဘဝရဲ့ တခြားတစ်စိတ်တစ်ပိုင်းကို မတွေ့အောင်လည်း ရှောင်တိမ်းခဲ့ပါတယ်။
ကျွန်တော့်အိမ်သူသာ အဲသလို မလုပ်ခဲ့ဘူးဆိုရင် မမကြီးလို အမျိုးသမီးတစ်ယောက်ကို မျက်လုံးချင်း မဆုံအောင်ရှောင်လွဲသွားမိမှာ သေချာတယ်။ ငေးကြည့်မိတာကို ခေါင်းငုံ့ရှောင်လွဲမိမှာ သေချာတယ်။
မမကြီးရေ၊ စာဝါငှက်လေးတွေကို သတ်ပစ်ပြီး ကျွန်တော့်အိမ်သူရဲ့ အုတ်ဂူထဲ ထည့်မြှုပ်လိုက်ရင်ကော အဆင်ပြေတယ် မဟုတ်လားဗျာ။
( ၁၉၂၄ )
ဂျပန်ဘာသာကနေ လိန်းဒန်းလော့ပ်နဲ့ ဂျေမာတင်ဟိုးလ်မန်းတို့ ဘာသာပြန်ဆိုပြီး North Point Press ကနေ ၁၉၉၇ ခုနှစ်က တတိယအကြိမ်ထုတ်ဝေထားတဲ့ "Palm-of-the-Hand Stories by Yasunari Kawabata " ထဲက " Canaries " ကို ဘာသာပြန်ပါတယ်။
မိုးမင်းသိမ်း
၃ စက်တင်ဘာ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar