Breaking News

မိုးမခအမှတ်တရ - ကေဇော်မိုး " ကျွန်တော်နဲ့လိမ္မော်သီးကလေးများ "

Photo- Crd
မိုးမခအမှတ်တရ
စက်တင်ဘာ ၂၅၊ ၂၀၂၁

" ကျွန်တော်နဲ့လိမ္မော်သီးကလေးများ "
ကေဇော်မိုး

   အမှတ်တရဆိုတာ နှစ်မျိုးနှစ်စားရှိတယ်လို့ ကျွန်တော်ကတော့ သတ်မှတ်ထားပါတယ်။ အမှတ်တရနှစ်မျိုးထဲက ပထမဦးဆုံးအမှတ်တရကတော့ စိတ်သိနဲ့မှတ်ထားသော အမှတ်တရပါ။ ဥပမာဆိုပါစို့။ ဘယ်နှစ်က သိန်းထီဆုကြီးပေါက်ခဲ့တယ်။ ဘယ်နှစ်ကာလက အိမ်ပြင်ဆောက်တယ်။ ဘယ်နှစ်တုန်းက အလှူပေးတယ်။ အဲဒါမျိုးတွေကို စိတ်သိ အမှတ်တရလို့ သတ်မှတ်ထားပါတယ်။ ဒုတိယအမှတ်တရကတော့ ပထမအမှတ်တရနဲ့ ဆန့် ကျင်ဖက်ပါပဲ။ ဘယ်လိုဆန့်ကျင်တာလဲဆိုတော့ စိတ်သိနဲ့နှလုံးသား အဲဒီလိုကွာခြားတာပါ။ ဒုတိယအမှတ်တရကို အမည်ပေးရရင်တော့ နှလုံးသားဖြင့်သိမှတ်ထားသော အမှတ်တရလို့ အမည်တပ်ချင်ပါတယ်။ အတိတ်ထံက ညွှတ်နူးမှုကလေးများဖြင့် ထိခတ်မိလေမှ နှလုံးသားဝယ်ယိုဖိတ်လာရသော အကြည်ဓာတ်ကလေးလိုပဲ ဆိုပါရစေ။ အဲဒီလို နှလုံးသား၏သိမှတ်မှုဖြင့် မှတ်တမ်းတင်အပ်သော အမှတ်တရများက ကျွန်တော့်ဘဝထံပါးမှာ အမြောက်အများ ဖွဲ့တည်ထားရှိခဲ့ဖူးပါတယ်။

၂၀၀၈ ခုနှစ်နာဂစ်မုန်တိုင်းမတိုင်ခင်ကာလတုန်းကပေါ့။ ကျွန်တော်က ကဗျာဆရာမိုးဟိန်းထက်မိတ်ဆက်ပေးမှုကြောင့် "ဦးခိုင်မျိုး" အမည်ရှိသော ကဗျာဆရာတစ်ယောက်နဲ့ သိကျွမ်းခင်မင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်နဲ့ဦးခိုင်မျိုး သိကျွမ်းရင်းနှီးရပုံက ထူးဆန်းပါတယ်။ မိုးဟိန်းထက်မိတ်ဆက်ပေးခဲ့တယ်ဆိုပေမယ့် လူကိုယ်တိုင် ကိုယ်ကျ လိုက်လံ​တွေ့ဆုံမိတ်ဆက်ပေးခဲ့တာမဟုတ်ပါဘူး။ စာတစ်စောင်ရေးပေးပြီး " ဦးခိုင်မျိုး" နဲ့သွားတွေ့ခိုင်းတာပါ။ မိုးဟိန်းထက်က နေမကောင်းဖြစ်နေတော့ မြို့ထဲမထွက်နိုင်ခဲ့ပါဘူး။ ဘကြီးစိမ်းရဲ့ "ပိတောက်ပွင့်သစ်" မှာ မိုးဟိန်းထက်ကဗျာသုံးထားပါတယ်။ စာမူခနဲ့စာအုပ်လက်ဆောင်ကို ဦးခိုင်မျိုးကိုထုတ်ခိုင်းတာပါ။

 အဲဒီလိုနဲ့ (၃၈)လမ်းအထက် အာရှပလာဇာအောက်က လက်ဖက်ရည်ဆိုင်လေးမှာ ကျွန်တော်နဲ့ဦးခိုင်မျိုးတို့ ဆုံဖြစ်ကြပါတော့တယ်။ ဒီကာလတွေတုန်းက " ဦးခိုင်မျိုး" ကို (၃၈) လမ်းသူကြီးလို့ခေါ်ကြပါတယ်။ ဘာကြောင့် (၃၈)လမ်းသူကြီးလို့ ခေါ်ကြတာလဲဆိုတာက ဒီလိုပါ။ (၃၈)လမ်းထဲအမြဲထိုင်ပြီး လာသမျှ ကဗျာဆရာ၊စာရေး ဆရာများရဲ့ ကိစ္စဝိစ္စတွေကို ဒိုင်ခံအကူအညီပေးလို့ပါ။ အသားညိုညို၊ ကိုယ်ဟန်ပြည့်ပြည့်၊ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ " ဦးခိုင်မျိုး" က မထင်မှတ်ရတဲ့ဘဝအခင်းအကျင်းတွေနဲ့ပါပဲ။ တေးရေးဆရာ/ကဗျာဆရာ နိုင်မြန်မာရဲ့ ဘော်ဒါအရင်းတစ်ယောက်ပေါ့။ နောက် အထူးပြုရမယ့် ဝိသေသလက္ခဏာကတော့ " ထောင်ဂျပိုး" ။ ( ထောင်ဂျပိုးအကြောင်းသိရှိလိုရင် စာရေးဆရာမာန်(တောင်လုံးပြန်)နဲ့ဦးခိုင်မျိုး နှစ်ဦးပေါင်းရေးထားတဲ့ စာအုပ်ကိုပြန်ရှာဖတ်ကြည့်စေလိုပါတယ်။)

  ဦးခိုင်မျိုးက ကျွန်တော့်ရဲ့ကဗျာ/စာခရီးရှည်ချီတက်ပွဲအတွက် အထောက်အပံ့ပေးခဲ့သူတွေထဲမှာ တဦးအပါ အဝင်ပါပဲ။ " ဦးခိုင်မျိုး"  ပတ်သက်ဆက်နွယ်ပြီး လူကြီးပိုင်းစာရေးဆရာတော်တော်များများနဲ့ ကျွမ်းဝင်ခဲ့ရပါတယ်။ ကျွန်တော်ရေးထားတဲ့စာမူတွေဖတ်ပေးပြီး ပြင်ဆင်သင့်တာတွေနဲ့ ပို့သင့်တဲ့ မဂ္ဂဇင်းတိုက်တွေကို အကြံ ပြုပေးပါတယ်။ ဒီကာလတွေတုန်းက ကျွန်တော်က ကဗျာ၊စကား​ပြေ၊ဟာသဝတ္ထုတို သုံးမျိုးစလုံးရေးနေတာပါ။ လိုင်းတခုကို ကလောင်တစ်ခုစီခွဲထားဖို့ အကြံပေးခဲ့ပါတယ်။ တစ်ရက်တော့ ကျွန်တော့်စကားပြေတစ်ပုဒ် မဂ္ဂဇင်းတစ်စောင်မှာ ပါလာပါတယ်။ စာအုပ်နဲ့ စာမူခသွားထုတ်ပြီးအပြန် (၃၅)လမ်းထိပ်မှာ ဆရာကြူးနှစ်နဲ့ဆုံပါတယ်။ ဒီကာလတုန်းက ဆရာကြူးနှစ်က လူထွက်လိုက်၊ ရဟန်းခံလိုက်နဲ့ ထွက်ချည်ဝင်ချည်ဖြစ်နေချိန်ပါ။ မဂ္ဂဇင်းထဲက ကျွန်တော့်စာမူကိုဖတ်ပြီးချိန် ဆရာကြူးနှစ်က အကြံပြုခဲ့ပါတယ်။

" မင်း လုံးချင်းလိုင်းကိုပြောင်းပြီး လုံးချင်းတွေရေးပါ။ မင်း လက်က လုံးချင်းရေးသင့်တဲ့လက်" တဲ့။

   ဒီလိုနဲ့ ကျွန်တော်က စာ၊ ကဗျာအပေါ် နက်ရှိုင်းစွာဖက်တွယ်လာမိသလို ပိုမိုတိုးဝင်လာခဲ့မိပါတယ်။ နာဂစ်ခြေဥကိုအခြေပြုကာ ယူနီဖောင်းချွတ်ပြီး တိုက်ပုံ၊ပုဆိုးပြောင်းဝတ်ခဲ့သော ကာလစတင်ချိန်မှာပေါ့။ တစ်ရက်သောနေ့လည်ခင်းမှာ ကျွန်တော်က (၃၈) လမ်းထဲရှိ " လေဆန်ကုန်း" လက် ဖက်ရည်ဆိုင်ကိုရောက်ရှိလာခဲ့ပါတယ်။ ဆိုင်ထဲမှာ ဆိုင်ရှင်ကိုအရှည်ကြီးကလွဲရင် ဘယ်သူမှမရှိကြပါဘူး။ လက်ဖက်ရည်တခွက်မှာပြီး စာအုပ်ထုတ်ဖတ် ဇိမ်ခံသောက်နေတုန်းရှိပါသေးတယ်။ ကျွန်တော်စားပွဲဘေးကဝိုင်းကိုလူတယောက်ဝင်လာထိုင်ပါတယ်။ စတစ်ကော်လာရှပ်လက်ရှည်အဖြူက အတော်အသင့်အတင့်နွမ်းနေပေမယ့် သပ်သပ်ရပ်ရပ်ရှိပါတယ်။ ကော်ကိုင်းမျက်မှန်အောက်က မျက်ဝန်းတွေက ဆွေးရီမိန်းမောနေဟန်ရှိပေမယ့် စူးရှမှုကိုတော့ တစ်ချက်တစ်ချက်လှမ်းမြင်နေရပါတယ်။ ကဗျာဆရာ၊စာရေးဆရာတယောက်ယောက်ဖြစ်မယ်ဆိုတာသိပေမယ့် မိတ်မဆက်ရဲပါဘူး။ အဲဒီလို အကဲခတ်လေ့ လာနေတုန်း ဦးခိုင်မျိုးရောက်ရှိလာခဲ့ပါတယ်။

" ကိုဆွေဘယ်တုန်းက ရောက်တာလဲဗျာ့"
" အခုမနက်ပဲရောက်တာ ကိုခိုင်မျိုးရေ။ ပြည်မှာသိပ်အဆင်မပြေလို့"

ဦးခိုင်မျိုးနဲ့မျက်နှာစိမ်းစာရေးဆရာတို့ အချီအချပြောဟန်ကိုနားစွင့်မိတော့မှပဲ ကျွန်တော်တွေ့လိုက်ရသူက နှယ်နှယ်ရရလူမဟုတ်ပါဘူး။

   နာမည်ကျော် သျှီခေတ္တရာပြည်မြို့က ခြင်္သေ့ကြီး(၃)ကောင်ထဲက တယောက်ဖြစ်သောဝတ္ထုတိုဆရာ" ကိုဆွေ" ပါ။ ဦးခိုင်မျိုးကပဲ ကျွန်တော်နဲ့ဆရာကိုဆွေအား မိတ်ဆက်ပေးပါတော့တယ်။ အဲဒီလိုနဲ့ ဆရာကိုဆွေဟာ ကျွန်တော့်အတွက် သင်ဆရာ၊ မြင်ဆရာတယောက်ဖြစ်လာပြန်ပါတယ်။ ဆရာကိုဆွေရဲ့ကျေးဇူးနဲ့ စကားပြေတချို့ကို ကျွန်တော်ရေးတတ်လာပါတယ်။ ဒီတုန်းက ဆရာကိုဆွေက ပုစွန်တောင်မှာ စတည်းချပါတယ်။ တစ်ပတ်ကို တစ်ရက်လောက်ကတော့ မြို့ထဲမှာဆုံကာ ဆိုင်ထိုင်ဖြစ်ပါတယ်။ ကျွန်တော်က ဆရာကိုဆွေကို နေ့စဉ်နီးပါးမဟုတ်တာတောင် တစ်ပတ်သုံးရက်လောက်ဆိုင် ထိုင်ဖို့ခေါခဲ့တာပါ။ ဆရာကအားနာတတ်ပါတယ်။ မနည်းကိုခွင့်တောင်းမှ တစ်ပတ်တစ်ရက်လောက် လိုက်ထိုင်ပေးတာပါ။ အများအားဖြင့် ဒလဖက်ကမ်းကိုကူးပြီး ဇက်ဆိပ်ဘေးမှာ မြစ်ကမ်းပေါ်​မေးတင်ဆောက်ထားတဲ့ဆိုင်ရဲ့အပေါ်ထပ် ဝရံတာနားမှာထိုင်ဖြစ်တာများပါတယ်။ ဒီလိုထိုင်တိုင်း ဆရာကိုဆွေက ပြောပါတယ်။

" ကိုယ်က အားနာတယ်ကေဇော်ရာ။ ဘာမှမပေးနိုင်၊ မကျွေးနိုင်ဘဲသောက်စားရတာ အဆင်မပြေလှပါဘူး"
" မဟုတ်ဘူးဆရာ။ ဆရာ့ဆီက စာနဲ့ပတ်သက်ပြီးသိခွင့်ရတာကပဲ အဖိုးမဖြတ်နိုင်တဲ့အရာတွေပါဆရာ။ ကျွန်တော့်အတွက် ဆရာနဲ့ခေတ္တခဏထိုင်ခွင့်ရတာကိုကဆုလာဒ်ကြီးပါ"

အားနာတတ်တဲ့ ဆရာကိုဆွေက ကျွန်တော်ဖတ်ဖို့ စာအုပ်တွေလက်ဆောင်ပေးခဲ့ပါတယ်။ စာအုပ်တိုင်းမှာ ဆရာ့လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့အမှတ်တရစာသားရေးပေးတဲ့အပြင် ဆိုင်း(sign) လဲထိုးပေးပါတယ်။ ဆိုင်း (sign)ရဲ့အောက်ခြေက စာသားကလေးကတော့ နှစ်သက်စရာပါ။ ကိုဆွေ၊ ဝတ္ထုတိုရေးသူ တဲ့။

  ဆရာကိုဆွေက ပုစွန်တောင်ဝပ်ကျင်းကနေပြီး လှိုင်သာယာကိုပြောင်းရွေ့လာချိန်ရောက်တော့ ပိုမိုနီးစပ်သွားကြပါတော့တယ်။ အင်းစိန်မြို့နဲ့လှိုင်သာ ယာမြို့က လှိုင်မြစ်ကလေးတခုသာ ခြားနေတာမို့ပါ။ ကျွန်တော်တို့ဆုံဖို့ ဘိချ်နေရာလေးတခုလဲ ပြောင်းခဲ့ပါတယ်။ အင်းစိန်ပန်းခြံနောက်က ဆိုင်ကလေးတွေဆီကိုပို့ပါ။ ဒီဆိုင်လေးတွေကလဲ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်းနေသူ စာရေးဆရာ၊ ကဗျာဆရာတွေ ဓာတ်ကျတတ်တဲ့ဆိုင်တွေပါ။ ရင်းနှီးသွားချိန်ဆို ဘီလ်ဖွင့်လို့တောင်ရပါတယ်။ ညနေခင်းပေါင်းများစွာကို ကျွန်တော်နဲ့ဆရာကိုဆွေ အတူတကွဖြတ်သန်းခဲ့ဖူးပါတယ်။ တခုတော့ရှိပါတယ်။ ကျွန်တော်နဲ့နှစ်ယောက်တည်းထိုင်မယ်ဆိုရင်တော့ ပျင်းရိသွားမှာသေချာပါတယ်။ ကျွန်တော်က အပြောသမားမဟုတ်။ နားထောင်သမား သက် သက်ပါ။ ပြက္ခတိန်တချို့ဆုတ်ဖြဲပြီးတဲ့နောက်မှာတော့ ဆရာကိုဆွေဟာ ပြည်မြို့ကိုတပ်ခေါက်ပြန်သွားခဲ့ပါတယ်။ 

ဒီနောက် ပိုင်း ဆရာကိုဆွေနဲ့ကျွန်တော် မဆုံဖြစ်တော့ပါဘူး။ ဆရာဆုံးပါးသွားကြောင်းသာ ရန်ကုန်မြေပေါ်သတင်းရောက်လာခဲ့ပါတယ်။ ကျွန်တော်ကတော့ ဆရာကိုဆွေမရှိတော့ပြီဆိုတာကို မယုံပါဘူး။ လက်မခံပါဘူး။ ဆရာကိုဆွေမဆုံးပါဘူး။ ဆရာကိုဆွေ ရှင်သန်နေပါတယ်။ ဟုတ်ပါတယ်။ လိမ္မော်သီးကလေးတွေက အခုထပ်ထိ ကျွန်တော်တို့ရဲ့ရသအာရုံမှာ လတ်ဆတ်ချိုမြိန်နေတုန်းမို့ သေဆုံးခဲ့ပြီဆိုတာပုံပြင်ပဲမဟုတ်ပါလား။ 

ကေဇော်မိုး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar