Breaking News

မောင်လွမ်းဏီ - ကျီးလန့်စာစား မြိုတော်ဇနပုဒ်

Design- Credti 

ကျီးလန့်စာစား မြိုတော်ဇနပုဒ်
မောင်လွမ်းဏီ
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၆


လူပြော သူပြောများတော့
ဇနပုဒ်ကို မြို့တော်လို့ အဟုတ်ထင်ကြတာပေါ့၊ 
တတိယနိုင်ငံတော်သို့၊ အော်။

ရေ မီး ဂတ်စ် အိမ်ရာ
ဝင်းပြက် လင်းလက်နေတာပေါ့။ အော်။

မီးဆွယ် မှိတ်တုတ်တဲ့အကာလ
ဖုတ်ဖက်ခါထ၊ ဟိုရွာသူတွေ ယွတဲ့ ဇရပ်အိုပေါ့၊ အော်။

ကော်လံစားတွေ၊ ဖော်လံဖားတွေ 
အလန်းဇယားတွေနဲ့၊ ညခင်းဆို လမ်းသလားကြပေါ့၊ အော်။

အရိုက်အရာ ခံချင်သူရော
တကိုက်တထွာ လူရာဝင်ချင်သူရော
ချေးပေါ့သေးပေါ ဖောချင်းသောချင်း ကွန်ဒို။ အော်။

ဟိုမှာ CDM တန်းလျား၊ 
သက်ကြီးရွယ်အို ပါမောက္ခကြီးလင်မယား
ရဲလင်မယားနဲ့ စစ်ဗိုလ်လင်မယား
အဆိုရှင်တွေနဲ့ သဘင်သမား၊ အနုပညာသမားတွေနဲ့
အလွှာမခြားတဲ့တန်းလျားအိုထက်မှာပေါ့။ အော်။

မယုံရင်သွားကြည့်
သူတို့ကတော့ သူတို့လမ်းကို ယုံလို့ လှမ်းလာခဲ့သူတွေ
Safe House ဆိုတော့လည်း တံခါးတွေက 
စေ့ဟ ထားမှာပေါ့။ အော်။

အချုပ်အချာ နိုင်ငံ့အာဏာ လုယက်ခံရတာ ၅ နှစ်
နွေဦးပွင့်သစ်တွေ ပွင့်ခဲ့တာ ၅ နှစ်
သောင်ရင်းမြစ် အရင်းအဖျားမှာ ၅ နှစ်
စစ်ရှောင်လို့ အခေါ်ခံရတဲ့ ၅ နှစ်
ဟိုအိမ် ဒီအိမ်၊ ဟိုမြို့ ဒီမြို့ ပြောင်းရ ရွေ့ရတာ ၅ နှစ်
ယူအန်က ခန ခန ဖုန်းဆက်တဲ့ ၅ နှစ်
အလုပ်သမားနယ်ပယ်က လက်မှတ်ဆိုလား ၅ နှစ်
မမြင်ဖူးတဲ့ လူကြီးတွေ 
အပြောင်းအလဲ လုပ်တာလည်း ၅ နှစ်
ဒီ ၅ နှစ်ကို ဖြတ်သန်းနေရတာကိုပဲ
ချစ်နေရတာ။ အော်။

သူဌေးဆိုတာနဲ့ ကြောက်ရ
ခွေးဆိုလည်းကြောက်ရ
ဗျောက်သမားလည်း ကြောက်ရ
နောက်နားက ဖဲသမားနဲ့ ချဲသမားလည်းကြောက်ရ
ငြိမ်းချမ်းရေးတံခါးပေါက်ဝက ပြုံးပြတာလည်း ကြောက်ရ
ချစ်ကြည်ရေးတံတားဘောင် ကိုင်မိတာနဲ့လည်း ကြောက်ရ
တောမောင်းတဲ့ဟေ့ သံချောင်းခေါက်ပြန်ရင်လည်း ကြောက်ရ
နားနဲ့ ဖုန်းနဲ့ကပ်ပြီး တံတားထက်က ပြေးလွှားလာတဲ့ ကျားဖြန့်ဆိုတာလည်း အနံ့နဲ့တင်ကြောက်ရ၊ အော်။

ပဒိုလွမ်းကဗျာ၊ ဘယ်လမ်းရှာမလို့လဲ
အိမ်သူက ငေါက်ငမ်းတာလည်း ကြောက်ရ။ အော်။

ရယ်မောရတယ်နော်၊
အဲဒါ မဲဆောက် မြို့တော်ဇနပုဒ်ဆိုတာပဲ။ အော်။

စက်ရုံပိတ်ရက် တနင်္ဂနွေမနက်ဆို
မမွှေးပါတိတ်ဝမ်းဆက်နဲ့ လမ်းထွက်တယ်လေ
ငွေဖလားနဲ့ ရေကစားမယ် မထင်ပါနဲ့
PDF လေးတွေအတွက် အလှူခံမယ်၊ အော်။

နွေဦးအလှူ မမကူပါ
သည်းတို့ကိုကို လှူပါဦးကွာ 
ကျည်ကာလေးတွေ လိုလို့ပါ။ အော်။

လက်ချိတ်တွဲဆက်၊ ပါးကွက်ကြားထူ
ချစ်သူတို့မှာလည်း ချစ်တို့တွေပဲ ရှိတာလေကွာ
ဆံနွယ်ကိုခါ၊ ကဗျာဆန်တဲ့  တော်လှန်သူ့သွေး
ရွေ့ပြောင်းသူလေး ကနွဲ့ကလျ။ အော်။

လက်တစုပ်စာ ဇနပုဒ်
လက်သီးကျစ်ကျစ် စုပ်ထားတယ်
ဟော့ဒီမှာ 
ဇနပုဒ်သားတွေ ဆိုပေမယ့် 
လက်သီးစုပ်မဖြည်တဲ့
နယ်နိမိတ်မျဉ်းပေါ်က လွမ်းရိပ်
မြစ်သောင်ရင်းကမ်းဆိပ်ရဲ့
မြို့တော်ဇနပုဒ်ထိပ်မှာ
လိပ်ပြာလုံသူတွေ ရှိတယ်။

ရှူး မအော်နဲ့ ,,,

မောင်လွမ်းဏီ
၂၅ ဇန်နဝါရီ ၂၀၂၆


-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar