Breaking News

မိုးမခကဗျာ - မောင်လင်းရိပ် ''အိပ်မက်ရေးခြင်း ''

A rt-Than Htay Maung

မိုးမခကဗျာ
စက်တင်ဘာ ၄၊ ၂၀၂၁

''အိပ်မက်ရေးခြင်း ''
မောင်လင်းရိပ်

ကျွံတဲ့စစ်ဟာ နွံထက်နစ်တာ
စစ်ဘုရင်ဟာ မသိဘူး။
သွေးတွေက ချွဲညှီပြီး
ဝိညာဉ်တွေက တွဲသီနေတဲ့ မြေပြင်မှာ
ဘုရင်လုပ်ရတာဟာ 
ချောက်ချားစရာရယ်လို့ မသိဘူး။
ထောက်ထားစရာမရှိတော့တဲ့ သမိုင်းကို
ပြည်သူတွေက ကိုင်းတောခုတ်သလို ခုတ်ရတော့တာပဲ
ပြီးရင် ကိုင်းငုတ်တွေမကျန်အောင် မီးရှို့ကြရဦးမယ်
မြေကသန့်စင်မှ လယ်သစ်တီတာ အပြီးသတ်မှာ
ဒီအချိန်မှာကို ကောက်ရိတ်သိမ်းချိန် မျှော်တယ်ဆိုတာ 
နေ့လယ် အိပ်မက် မက်တာ မဟုတ်ပါဘူးကွာ
အမြော်အမြင်အတွက်အချက်ကို လက်နဲ့ ချတွက်နေတာပါပဲ။
ကဗျာဆရာတွေ ကဗျာရေးပါ
အလုပ်သိမ်းချိန်မှာ ရေမိုးချိုးသန့်စင်ရသလို
စစ်ပွဲကြီး တစ်ပွဲပြီးတဲ့အချိန်မှာ စစ်ပြန်တွေဟာ ကဗျာဖတ်ရမယ်
သွေးနဲ့ ဆေးခဲ့ရလို့ သွေးနဲ့ ပေကျံတဲ့ လူ့နှလုံးသားတွေဟာ
သန့်စင် အေးမြအောင် ဆိုရင် ရေနဲ့လည်း ပြန်ဆေးရလိမ့်မယ်။
အိပ်ရာဝင်တဲ့အခါ 
အိပ်မက်ကောင်းမြင်မက်ဖို့ရာ 
ခြေကိုစင်အောင်ဆေးရတယ်တဲ့။

၂၀၂၁ စက်တင်ဘာ ၃


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar