မိုးမခကဗျာ - ခက်ထန်ပိုင်စိုး "တောင်ဇလပ်ပန်းတွေ နီနေပြီ"
မိုးမခကဗျာ
စက်တင်ဘာ ၂၊ ၂၀၂၁
"တောင်ဇလပ်ပန်းတွေ နီနေပြီ"
ခက်ထန်ပိုင်စိုး
ဂျပန်နိုင်ငံမှာ
ချယ်ရီပန်းတွေပွင့်ပြီဆိုရင်
တနေကုန်ထိုင်ကြည့်ကြသတဲ့
အားကျမိတယ်
အစဉ်အလာအတိုင်း
ပန်းဆိုတာပွင့်လာတာပဲမဟုတ်လား
ခုလဲ ငါတို့ဆီမှာ
တောင်ဇလပ်ပန်းတွေ နီနေပြီ
အသက်တွေကို သစ်တပင်လို
နုတ်ယူသွားနိုင်ပေမဲ့
တောင်တန်းကြီးတွေကိုတော့
နုတ်ယူလို့မရနိုင်ပါဘူး
သစ္စာတရားထက်
ဘာအရာက ပိုပြီးအရေးကြီးရမှာလဲ
ပေပေါင်းလေးထောင်ကျော်ကနေ
တဟုန်တည်း ထိုးဆင်းခဲ့ကြ
အောက်ချင်းငှက်တွေ
တပြိုင်တည်းဖူးပွင့်ခဲ့ကြ
တောင်ဇလပ်ပန်းတွေ
ဝမ်းရေးထက်ပိုပြီးအရေးကြီးတဲ့အခါ
တူးမီးတွေဟာ
တော်လှန်းရေးဖြစ်လာတယ်
တနေ့ပြီးတနေ့ ကမ္ဘာကြီးထက်
ပိုမိုတိမ်းစောင်းလာတဲ့နိုင်ငံမှာ
တူမီးဟာ အရေးတော်ပုံဖြစ်လာတယ်
ခေတ်တခေတ်လို
နေထွက်လာတယ်
တောင်တန်းကြီးတွေပေါ်ကမြင်ခဲ့ရတယ်
ခေတ်တခေတ်လို
နေဝင်သွားတယ်
တောင်တန်းကြီးတွေပေါ်ကမြင်ရတယ်
အချိန်တန်တော့
အောက်ချင်းအချစ်
အောက်ချင်းမေတ္တာတဲ့
သူတို့သွေးလဲ နီတယ်
အဆုပ်လိုက် အခိုင်လိုက်နဲ့
တောင်ဇလပ်ပန်းတွေလဲ နီတယ်
တောင်တန်ကြီးတွေမြင့်မားပေမဲ့
ဒါဟာ ငါတို့မြေ
အဆုံးအထိသွားမယ်
အိမ်အပြန်ခြေလှမ်းတွေကို အသစ်ကပြန်စမယ်
နွေဦးရဲ့ဥဩတေးမှာ
တရဲရဲ
တောင်ဇလပ်ပန်းတွေ
တောင်ဇလပ်ပန်းတွေ
တောင်ဇလပ်ပန်းတွေ နီနေပြီ
တောင်ဇလပ်ပန်းတွေကတော့ နီနေပြီ။
ခက်ထန်ပိုင်စိုး(၄-၈-၂၁)
#ပန်းချီ(မနော်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar