Breaking News

မောင်တူး - ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၁၉ နှစ်မြောက်


ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၁၉ နှစ်မြောက်

မောင်တူး

 မိုးမခ၊ ဇန်နဝါရီ ၂၅ ၊ ၂၀၂၆


စစ်အာဏာရှင် သေနတ်ကို ကြောက်လို့

ငါတို့ လက်မြှောက်ရရင်

ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး

တို့နိုင်ငံ အသက်သေလိမ့်မယ်။ 

(တင်မိုး)

ဒီကဗျာဟာ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ (“ဓားမိုးပြီးကျွန်ပြုထားတာကို ဓားဆွဲပြီး ပြန်ခုခံမှရမယ်။ လက်နက်နဲ့ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှ ရမယ်") ဆိုတဲ့ အရေးအသားနဲ့ တူညီပါတယ်။ တနည်းအားဖြင့် (အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး။) ဆိုတဲ့ လူထုဒေါ်အမာရဲ့ ပြောကြားချက်နဲ့လည်း အတူတူပါပဲ။ ဒါဟာ အာဏာသိမ်း စစ်တပ်ကို လက်မမြှောက် အရှုံးမပေးဖို့ လှုံ့ဆော်တဲ့ ကဗျာပေါ့။ ဒီကဗျာအပါအဝင် တော်လှန်ကဗျာတွေ အများကြီးရေးခဲ့သူ ဆရာကြီး ဦးတင်မိုးဟာ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် (၇၃) နှစ်မှာ ကွယ်လွန်သွားခဲ့တယ်။ အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာ သူ့ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့်ပါပြီ။ ဒါပေမယ့် သူ့ရဲ့ ကဗျာတွေကတော့ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် လမ်းပြနေဆဲ၊ တွန်းအား ပေးနေဆဲ၊ နှိုးဆော်နေဆဲ ဖြစ်ပါတယ်။

တယောက်နဲ့ အများ

တယောက်က ဓါးနဲ့မို့

အများက အရာမဝင်တာ

အာဏာရှင်စံနစ်ပဲ။

ဒီအာဏာရှင်စနစ်ဆိုးကို

ငါရှိမခိုးနိုင်။ 

(တင်မိုး)

ဒီကဗျာကို ၁၉၈၈ ခုနှစ်က ရေးခဲ့တာပါ။ ငယ်စဉ်ကတည်းက ကဗျာတွေဖတ် ကဗျာတွေစပ် ကျောင်းနံရံကပ်စာစောင်တွေကနေစ ကဗျာတွေ ရေးခဲ့တဲ့ သူဟာ တက္ကသိုလ် ကျောင်းသားဘဝ၊ ကျောင်းဆရာဘဝ အဆက်ဆက် တသက်တာလုံး ကဗျာတွေကို မပြတ်တန်း ရေးခဲ့သူပါ။ ကဗျာပုဒ်ရေ ထောင်နဲ့ချီ ရေးခဲ့ပါတယ်။ အဲ့သည်အထဲကမှ စစ်အာဏာရှင်ကို တော်လှန်ဖို့ နှိုးဆော် လမ်းပြတဲ့ ကဗျာတွေကတော့ ၈၈၈၈ အရေးတော်ပုံကြီးကာလက စရေးခဲ့တာပါ။

"ကဗျာဆိုတာ

လူ့စိတ်ဓာတ်ရဲ့ မြည်ဟည်းသံ" 

(အောင်ဆန်းစုကြည်)

ဒါဆိုရင် ဆရာတင်မိုးရဲ့စိတ်ဓာတ် မြည်ဟည်းသံတွေကလည်း ၈၈၈၈ အရေးတော်ပုံကြီးနဲ့အတူ ကျယ်လောင်လာခဲ့တာလို့ ဆိုနိုင်တယ်။ ၈၈၈၈ ကာလမှာ "သမိုင်းစာမျက်နှာမှ ဒဏ်ရာများ" ကဗျာကို သူရေးခဲ့တာပါ။

လက်နက်တကားကား

ရက်စက်သလား မမေးနဲ့

တို့သွေးများ ချောင်းစီးလို့

မြောင်ကြီး မြောင်းငယ်ဖောက်ကြတယ်။

ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို

ထုံးသုတ်လို့ ဖြူမတဲ့လား။

လိမ်လုံးညာလုံးတွေကို ငါ အင်မတန်မုန်းတယ်

ငါအရှုံးမပေးနိုင်။ 

(တင်မိုး)

ဆရာဟာ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင် ၉ လစောပြီး ဇန်နဝါရီ ၂၂ မှာ ထွက်ခွာသွားခဲ့တာပါ။ တကယ်လို့ ရွှေဝါရောင်ကာလမှာ သူရှိနေခဲ့ရင် စစ်အာဏာရှင်ရဲ့ သံဃာသတ်ပွဲတွေကို ပြောင်မြောက်တဲ့ ကဗျာတွေ စပ်ဆိုဦးမှာပါ။ ဒီနေ့ နွေဦးတော်လှန်ရေးကိုရော သူရှိရင် ဘယ်လိုများ ဖွဲ့နွဲ့ပြီး ကဗျာရေးလေမည်လဲ။

အရူးငပေါက်တွေကို

ဒူးမထောက်ကြနဲ့ဟေ့။

ခွပ်ဒေါင်းအလံကို ကိုင်စွဲပြီး

ရဲရဲကြီး ရှေ့တက်ရင်

သင်းတို့တတွေ သွေးပျက်မယ်။

ရှေ့တက်ကြဟေ့

တလက်မမျှ နောက်မဆုတ်ကြနဲ့

အဓမ္မသမား လူရမ်းကားတွေကို

လားလားမျှ လက်မမြှောက်နဲ့။ 

(တင်မိုး)

မှန်ပါတယ်။ ဆရာ့ကဗျာထဲကလို စစ်အာဏာရှင်တွေ သွေးပျက်နေကြပြီ။ အထက်ပါ ကဗျာပိုဒ်တွေဟာ ၁၉၈၈ ခုနှစ် ၈၈၈၈ လှုပ်ရှားမှု ဆန္ဒပြပွဲတွေ ဖြစ်နေချိန်မှာ ရေးခဲ့တာပေါ့။ အဲ့သည်နောက်ပိုင်းမှာ သူ့ရဲ့ ကဗျာတွေကို မဂ္ဂဇင်းတိုက် ဂျာနယ်စာစောင်တွေက မဖော်ပြရဲကြပါဘူး။ နီးစပ်ရာ လက်ရေးနဲ့ ကူးဖျန့်ကြတော့ တဖြည်းဖြည်းနဲ့ စစ်ထောက်လှမ်းရေးလက်ကို ရောက်သွားတာပေါ့။ နောက်ထပ် "အမေ့သား စကားတိုးတိုးပြောလှည့်ပါ" "ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများသို့" စတဲ့ ကဗျာတွေ "ဒေါ်အောင်ဆန်းစုကြည် မွေးနေ့" ကဗျာတွေနဲ့ တခြား NLD နဲ့ ခွပ်ဒေါင်းကျောင်းသားတွေ အကြောင်း ကဗျာများစွာဟာ သူ့အတွက် " ထောင်ဆု " ရစေခဲ့တာပါ။ ဒီအကြောင်းကို အမေရိကန်နိုင်ငံက စာပေဟောပြောပွဲမှာ သူက အခုလို ပြောခဲ့ပါတယ်။

"စစ်ထောက်လှမ်းရေးက ကျနော့်ကို လာဖမ်းတော့ စစ်ဆေးတဲ့အခါ မေးကြည့်ခဲ့တယ်။ နေစမ်းပါဦး။ ကျနော့်ကို ဘာလို့ ဖမ်းတာလဲလို့ မေးတယ်။ ကျနော်က နိုင်ငံရေး ဘာမှ မလုပ်ခဲ့ဘူး။ ဘယ်ပါတီမှလည်း မဝင်ဘူး။ ဘယ်နိုင်ငံရေးပါတီကိုမှ ဝင်မလုပ်ဘူး ဆိုတာကို သက်သေပြရရင် မဆလခေတ် တလျောက်လုံးမှာ ဝန်ထမ်းတွေ မဝင် မနေရဆိုတဲ့ မဆလပါတီတောင် ကျနော်မဝင်ခဲ့ဘူးလို့ပြောတော့ ထောက်လှမ်းရေးမှူးက ဒါတော့ လွန်တာပေါ့ဗျာလို့ ပြောတယ်။ ပါတီဝင်တာတော့ မကြိုက်ဘူးတဲ့။ မဆလပါတီ မဝင်တာတော့ လွန်တာပေါ့ဗျာ တဲ့။ အဲ့သည်တုန်းက ဝန်ထမ်းတွေဟာ မဆလဝင်တာနဲ့ ပရိုမိုးရှင်းတွေ ဘာတွေ ရသကိုး။ တင်းပြည့်ဆို ဘယ်လောက်၊ တင်းဝက်ဆို ဘယ်လောက်၊ အရန်ပါတီဝင်တို့ အရမ်းပါတီဝင်တို့ပေါ့ဗျာ။ ကျနော့်မှာ ဘာမှ အပြစ်မရှိပါဘူးလို့ ပြောတော့သူက ဖိုင်တွဲအထူကြီး တခု ပေးတယ်။ ကြည့်လိုက်တော့ နဝတကို ဆန့်ကျင်တိုက်ခိုက်သော ကဗျာများတဲ့။ လှန်ကြည့်တော့ ကိုယ်ကဗျာတွေချည်းပဲ၊ တထပ်ကြီး။ သူတို့က စုဆောင်းပေးထားတာ။ ဗကပယူဂျီပေါ့။ မင်းမဲ့စရိုက်နဲ့ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်တယ်ပေါ့။ ၃ ရက် ၃ ည ထမင်းမကြွေး ရေမတိုက် မအိပ်ရ စစ်ကြောပြီးတော့ စစ်ခုံရုံးရောက်တယ်။ စစ်ခုံရုံးကနေ

တရားခံသည် စစ်အာဏာရှင်အောက်ကို ဒူးမထောက်

စစ်အာဏာရှင်စနစ်ကို ရှိမခိုးနိုင်၊

စစ်အာဏာရှင်စနစ် အသက်ရှည်နေသမျှ

တိုင်းပြည် ဒုက္ခပင်လယ် ဝေနေလိမ့်မည်ဟု

နိုင်ငံတော်ကို ခြောက်ချားအောင်ရေးပါတယ်တဲ့။

အဲဒီအခါ ကျနော် သိပ်သဘောကျသွားတယ်။ သူ ဖတ်လိုက်တာနဲ့ ငါ တရားဝင်ပြီလို့ ထောင်ဘယ်နှနှစ်ကျကျ တန်ပြီလို့ သဘောကျသွားပါတယ်။ ထောင် ၄ နှစ်ကျခဲ့ပါတယ်။ ကိုယ်ကမှ ၄ နှစ်ထဲပါ။ အထဲမှာ ထောင်ကျနေတဲ့ ဆရာတော်ကြီးတွေဆို ၁၀ နှစ်တောင် ကျတာပါ။"

သားတို့ကျောင်းက

ခွပ်ဒေါင်းလံကလေး

ရေမြောင်းဘေးမှာ

သွေးတွေစွန်းလျက်

ညနေဘက်က

အရပ်ထဲကလူတွေ တွေ့ ခဲ့သတဲ့။ 

(တင်မိုး)

ဆရာကြီးတင်မိုးဟာ ကျောင်းသုံးကဗျာတွေ၊ က ကလေးငယ်ချစ်စဖွယ် စတဲ့ ကကြီးကနေ အ အထိ ကဗျာတိုလေးတွေ ရေးခဲ့တဲ့ သူ၊ ဒေါက်တာဂျော်နီကဗျာ ကို ရေးခဲ့သူအဖြစ် ကျနော်တို့လူငယ်တွေ လေးစားခဲ့ကြတာပါ။ ပထမဆုံး အကြိမ် တွေ့ဘူးတာကတော့ ကဗျာဆရာ ပျဉ်းမနား မောင်နီသင်းရဲ့ မင်္ဂလာဆောင်မှာပါ။ အဲ့သည်တုန်းက သွားရောက်နှုတ်ဆက်ယုံ ခနတာပါပဲ။ ထူးခြားတာက အဲသည် ခန တာအတွင်းမှာပဲ ဆရာတင်မိုးဟာ စကားကို ချိုချိုသာသာ ပြောတတ်သူ၊ လူငယ်တွေကို စေတနာထားသူ၊ သူတပါးပြောစကားကိုလည်း စူးစိုက်နားထောင်တတ်သူတဦးအဖြစ် သိခဲ့ရပါတယ်။ ဒါကတော့ ခနတာပါ။ နောက်တကြိမ် ဆုံကြရတာကတော့ ၁၉၉၉ အကုန်မှာပေါ့။ ကျနော်က နော်ဝေး DVB ရေဒီယိုမှာ ၊ သူက ရန်ကုန်ကနေ ဘယ်လ်ဂျီယံနိုင်ငံအရောက် ပထမတော့ ဖုန်းနဲ့ ပြောရတယ်။ သူတော်တော် ပျော်နေပုံရတယ်။ သူနဲ့ ဖုန်းအင်တာဗျူးကို DVB က လွှင့်ခဲ့တယ်။ ကျနော်မှတ်မိနေတာက သူ့ကို ထောက်လှမ်းရေးက စောင့်ကြည့်နေပြီး ၉၉၉၉ မှာ ဖမ်းဖို့ သတင်းက ထွက်နေပြီ။ သူက တင်မိုး။ ကဗျာဆရာ တင်မိုးကို စောင့်ကြည့်နေကြတယ်။ သူ့နာမည် အရင်းက ဘဂျမ်း။ ဘဂျမ်းနာမည်နဲ့ ပတ်စ်ပို့သွားလုပ်တယ်။ ၁၉၉၉ ဩဂုတ် ၁၁ ရက်မှာ လေဆိပ်ကနေထွက်တယ်။ ဦးဘဂျမ်းဆိုတဲ့ ပုပု ကွကွ အညာသား အဖိုးကြီးကို အထွက်တုံးထုပေးလိုက်တယ်။ တင်မိုးနာမည်နဲ့ ဆိုရင် သူ အဖမ်းခံရမှာပါ။ နာမည်ရင်း ဘဂျမ်းဆိုတဲ့ နာမည်က သိပ်အသုံးဝင်သွားသတဲ့ ။ အဲ့သည်တုန်းက သူပြောခဲ့တဲ့စကား အခုထိ ကြားယောင်နေပါသေးတယ်။ စစ်ထောက်လှမ်းရေးတွေကိုလည်း သူ့ကို မိအောင်မဖမ်းနိုင်တာကြောင့် "တော်တော်တုန်းတဲ့ ကောင်တွေကွာ။ ကိုယ်က သူတို့ကို အတော် အထင်ကြီးခဲ့တာ" ဆိုပြီး သူပြောတာ မကြာမကြာ ကြားခဲ့ရတယ်။

အိပ်တရေးထ ကဗျာတပုဒ်ရသူ

ဆရာ မင်းသစ်ကလည်း ဆရာတင်မိုးဟာ အင်းစိန် စာပေဝိုင်းမှာ ဆွေးနွေး ပြောဆိုနေကြချိန်မှာ တခေါခေါနဲ့ အိပ်ပျော်နေကြောင်း ရေးထားတယ်။ ကျနော်လည်း ဒါကိုကြုံဘူးတယ်။ ဆရာတင်မိုးဟာ စုဝေးစကားပြောနေကြချိန်မှာ စာအကြောင်း သီချင်းအကြောင်း နိုင်ငံရေး စသဖြင့် သူပြောလိုတာကို ပြောပြီးရင် ကျနော်တို့ ပြောတဲ့အချိန်မှာ ထိုင်ရက်က အိပ်ပျော်သွားတာ ခနခနပဲ။ အိပ်ရက နိုးရင် ဆေးလိပ်ဖွာတယ်။ ပြီးရင် သူ့အခန်းထဲ ဝင်းသွားတယ်။ သူ့အခန်းထဲမှာ ခပ်ကြာကြာနေပြီး ထွက်လာရင် သူ့စာအုပ်မှာ ကဗျာအသစ်စက်စက် တပုဒ်ပါလာပြီး တွေ့တဲ့သူကို သူက ဖတ်ပြတယ်။ ကျနော်ထင်တာကတော့ သူဟာ တွေးပြီး အိပ်နေရင်းက ကဗျာစိတ်ကူးတွေ ရ ရလာသလားပဲ။ DVB အကြောင်း "နှင်းတောင်ပေါ်ကအသံ" ကဗျာကို နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ သူရေးခဲ့ပါတယ်။ ပြောခဲ့သလိုပဲ ထိုင်ရက် အိပ်ရာက နိုးအပြီးရေးတာ။ ကျနော်တို့ ရှေ့မှာပဲရေးခဲ့တာ။

"နှင်းတောင်ပေါ်ကအသံ"

တောင်ပေါ် တောင်ဆင့်၊ တောင်မြင့်မြင့်ထက်

တိမ်ပွင့် ထီးဆောင်း၊ တောင်နှာမောင်းဟု

တောင်စောင်း တောင်တန်း၊

တောင်ခါးပန်းဝယ်၊ တောထွေထွေသည်

တိမ်ခြေ ငွေနှင်းပေါင်းတို့နှင့် တကား။

အေးလည်းအေးမြ၊ သုညအောက်ရောက်

ငွေနှင်းစိုစွတ်၊ ငွေတောင်ထွတ်က

ပြိုညွတ်ကျလေ ယောင်တကား။

နော်ဝေ ဆွီဒင်၊ နှင်းတောင်မြင်၏

စကင်ဒီနေဗီယန်၊ နှင်းတောင်ယံက

အသံလွှင့်လှိုင်း၊ ငါတို့တိုင်းသို့

သမိုင်းသစ်ချီ၊ ဒီမိုကရေစီအတွက်

အောင်စည် ဟိန်းစေခဲ့ပြီတကား။ ။

(တင်မိုး)

၅၊ အောက်တိုဘာ၊ ၁၉၉၉ အင်္ဂါနေ့ နံနက်ခင်း


ချင်းမိုင်မြို့က ဟေမာနေဝင်းလမ်း

စကားတွေ ပြောကြရင်းက ဆရာတင်မိုးဟာ ပြောင်မြောက်တဲ့ မှတ်မှတ်သားသားစကားတွေလည်း ပြောတတ်ပါတယ်။ သူဟာ ကျနော်တို့ DVB ရုံးခွဲရှိရာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုလည်း လာလည်တတ်တယ်။ ချင်းမိုင်တက္ကသိုလ် မရောက်တရောက်မှာ လမ်းတခု နာမည်က "နီမာဟင်ပင်" တဲ့။ နီမာဟင်ပင်လမ်း ပေါ့။ အဲ့သည်လမ်းမှာ မြန်မာထမင်းဆိုင်လည်း ရှိတယ်။ ဆရာကတော့ ထိုင်းလမ်းနာမည်က ခေါ်ရခက်တယ်တဲ့။ ဟေမာနေဝင်းလမ်းလို့သာ ပြောင်းခေါ်ကြတဲ့။ နောက်တော့ ကျနော်တို့ DVB သတင်းထောက်တွေကြားမှာ ဟေမာနေဝင်းလမ်း ဆိုပြီး ခေါ်နေကြတော့တာပေါ့။

စစ်သားနဲ့ သစ်သားရှောင်တယ်

ဆရာတင်မိုး ပြည်ပမှာ နေတဲ့နှစ်တွေက မဲဆောက်ကို မကြာမကြာ လာတယ်။ မြဝတီတဖက်ကမ်းက မဲဆောက်ဖက်ခြမ်း သောင်းရင်းမြစ်ဘေးကို သွားပြီး မြန်မာပြည်ကို နောက်ဖေးပေါက်က ငေးချင်လို့တဲ့။ ဒီစကားက ငိုချင်စရာပါ။ ကဗျာစာဆို ကဝိကြီးတယောက် ကျောင်းဆရာကြီးတယောက်ဟာ တိုင်းတပါးရောက်ပြီး နောက်ဖေးပေါက်က ပြန်လာချောင်းနေရတဲ့ဘဝ။ စိတ်မကောင်းစရာပါ။ အိမ်စောင့်အဆင့် စစ်သားတွေက ပလ္လင်ပေါ် တက်ထိုင်နေမှတော့ ဒီအဖြစ်တွေဟာ မဆန်းပါ။ စစ်သားတွေကို မုန်းခဲ့တယ်။ ဒါကြောင့်လည်း ဆရာဟာ စစ်သားနဲ့ သစ်သား ရှောင်ခဲ့တယ်။ ကဗျာဆရာ မောင်လွမ်းဏီကလည်း ဒီအကြောင်းကို ပြန်ပြောပြခဲ့ဘူးတယ်။ မဲဆောက်မှာ ထမင်းစားကြတော့ ဆရာတင်မိုးကို ဝက်သားစားသလား။ အမဲသားစားသလား မေးတော့။ စစ်သားနဲ့ သစ်သားပဲ ရှောင်တယ်လို့ ပြန်ပြောတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ သစ်သားက မာလို့ မစားတာတဲ့။ စစ်သားကိုတော့ ရွံလို့တဲ့။ ဪ ရွံစရာ အကြောင်းတွေကလည်း အကြိမ်ကြိမ် အခါခါရှိခဲ့တာကို။ ဒီနေ့ နွေဦးတော်လှန်ရေးမှာဆို တနိုင်ငံလုံး ညစ်ပတ်တဲ့ စစ်တပ်ရဲ့ဒဏ် ခံနေကြရပြီလေ။

(တင်မိုးကွယ်လွန် ၁၉ နှစ်)

လက်နက်နဲ့ လူသား

လူသားက လက်နက်ကို အရှုံးပွဲနဲ့

ဘုံးဘုံး လဲရရင်

သမိုင်းစာမျက်နှာမှာ

အရိုင်း ဒဏ်ရာတွေပါရော့မယ်

အမှန်ဟာအင်အား

အချိုဟာ ဘယ်တော့မှ မခါး

အမှန်ဟာ ဘယ်တော့မှ မမှား

တရားသည်သာ ဓါး

ကိုယ့်အားကို ယုံကြည်

ဒီမိုကရေစီ တံခါးဖွင့်ရင်း

တရားနှင့်စောင့်မယ်။ ။ (တင်မိုး)

ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်သွားခဲ့တာ ဒီနေ့ ၁၉ နှစ် ရှိပါပြီ။ ဆယ်စုနှစ် မက ရာစုနှစ်တွေကြာလည်း သူ့ကဗျာ သူ့စာတွေကတော့ ရှင်သန်နေပါလိမ့်မယ်။ သူဟာ သတ္တိရှိရှိ ကဗျာတွေ ရေးခဲ့ပါတယ်။ ထောင်ကိုမကြောက် တန်းမကြောက် ကဗျာတွေရေးခဲ့ပါတယ်။ သူ့ရဲ့ တိုက်ပွဲရှေ့ပြေး လမ်းပြတေးကဗျာတွေဟာ များလှပါတယ်။ ၈၈၈၈ အရေးတော်ပုံ လမ်းပြကဗျာတွေကို ရေးခဲ့သလို တပြိုင်တည်းမှာပဲ ဒီတော်လှန်ကဗျာတွေဟာ ဒီနေ့ နွေဦးတော်လှန်ရေးတိုင်အောင်လည်း ဦးဆောင် လမ်းပြနေဆဲပဲလို့ ပြောရမှာပါ။ သူ့ကဗျာတွေက နမိတ်ဖတ်ထားခဲ့ပါပြီ။ နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမယ်။ သူက" ပြည်သူသည်သာ အောင်နိုင်ရာသည် မဟာအင်အား အကြီးမားဆုံး" လို့ ဆိုခဲ့တယ် မဟုတ်လား။ 

နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးပဲလေ။ ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar