မိုးမခကဗျာ - ကြည်နိုင် * မြို့ပြမုဆိုး *
မိုးမခကဗျာ
စက်တင်ဘာ ၂၅၊ ၂၀၂၁
* မြို့ပြမုဆိုး *
ကြည်နိုင်
* သားရဲကို ယှဉ်နိုင်ဖို့
ရင်ဆိုင်နည်းနာ
လက်တွေ့ရှာ တောချုံတိုး
မုဆိုးစိုင်သင်
လေးမြားကို ပြင်ခဲ့ပြီ။
* မာယာဆောင်
အမှောင် အားကိုးတဲ့
သားရဲမျိုးဟာ
အားနည်းချက် ဖွေရှာ
ဝေဝါးအောင် ကြံဆောင်နေရဲ့။
* ဘတစ်ပြန် ကျားတစ်ပြန်
အသက်ကို အပ်နှံလို့
တံလျှပ်ရောင်ပြန် ကဲရာ
ကတ္တရာ ကန္တာထဲ
ရဲရဲတိုးဝင်ဆဲ။
* ရှေ့တစ်လှမ်းတိုးရ
နောက်နှစ်လှမ်း ဆုတ်ပ၊
သတိဟာ တမံ၊ ဉာဏ် မြေဟာ ကတုတ်
ပညာစွမ်း ချွန်းလိုအုပ် တဲ့၊
တို့ရှေ့က သူရဲကောင်းတို့
ရွှေထုပ်ကို ဖွေထုတ်ခဲ့ကြပြီ။
* အဖြောင့်သမား ငါတို့
မာယာညှို့ကွင်းကို ခွင်းနိုင်ဖို့
ဘယ်သူ့ကို ကြိမ်တို့မလဲ၊
ရှို့မီးကို ဆို့ဆီးလို့တား၊
အသိချင်းလည်း ခြားစွ။
* တူရူချက် လမ်းတူ
ကမူကျင်းချိုင့် ဖြတ်သန်း
လာလမ်းမမှားပေမယ့်
ခြေသံလုံမှ မုဆိုးကောင်း။ ။
၂၄. ၀၉. ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar