မိုးမခအက်ဆေး - ညိုထွန်းလူ '"သစ္စာဟုဆိုသောအခါ'"
မိုးမခအက်ဆေး
စက်တင်ဘာ ၂၅၊ ၂၀၂၁
'"သစ္စာဟုဆိုသောအခါ'"
ညိုထွန်းလူ
သည်တစ်နှစ်မိုးလယ်ကောင်းပြီးမိုးနှောင်းချိန်မှာတော့မည်သို့ရှိနေမည်မသိ။ မိုးသည်အစိုးမရ မရွာတော့လည်းမရွာလို့ ရွာတော့လည်းရွာသမို့ လူ့အလိုဖြင့်ထပ်တူကျချင်မှကျ၏။ မိုးနှယ်တော်ရုံလောက်ရွာရောပေါ့ဟု ပြောလည်းရမှာမဟုတ်။ ရွာပြီဆိုတော့လည်းရက်ခြားရွာပြီးအိုးကိုသွန်မှောက်လိုက်သည့်အလား။ တော်သလင်းမိုးကန်သင်းကျိုးဟုအဆိုနှင့်အညီ သူ့သဘောသူဆောင်၍ သူကြိုက်သလိုရွာမည်မို့ဘာမှမတတ်နိုင်။ တကယ်တော့အညာမှာမိုးတွေရွာလျှင် ကျွန်တော်ပျော်သည်။
တောင်သူတွေလည်း စိတ်ဖြောင့်လက်ဖြောင့်စိုက်ပျိုးနိုင်ကြ၍ သဘောကျသည်။ စိုက်ပျိုးပြီးစီးသွားသည်နှင့်နှစ်စဉ်ကျင်းပသည့်ဘုရားပွဲတွေမှာပျော်ပျော်ရွှင်ရွှင်ဆင်နွှဲလိုက်ကြမည်။
အညာကျေးလက်ဒေသတောသူတောင်သားတွေ၏အတွေးကရိုးရှင်းပြီးချစ်စရာကောင်းလှ၏။ ခက်တာကသည်နှစ်မှာတော့ ကျွန်တော်တို့အညာကရွာတွေမှာဖြင့်မင်္ဂလာတွေကင်းမဲ့သွားခဲ့ရပြီ။ စိုက်ပျိုးချိန်ရောက်လာသည့်တိုင် မျိုးဖိုးငွေမရှိ။ ပြီးတော့မိုးပေါ်ထောင်တက်နေသည့်ဓာတ်မြေသြဇာနှင့်ဒီဇယ်စျေးနှုန်းက ထိတ်လန့်စရာ။ ရွာတွေမှာလည်း တိုက်ပွဲတွေကြောင့် အသက်ကြီးအရွယ်အိုတွေသာကျန်ရစ်ခဲ့ပြီး အားလုံးပြေးလွှားရှောင်ပုန်းနေကြရ။ သည်အထဲ ရွာမီးရှို့ခံရမလား ပြောင်းရွှေ့ရတော့မလားဟုအတွေးဖြင့်ရင်တထိတ်ထိတ်။ တချိန်က ဘုရားပွဲကို သွားခဲ့ကြလာခဲ့ကြပျော်ရွှင်ခဲ့ကြရတာတွေကလည်း အတိတ်၏အရိပ်လို အဝေးမှာကျန်ရစ်သွားခဲ့ပြီ။ တိုင်းပြည်တွင် ကျေးလက်ဒေသတွေမှာလူဦးရေအများဆုံးနေထိုင်ကြသည်။ စိုက်ပျိုးရေးကိုအဓိကအားထားနေရ၍ နယ်အရပ်ဒေသတွေစီးပွားရေးဖွံ့ဖြိုးမှတိုင်းပြည်၏စီးပွားရေးအားကောင်းသည်။ သီးနှံတွေအထွက်မကောင်းလျှင်တိုင်းပြည်၏စီးပွားရေးသည်အနှုတ်လက္ခဏာပြပါလိမ့်မည်။ ထို့အတူ နယ်အရပ်ဒေသတစ်ခုကဘုရားပွဲစည်ကားခြင်းသည်လည်း ထိုအရပ်ဒေသ၏ စီးပွားရေးအခြေအနေကိုဖော်ပြနေလျက်။ ယခုတော့ဖြင့် ဘုရားပွဲတွေကိုကျင်းပပျော်ရွှင်ဖို့နေနေသာသာ လူတွေခမျာအပူထုပ်ပိုက်၍ ပြေးလွှားရှောင်ပုန်းနေကြရရှာသည်။
သည်ကနေ့စက်တင်ဘာလ ၂၂ ရက်နေ့။ အမေကွယ်လွန်သွားခဲ့တာ ၂၃ နှစ်ရှိသွားခဲ့ပြီ။ ပြီးခဲ့သည့်စက်တင်ဘာ ၁၉ ရက်နေ့ကတော့ အဖေကွယ်လွန်ခဲ့သည့် ၁၅ နှစ်ပြည့်အဖြစ် အိမ်ရှေ့ကိုကြွရောက်လာကြသည့်သံဃာတော်များကိုဆွမ်းဟင်းများလောင်းလှူပြီး ဘုန်းကြီးကျောင်းသို့ဆွမ်းချိုင့်ပို့၍ ကုသိုလ်ယူခဲ့သည်။ အမေ့အတွက်လည်းနံနက်စောစောထ၍ဆွမ်းလောင်းသည်။ ထို့နောက် ဘုန်းတော်ကြီးကျောင်းသို့ဆွမ်းချိုင့်ပို့သည်။ နှစ်စဉ်သည်လသည်နေ့ရက်တွေရောက်တိုင်းကွယ်လွန်သူမိဘနှစ်ပါးအတွက် ကိုယ်တတ်နိုင်သလောက်ဖြင့်မပျက်မကွက်ကုသိုလ်ပြုရစမြဲ။
သက်ပြင်းချလိုက်ရင်းအဝေးကိုငေးနေမိသည်။ အမေ့ကိုလွမ်းသည်။ ရွာမှာနေခဲ့ရစဉ်က ကြမ်းတမ်းသည့်ဘဝကိုအမေဖြတ်သန်းခဲ့ရသည်။ ပေါင်းသင် ပဲနှုပ်ဝါကောက် အိုးလုပ်စသဖြင့် အလုပ်တွေစီကာစဉ်ကာလုပ်ရင်း တစ်နှစ်ပတ်လုံးနားရသည်ဟုမရှိခဲ့။ ဆင်းရဲပင်ပန်းခြင်းထဲမှာနစ်မြုတ်နေခဲ့ရသော်လည်း ရွာမှာတစ်နှစ်တစ်ကြိမ်ကျင်းပသည့်ဘုရားပွဲကတော့အမေ့အတွက် ပျော်ရွှင်ရသည့်အချိန်ဟုဆိုရပါမည်။ အသက်ကြီးလာတော့လည်းသွားခဲ့ရသည့်ဘုရားပွဲတွေကိုလွမ်းတသသဖြင့် ပြောနေစမြဲ။ အမေသည်ကျွန်တော့်လက်ကိုဆွဲ၍ရွာကခြေတော်ရာဘုရားပွဲသို့ခေါ်သွားသည်။ ရှစ်ရက်ပွဲဟုခေါ်သည့်မုံရွာဆုတောင်းပြည့်ဘုရားပွဲကိုလည်းအမေနှင့်အတူရောက်ခဲ့သည်။ ရွှေဘိုမြို့ထောင့်စေတီပွဲကိုတော့သုံးလေးခေါက်ရောက်ဖြစ်ခဲ့သည်။ အမေ့မှာဖြင့်အသက်အရွယ်ကြီးလာသည့်တိုင်ဘုရားပွဲကိုသွားချင်နေစမြဲ။ ကျွန်တော့်သမီး သူ့မြေးနှစ်ယောက်ကိုဘယ်ညာဆွဲ၍ မန္တလေးတောင်ခြေကကျောက်တော်ကြီးဘုရားပွဲကိုသွားသည်။
တပို့တွဲလကျင်းပသည့် မဟာမုနိဘုရားကြီးပွဲကိုလည်း ရောက်သည်။
အမေ့ဘဝတလျှောက်လုံးတွင် ကြီးကြီးမားမားပြောစရာဆို၍ ဘုရားပွဲတွေအကြောင်းသာရှိသည်။ သူ့ငယ်ဘဝနှင့်အတူဘုရားပွဲတွေကိုလွမ်းသည်။ လွမ်းစရာတွေအပ်ကြောင်းထပ်နေသည့်တိုင် လွမ်းစရာနှင့်လွမ်းရတာတွေကတော့မကုန်နိုင်။ သည်မှာပင် အမေ့အကြောင်းကိုတွေးမိရင်းဖြင့် အမေ့အလွမ်းတွေက ကျွန်တော့်ရင်ထဲသို့ရောက်လာခဲ့သည်။ အဲသည်အလွမ်းစိတ်တွေက ကိုယ့်ဇာတိနှင့်ကိုယ်ကျင်လည်ဖြတ်သန်းခဲ့ရသည့်လောကဝန်းကျင်တွေထဲမှပေါက်ဖွားလာခဲ့ရပြီး မသိစိတ်ထဲမှာခိုင်မာစွာရစ်နှောင်ထားသည်ကို ငယ်ရွယ်စဉ်ကသတိမပြုမိခဲ့။
တော်သလင်းလပြည့်ကျော်လာပြီဆိုတော့ ရွှေဘိုမြို့ထောင့်စေတီ(မော်ဓောမြင်သာ)ဘုရားပွဲနီးလာပြီဟု တွေးမိလိုက်သည်။ ဘုရားပွဲကတော်သလင်းလပြည့်ကျော် ၁၀ ရက်နေ့မှကျင်းပသော်လည်း ပွဲမတိုင်ခင်လေးငါးရက်ကတည်းက ဆယ့်နှစ်ပွဲစျေးသည်တွေရောက်နှင့်နေကြစမြဲ။ ဝါခေါင်လမှာ တောင်ပြုန်းပွဲရှိသည်။ ထို့နောက် တောင်ပြုန်းပွဲအပြီးရက်တစ်ပတ်ကျော်အကြာ အမရပူရ ရတနာ့ဂူဘုရားပွဲကျင်းပသည်။ ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဟုဆိုသည်။ အထက်ပိုင်းမှာမိုးတွေရွာ၍ဧရာဝတီမြစ်ရေတရကြမ်းတိုးနေသော်လည်း မန္တလေးတဝိုက်မှာဖြင့်မိုးနှင့်ဝေးနေ၍နေပူပြင်းလှချည့်။ မည်သို့ပင်ဖြစ်စေ ဘုရားပွဲလာကြသူတွေကတော့ ရာသီဥတုဆိုးရွားမှုကိုသတိပြုမိကြပုံမပေါ်။ ပျော်ပျော်ပါးပါးတိုးဝှေ့သွားလာကြ။ တချို့ကအထက်နန်းနှင့်အောက်နန်းမှာ နတ်ဆိုင်းသံတွေထဲစီးမျောရင်း ဒိန်းဂျမ်းဒိန်းဂျမ်းဖြင့်ကခုန်မြူးထူးနေကြ။ အမျိုးသမီးတွေကတော့ တောင်သမန်အင်းရေပြင်ထဲမှာငှက်စီးကြ။ သည်လိုဖြင့် ရတနာ့ဂူဘုရားပွဲပြီးသွားခဲ့သည်။ အမရပူရမြို့ကြီးလည်း ယခင်အတိုင်းပုံမှန်ပြန်ဖြစ်သွား၏။ ဘုရားပွဲပြီးသွားခဲ့သော်လည်းစစ်ကိုင်းနှင့် အမရပူရမော်တော်ကားလမ်းနဘေးတွင် ကရေကရာနှင့် နုဆုပ်လိုမုန့်ပဲသွားရေစာတွေရောင်းသည့်ဆိုင်အချို့ရှိနေဆဲ။ သည်ဆိုင်တွေက မကြာမီကျင်းပတော့မည့်မြောင်မြို့ရွှေပေါ်ကျွန်းဘုရားပွဲကိုစောင့်မျှော်ရင်းစျေးရောင်းနေကြခြင်းဖြစ်သည်။ မကြာခင်ဆယ့်နှစ်ပွဲစျေးသည်တွေအားလုံး ရွှေပေါ်ကျွန်းဘုရားပွဲကိုရောက်သွားကြမည်။ အဲသည်ဘုရားပွဲပြီးသည်နှင့်ရွှေဘိုမြို့ထောင့်စေတီဘုရားပွဲဆီသို့။
ကျွန်တော့်စိတ်အာရုံတွေကတဖျတ်ဖျတ်လင်းလက်သွားသည်။ မြို့ထောင့်စေတီဘုရားကပွဲစျေးတန်းထဲမှာအမေ့လက်ကိုဆွဲ၍လိုက်ရသည့်ငယ်ဘဝကို မြင်
ယောင်သွား၏။ ညရောက်တော့ တိုင်းချစ်သန်းစိန်ဇာတ်ကိုကြည့်ရင်း အမေ့ရင်ခွင်ထဲမှာအိပ်ပျော်သွားခဲ့ရတာကိုလည်းမှတ်မိသည်။ မြို့ထောင့်စေတီဘုရားပွဲသည်အထက်မြန်မာပြည်မှာ အကြီးကျယ်ဆုံး အစည်ကားဆုံးဘုရားပွဲဟုဆိုချင်ပါသည်။ ပွဲစျေးတန်းထဲတွေထဲမှာ လူတွေကြိတ်ကြိတ်တိုးနေလျက်။ တစ်ယောက်ကိုတစ်ယောက် လှမ်းအော်ခေါ်ကြသည့်အသံ။ အသံချဲ့စက်က သီချင်းသံစသဖြင့်အသံတွေကလည်း ရောထွေးဆူညံနေလျက်။ ဘုရားပွဲကိုရွှေဘိုခရိုင်တခုလုံးက အိမ်စောင့်လောက်သာချန်၍ရောက်လာကြသလားဟုထင်မိလိုက်သည်။
ခံစားမှုဆိုတာက နည်းနည်းတော့ထူးဆန်းသည်။ ကလေးဘဝတုန်းကစွဲမိစွဲရာဖြစ်ရင်းနှင့် ရင်ထဲမှာငြိတွယ်ခဲ့သည်လားမဆိုနိုင်။ အတွေးဖြင့်ငေးနေရင်း ဇူလိုင် ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် ဦးမျိုးဝင်း(မဟာနန္ဒာ)ကိုကျွန်တော်သတိရသောအခါ ပင့်သက်တစ်ချက်ရှိုက်မိလိုက်သည်။ သူနှင့်ခင်မင်ရင်းနှီးခဲ့တာကြာပြီ။ အင်မတန်မှစိတ်ကောင်းနှလုံးကောင်းရှိသူ။ မည်သူ့ကိုမဆို တတ်နိုင်သမျှကူညီဖို့ဝန်မလေးသူ။ ကျွန်တော့်အတွက်အကိုတစ်ယောက်လိုဖြစ်နေသူ။
ကျွန်တော်ကသူ့ကို ကိုမျိုးဟုခေါ်လေ့ရှိသည်။ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တို့နှစ်ယောက်တစ်ပတ်နှစ်ကြိမ်လောက်ဆုံကြစမြဲ။ စိတ်ကူးတည့်ရာတွေပြောကြရင်း ရွှေဘိုအကြောင်းရောက်သွားတတ်သည်။ သူမနေနိုင်တော့။ နောက်တစ်နေ့မှာရွှေဘိုသို့ကောက်ခါငင်ခါပြန်သွား၏။ အကြောင်းကိစ္စအထွေအထူးမရှိပါ။ လွမ်းလို့ပြန်လိုက်တာဟုပြောပါသည်။ ကျွန်တော်ပြုံးနေမိသည်။
တစ်နှစ်တုန်းကလည်း ရွှေဘိုမြို့ထောင့်စေတီဘုရားပွဲသို့ကျွန်တော့်ကိုခေါ်သွား၏။ ရွှေဘိုက မိတ်ဆွေတွေနှင့်တွေ့သည်။ ပွဲစျေးတန်းကိုလျှောက်သည်။
ညနေစောင်းတော့ မန္တလေးသို့ပေါ့ပါးပျော်ရွှင်စွာဖြင့်ပြန်လာခဲ့ကြသည်။
လူတိုင်းလူတိုင်းမှာ ငယ်ဘဝအလွမ်းစိတ်တွေ အနည်းနှင့်အများတော့ရှိကြစမြဲ။ အညာသူအညာသားတွေမှာတော့ တခြားအရပ်ဒေသနေသူတွေထက် ငယ်ဘဝအလွမ်း ဇာတိဒေသအလွမ်းတွေက ပိုသည်ဟု ပြောမိလျှင်လွန်ရာကျမည်လားမသိ။ မိုးကလေးရွာတော့လည်း လွမ်းရသည်။ အသံချဲ့စက်သံကြားတော့လည်းလွမ်းမိသည်။ ဘုရားပွဲကျင်းပချိန်ရောက်လျှင်ဖြင့် မနေနိုင်မထိုင်နိုင်အောင်ဖြစ်နေရပြီ။ သို့သော်လည်း သည်တစ်နှစ်တော့ လွမ်းစိတ်ထက် စိုးရိမ်ပူပန်စိတ်တွေကပဲဖိစီးနေလျက်ရှိသည်။ ချင်းတွင်းနှင့်ဧရာဝတီမြစ်အကြားရှိ အညာတခွင်လုံးမှာ စစ်ဘေးတွေကြုံတွေ့နေကြရသည်။ စစ်ကိုင်းတိုင်းတခုလုံးနှင့်ချင်းပြည်နယ်မှာ စစ်မီးလျှံတွေတောက်လောင်နေလျက်။
တကယ်တော့ တနိုင်ငံလုံးကို ပုဏ္ဏကအတိုက်ခံထားရသည့်အလား စစ်မီးတောက်မီးလျှံတွေကဟိုနေရာကထတောက်လိုက် သည်နေရာကထတောက်လိုက်ဖြင့်။ စစ်၏အနိဋ္ဌာရုံတွေကိုမသိချင်ပဲသိနေရ၏။ မမြင်ချင်ဘဲမြင်နေရ၏။ စစ်ကြောင့်သေပွဲဝင်ခဲ့ရ မြို့တွေရွာတွေလည်းမီးလောင်ပြင်ဖြစ်ခဲ့ရပြီ။ ကျွန်တော်တို့နှလုံးသားသည် စိတ်ဆင်းရဲခြင်းဖြင့်ထိရှနာကျင်၍နေပါသည်။
ယုံကြည်မှုဆိုသည့်အကြောင်းကိုကျွန်တော်တွေးသည်။ အမှန်တရားကိုယုံကြည်စိတ်သည်စိတ်အင်အားကိုကြံ့ခိုင်စေသည်။ သည်တော့လည်း ထိုယုံကြည်စိတ်က ရွှေဘိုဆီသို့ ကျွန်တော့်အားခေါ်ဆောင်သွားခဲ့ပြန်သည်။ ရွှေဘိုဆိုတာအောင်မြေမဟုတ်ပါလား။အလောင်းမင်းတရားကြီးဦးအောင်ဇေယျသည် ရွှေဘိုကိုအောင်မြေနင်းခဲ့၍ ဘေးရန်အပေါင်းကိုနှိမ်နင်းအောင်မြင်ခဲ့သည်။ထို့ကြောင့် အချို့သူတို့သည် ရွှေဘိုသို့သွားပြီးအောင်မြေနင်းကာ အောင်ပန်းဆင်ဖို့မျှော်မှန်းခဲ့ကြသည်။
အမေကတော့သည်လိုသတင်းမျိုးကြားလျှင်ပြုံးစေ့စေ့ဖြစ်စမြဲ။
ကြံကြံဖန်ဖန်သားရယ်။ ရွှေဘိုသွားပြီးအောင်မြေနင်းတိုင်းအောင်ပွဲရပါ့မလား။ အောင်ပွဲရချင်ရင်ကိုယ်တိုင်က သစ္စာ သမာဓိ သီလပြည့်စုံမှကွဲ့။ ဘုရားမှအဓိဋ္ဌာန်ပြုပြီးသစ္စာဆိုရတာရယ်။ ကိုယ့်မှာသစ္စာလို့ဆိုတဲ့အမှန်တရားမရှိခဲ့ရင် ဘာမှဖြစ်မလာဘူးဟုပြောလိုက်သည်။
လောကတွင်အမှားနှင့်အမှန်ဟူ၍နှစ်ခုတည်းသာရှိသည်။ အမေသည်တောသူရိုးရိုးအအကြီးဖြစ်သည်။ စာလည်းမတတ်ပါ။ အမှန်တရားကိုတော့မြတ်နိုးသည်။ သူ့ဘဝဖြတ်သန်းမှုနှင့်အတွေ့အကြုံတွေကိုဆင်ခြင်၍ သူနားလည်သလိုယုံယုံကြည်ကြည်ဖြင့်ပြောလိုက်ခြင်းဖြစ်ပါသည်။ သည်တော့မှ ကျွန်တော့်အတွေးတွေ ရှင်း၍လင်း၍လာခဲ့သည်။ ရွှေဘိုအောင်မြေသည်သီလသစ္စာ သမာဓိတို့ဖြင့်ပြည့်စုံသော နိုင်ငံ၏ကောင်းကျိုးကိုဆောင်ရွက်ကြမည့်သူများကိုသာ စောင့်ကြိုနေလျက်။ အလိုလောဘဖြင့်မိမိ၏အကျိုးစီးပွားအတွက်ဆိုလျှင်တော့ သစ္စာဟုဆိုသည့်အမှန်တရားဖြင့်သွေဖီနေ၍ တန်ခိုးထက်မြက်စရာအကြောင်းမရှိတော့ပေ။ သေချာတွေးကြည့်လိုက်လျှင် အောင်ပန်းဆိုသည့်သပြေညိုရွှေဘိုပန်းသည် အမှန်တရားကိုမြတ်နိုးကြသူတွေဆီမှာပဲရှိနေခဲ့သည်ကော။
ထိုသောအခါ တနိုင်ငံလုံးရှိစိတ်ညစ်စရာအခင်းအကျင်းတွေထဲမှာ လန်းလန်းစွင့်စွင့်သပြေညိုရွှေဘိုပန်းတွေကိုမြင်ယောင်လိုက်သည်နှင့် စိတ်လှုပ်ရှားသွားခဲ့ရသည်။ တကယ်တော့ သစ္စာဆိုသည့်အမှန်တရား၏အလင်းရောင်နှင့်သပြေညိုရွှေဘိုပန်းသည် အမှန်တရားကိုချစ်မြတ်နိုးကြသူတွေသာလျှင် ပန်ဆင်ထိုက်သည့်ပန်းပါလားဟု သိမြင်လိုက်ရလေပြီ။ ကျွန်တော်တို့အားလုံး၏ရင်ထဲမှာလည်း သပြေညိုရွှေဘိုပန်းကလေးတွေပွင့်လန်းနေကြပြီ။ ဘာကြောင့်များအားလျော့အားငယ်နေကြရမည်နည်း။ ဘာကြောင့်များစိုးရွံ့နေကြရမည်နည်း။ မြေးတွေရပြီးအသက်အရွယ်ကဇရာဖက်သို့ချဉ်းကပ်လာသည့်တိုင် စိတ်ဓာတ်တွေတက်လိုက်ကျလိုက်ဖြစ်နေသည့်ကျွန်တော့်ကို အမေများသိခဲ့လျှင် ပြုံးရယ်နေမည်လားမပြောတတ်ပါ။ ဘုရားရှိခိုးပြီးအမေ့ကိုအမျှအတန်းပေးဝေရင်း ကျွန်တော်လွမ်းမျက်ရည်စို့သွားခဲ့ရသည်။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar