မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် "မောင်သင်းခိုင်နဲ့ ဇော်(ပျဉ်းမနား)"
မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၂၊ ၂၀၂၁
"မောင်သင်းခိုင်နဲ့ဇော်(ပျဉ်းမနား)"
ဝင်းမင်းခိုင်
ဒီနေ့ ဇော်(ပျဉ်းမနား)ထိုင်တဲ့ ကြက်ဖကြီးလက်ဖက်ရည်ဆိုင်ကိုသွားကြမယ်ကွ။
ကိုဇော်ကြီးက မောင်လေးမွန်နဲ့သက်တူရွယ်တူလောက်ဖြစ်ပြီး ပုံသဏ္ဍာန်ကတော့ မောင်လေးမွန်က ဖြူဖြူနွဲ့နွဲ့ပိန်ပါးပါး၊ ကိုဇော်ကြီးကမဲမဲဝဝ ထောင်ထောင်မောင်းမောင်းပါ။
သူတို့ ၂ ယောက်ကအရပ်အမောင်းချင်းသိပ်မကွာပေမယ့် စကားပြောရင် ကိုဇော်ကြီးက ဒေါင်းတင်မောင်းတင် ကျယ်ကျယ်လောင်လောင်ပြောတတ်ပါတယ်။
မိသားစုအဝန်းအဝိုင်းထဲကနေ မကြာခဏဆွဲထုတ်ခံရ၊ မကြာခဏပျောက်ပျောက်သွားတတ်တဲ့အထဲမှာ သူလဲပါ ပါတယ်။
ရန်ကုန်မန္တလေးလမ်းဟောင်းဘေး ပျဉ်းမနားမြို့အဝင်ကရွာမှာနေတာပါ၊ အခုဆိုရင်တော့ပျဉ်းမနားမြို့ထဲကသွားရင် ဆင်ရုပ်ရောက်တာနဲ့ ဘယ်ဘက်လမ်းအတိုင်းသွားရပါတယ်။
သူက ဗိုလ်ချုပ်လမ်းက ကြက်ဖကြီးလက်ဖက်ရည်ဆိုင်မှာလဲထိုင်တတ်သလို ကျနော်တို့ထိုင်တဲ့နန်းစိန်ကဖေးကိုလဲ လာတတ်ပါတယ်။
ကိုမိုးကျော်အောင်က ပန်းရိုးမလက်ဖက်ရည်ဆိုင်ဖွင့်လိုက်တော့ ပန်းရိုးမမှာအထိုင်များသွားပါတယ်။
မနက် ၉ နာရီဝန်းကျင်လောက်ဆို စက်ဘီးလေးနဲ့ရောက်လာတတ်တယ်။ အမြဲတန်းလိုလို ရှုဆေးဘူးအဖြူလေးကိုင်ထားပြီး မကြာခဏရှုနေတတ်တယ်။ သွေးတိုးရောဂါရှိလို့ထင်ပါရဲ့။ တခါတလေ သူ့မျက်နှာကပွတတနဲ့ မျက်ခွံတွေလေးနေတတ်တယ်။
ဇော်ပျဉ်းမနားရေးတဲ့အထဲမှာ ကဗျာကောင်းတွေရှိတယ်ကွ၊ အသံတွေလဲကောင်းတယ်လို့ မောင်သင်းခိုင်က ပြောပါတယ်။
အသံသာတဲ့ကဗျာနတ်သား ဇော်(ပျဉ်းမနား) Photo- Crd
ဆရာမောင်သာနိုးကတော့ ပျဉ်းမနားက အသံသာတဲ့ကဗျာနတ်သားလို့ ဆောင်ပါးနဲ့ဂုဏ်ပြုခဲ့ဖူးတယ်။ ဆရာမောင်သာနိုးအသိမှတ်ပြု ချီးကျူးခံရဖို့ဆိုတာမလွယ်လှပါဘူး။
သူ့ရဲ့ " ပျဉ်းမနားသားရဲ့မေတ္တာစာ " ကဗျာဟာ လူကြိုက်များထင်ရှားခဲ့ပါတယ်။
ကျနော့်ကိုအထူးသတိရစေတဲ့အချက်ကတော့ ရေးပြီးသားကဗျာကိုပြလိုက်ရင် သူ့အိတ်ကပ်ထဲကဘောပင်ကိုထုတ်ပြီး ပြင်ပေးတတ်တာပါ။ စေတနာနဲ့ကောင်းစေချင်လို့လုပ်တာဖြစ်ပါတယ်။
ကဗျာဆရာချင်းတူပေမယ့်တယောက်နဲ့တယောက် ပင်ကိုယ်စရိုက်တွေ အတွေးအမြင်သဘောထားတွေမတူကြပါဘူး။
မောင်သင်းခိုင်က သူ့ဟန် သူ့စကားလုံးတွေပါသွားမှာစိုးလို့ လူငယ်တွေရဲ့ကဗျာတွေကိုပြင်ပေးလေ့မရှိသလို မဂ္ဂဇင်းတွေမှာကဗျာတွေပါအောင် သူ့ဝိတ်သုံးပြီးထည့်ပေးလေ့မရှိပါဘူး။
မောင်သင်းခိုင်ရဲ့လူအများသိပြီးသား စကားတခွန်းရှိပါတယ် "မောင်သင်းခိုင်က တပည့်မမွေးဘူး ၊ ရဲဘော်ပဲမွေးတယ်" ဆိုတဲ့စကားပါ။
သူကရင်ငွေ့ပေးပြီး အကောင်ပေါက်စေချင်တဲ့သဘောကိုတွေ့ရပါတယ်။
မောင်သင်းခိုင်၊ မောင်လေးမွန်၊ ဇော်(ပျဉ်းမနား)ဆိုပြီး ပျဉ်းမနားသားကဗျာဆရာတွေကို အတွဲလိုက်သိကြပါတယ်။ အဲဒီသုံးယောက်ကအတွဲလဲ များပါတယ်။ အတွဲများလို့အားလုံးတူကြသလားမေးရင်တော့ ကျနော်သိသလောက်ဆိုရင် မတူဘူးလို့ပဲပြောရပါလိမ့်မယ်။
အကိုကြီးမောင်သင်းခိုင်၊ မောင်လေးမွန်၊ အကိုဇော်ဝင်းကိုတို့ကို ကျနော့်အနေနဲ့လေးစားတန်ဖိုးထားရသလို ဇော်(ပျဉ်းမနား)ကိုလဲ ခင်မင်အသိမှတ်ပြုခဲ့ရတာအမှန်ပါ။
ကျနော်တို့လူငယ်တွေ ကဗျာစာအုပ်ကလေးတွေလုပ်ရင် ဇော်ပျဉ်းမနားဟာ ဝမ်းသာအားရ အမှာရေးပေးတတ်သလို များများရေး၊
စာအုပ်တွေများများထုတ်ဖို့ တိုက်တွန်းလေ့ရှိတယ်။
ကျနော့်အမျိုးသမီးနဲ့တရားရုံးမှာလက်မှတ်ထိုးတော့ မောင်သင်းခိုင်၊ မောင်လေးမွန်၊ ဇော်(ပျဉ်းမနား)တို့က အသိသက်သေအဖြစ် လက်မှတ်ထိုးကြတာပါ။
မင့်အမျိုးသမီးက ကဗျာဆရာရဲ့ဒဏ်၊ နိုင်ငံရေးသမားဒဏ်ခံနိုင်မယ့် မာမယ့်ပုံပေါက်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
တချို့မိတ်ဆွေတွေပြောနေ၊ မေးနေကြတဲ့ "ကတ္တီပါလမ်းခွဲ" ကိစ္စ၊ "စွမ်း ဇော် တိုး " ကိစ္စတွေကတော့ အထက်မှာကျနော်ပြောခဲ့သလိုပါပဲ၊ တယောက်နဲ့တယောက် ပင်ကိုယ်စရိုက်တွေ အတွေးအမြင်သဘောထားတွေမတူကြတဲ့အတွက် ကျနော့်အနေနဲ့အထွေအထူးမပြောလိုပါဘူး။ စာဖတ်သူတွေရဲ့ရင်ထဲမှာ ခုချိန်ထိ တင်ကျန်နေတာကိုလဲ ဖယ်ပစ်ဖျောက်ပစ်လို့ မရနိုင်ပါဘူး။
အခုဆိုရင်တော့ မောင်သင်းခိုင်၊ မောင်လေးမွန်၊ ဇော်ပျဉ်းမနား ၃ ယောက်စလုံး ကွယ်လွန်သွားကြပါပြီ။ မိတ်ဆွေတို့ခြေရာကောက်ကြည့်ချင်တယ်ဆိုရင်တော့ တဦးချင်းစီရဲ့ပြီးပြည့်စုံတဲ့ရုပ်ပုံကားချပ်တွေ ရနိုင်လောက်ပြီထင်ပါရဲ့။
ချစ်တဲ့
ဝင်းမင်းခိုင်
၃.၈.၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar