မိုးမခအက်ဆေး - နေချိုသွေး ငါတို့ရဲ့ မျှော်လင့်ခြင်းတွေ( ၂ )
မိုးမခအက်ဆေး
စက်တင်ဘာ ၂၊ ၂၀၂၁
ငါတို့ရဲ့ မျှော်လင့်ခြင်းတွေ( ၂ )
နေချိုသွေး
နိစ္စဓူဝသွားလာလှုပ်ရှားနေတဲ့ လူအုပ်ကြီးကို မြို့ကြီးပေါ်မှာ မမြင်တွေ့ရတာ ကြာနေပြီ။ လူစီးကြောင်းထဲမျောပါနေတဲ့ မြို့ကြီးကိုမမြင်တွေ့ရတာကြာပြီ။ စည်ကားများပြားနေတဲ့လူအုပ်ကြီးကိ ဗိုင်းရပ်စ်က ပိတ်ဆို့ပစ်လိုက်တယ်။ အရေးကိစ္စရှိလိုမဖြစ်မနေ သွားလာနေရတဲ့ လူတွေအပါအဝင် စိုးရိမ်စိတ်တွေနဲ့ သွားလာနေရတဲ့လူတွေမှာစိတ်တွေအကျဉ်းကျနေသလို အဲ့ဒီဗိုင်းရပ်စ်ကို ဘယ်တော့များမှဆေးဝါးနဲ့သတ်ဖျက်ပြီး ပျောက်ကင်းအောင်ကုသနိုင်မှာလဲဆိုတဲ့ မေးခွန်းတွေနဲ့ နေ့စဉ်ဖြတ်သန်း ရှင်သန်နေရတယ်။ မလွှဲသာမရှောင်သာ တွေ့ကြရတဲ့အခါ တယောက်နဲ့တယောက် စိုးရွံ့စိတ် သံသယမျက်လုံးတွေနဲ့ စတင်ကြည့်မိကြတယ်။
ဗိုင်းရပ်စ်ရဲ့နောက်ဆက်တွဲပြဿနာက ထိတွေ့ဆက်စပ်မှုရှိသူအားလုံး ရောဂါ ကူးဆက်ခံထားရခြင်း ရှိ မရှိ စောင့်ကြည့်စစ်ဆေးခံရပြီး စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ကြရတယ်ဆိုတော့။ ရောဂါဖြစ်ကြတဲ့လူတိုင်း မသေ ဆုံးနိုင်ဘူးဆိုပေမယ့် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမယ့်အခြေအနေတွေမှာ ကုသမှုထက် ကာကွယ်မှုက ပိုထိရောက်တယ်ဆိုတာသိပေမယ့် လူတိုင်းလိုက်နာနိုင်ဖို့ကလည်း မလွယ်ကူလွန်းတဲ့အနေအထားပါပဲ။
နေ့စဉ်စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေရတဲ့လူတွေမှာ အချိန်ကြာလာတာနဲ့အမျှ တွင်းအောင်းသတ္တဝါတွေလိုနေထိုင်ပြုမှုလို့ မဖြစ်တော့တာ သိလာရတယ်။ လူမှုရေးကိစ္စတွေမှာ မဖြစ်မနေ သွားလာလုပ်ဆောင်ရမယ့် သာမှုနာမှုတွေနဲ့ လူတွေက တဖြည်းဖြည်းကင်းကွာလာတဲ့ အဖြစ်တွေကလည်း စိတ် မချမ်းမြေ့ဖွယ်ရာပါပဲ။
စိတ်ဖိစီးမှုဝန်ထုပ်ဝန်ပိုးတွေနဲ့ အခုလိုအချိန်ကာလမှာ ကိုယ့်ကိုယ်ကိုယ်အားပေးရင်းနဲ့ ကဗျာဆရာ ကိုအိမ့် ရေးထားတဲ့ “ရောဂါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ်ကိုရွတ်ဆိုရင်း အတွေးပွားနေမိတယ်။
“ ခံစားနေပုံက
သားကောင်ကို ထိုးသုတ်တော့မယ့်
သိန်းငှက်တစ်ကောင်ရဲ့မျက်လုံးများလို... ။
ဝေဒနာကို ရှုမှတ်
သေတစ်နေ့ မွေးတစ်နေ့
ပုတီးလေးကို စိပ်လို့။
ဘယ်လိုမှ ပြန်မရနိုင်တဲ့
တစ်ချိန်ကနေ့စွဲများ။
စကားလုံးများက နှုတ်ခမ်းဝမှာ
ကွယ်ပျောက်ခဲ့ရပြီ
(ဘာသာပြန်ခက်တဲ့ အဓိပ္ပာယ်)
ဖြေဆေးတွေတောင် မဖြေနိုင်တော့ဘူး
ပွဲတော်နဲ့ ဝေး
မိသားစုနဲ့ ဝေး
ခင်ရာမင်ရာနဲ့ ဝေး
ဝေး..ဝေး...ပေါ့။
ရောဂါဆိုတာလည်း
တစ်ယောက်တည်းဆီကို
လာတာမှ မဟုတ်၊
လူအများဆီကိုလည်း သွားဦးမှာ
ဒီတော့
ခင်ဗျားလည်း တစ်နေ့တော့
ရောဂါ။ ။”
သံဝေဂတွေသီးပွင့်နေတဲ့ ကဗျာစာသားတွေနဲ့အတူလိုက်ပါ စီးမျောရင်းနဲ့ ကိုယ့်အနေနဲ့လည်း တနေ့နေ့တချိန်ချိန်မှာ ရောဂါတခုခုနဲ့ သေဆုံးကွယ်လွန်ရမယ်ဆိုတာ ဖြေတွေးတွေးရင်းနဲ့လူက စိတ်သက်သာရာရဖို့ ကြိုးစားနေရတော့တယ်။
စိုးရိမ်ပူပန်မနေဖို့ ကိုယ့်ကိုယ်ကိုယ်အားပေးပြီး နေထိုင်ရှင်သန်မှုပုံစံကို ပြောင်းဖို့ ကြိုးစားလိုက်ရတော့တာပါပဲ။
အပူအပင်ကင်းစွာနဲ့ စိတ်အေးချမ်းမှုတွေကို ဘယ်သူမဆိုလိုချင်ကြမှာပါပဲ။ ကိုယ့်အနေနဲ့ ခက်ခဲကျပ်တည်းနေတဲ့ မြို့ကြီးပေါ်မှာနေထိုင်ရင်း စိတ်ဖိစီးမှုတွေကို အလဲထိုးဖို့ ကြိုးစားနေမိတယ်။
ခက်ခဲကျပ်တည်းနေတဲ့ အချိန်ကာလမှာ လူအချင်းချင်း ဖေ့မကူညီဖို့ ပိုလိုအပ်နေတဲ့ အခြေအနေတွေပါပဲ။
အခုလိုကာလမှာ ဝမ်းတစ်ထွာအတွက် ခက်ခက်ခဲခဲရှာဖွေနေရတဲ့လူတွေမှာ ပူပန်သောကတွေ တမြေ့မြေ့လောင်မြိုက်နေကြမှာပါပဲ။
မြို့ကြီးပြကြီးတွေက စက်ရုံအလုပ်ရုံတော်တော်များများ ပိတ်သိမ်းသွားတဲ့အခါ အလုပ်လက်မဲ့သွားတဲ့အလုပ်သမားတွေရဲ့စားဝတ်နေရေးတွေက ခက်ခဲကျပ်တည်းကုန်တယ်။ တစ်နေ့လုပ် တစ်နေ့စားသမား အောက်ခြေလူတန်းစားတွေရဲ့ဘဝတွေ ခက်ခဲကျပ်တည်းကုန်တယ်။
စားဝတ်နေရေးတွေအတွက် အောက်ခြေလူတန်းစားဘဝတွေ ကျတဲ့ ပူပင်သောကမျက်ရည်တွေကို ဖေ့မကူညီဖို့ လိုအပ်နေတုန်းပါပဲ။
ကျန်းမာရေးပြဿနာနဲ့အပြိုင် သောကတွေ လှိုင်လှိုင်ဖူးပွင့်နေတာ ကြေကွဲ ဝမ်းနည်းဖွယ်ပါပဲ။
ကိုယ်အဆင်မပြေဘူးဆိုတာ ကိုယ့်ထက်အဆင်မပြေတဲ့ ဘဝတွေကို မြင်ရတွေ့ရတော့မှ အခုလိုကာလကြီးမှာ လူပီသစွာနဲ့ တဦးနဲ့တဦးကူညီရိုင်းပင်းဖို့ ပိုလိုအပ်တယ်ဆိုတာ သိလိုက်ရတယ်။
ကိုယ့်ကိုအဆင်ပြေရဲ့လားလို့မေးလာရင် အဆင်ပြေပါတယ်လို့ဖြေမိရုံလေး အခြေအနေတွေပါပဲ။
ဖြစ်နိုင်ရင် လူတိုင်းကို စိုးရိမ်ပူပန်နေရတဲ့အခြေအနေတွေကနေ ကင်းဝေးစေချင်တယ်။ အခုလိုကာလမှာ နေရေးလို သေရေးလည်း ခက်ခဲကြရတယ်။ စာရေးဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့သလို “ရန်သူကသေစေချင်တဲ့အခါ မသေအောင်နေပေးရတာလဲ တိုက်ပွဲတခုပါပဲ...။”
ခက်ခဲကျပ်တည်းနေတဲ့ အခြေအနေတွေမှာ အသက်ဓာတ်ကို ရှင်သန်အောင်နေထိုင်ရတာလည်း တိုက်ပွဲတခုပါပဲ။
ကပ်ဆိုးကြီးကို အနိုင်တိုက်နိုင်ကြပါစေ။
ကပ်ကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့်နဲ့ ကွယ်လွန်သွားကြတဲ့ လူတွေရဲ့ သတင်းတွေကို ကြားသိ မြင်တွေ့ရတာလည်း
ဝမ်းနည်းကြေကွဲဖွယ်ရာပါပဲ။
ကိုယ့်အနေနဲ့ လေးစားတန်ဖိုးထားရတဲ့စာပေအနုပညာအသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တချို့ ကွယ်လွန်သွားတုန်းက နာရေးစျာပနလိုက်ပို့ခွင့်မရခဲ့ပါဘူး။
အထက်မြန်မာပြည်မန္တလေးမြို့မှာနေထိုင်တဲ့ စာရေးဆရာကဗျာဆရာကြီးပိုင်စိုးဝေ ၂၀၂ဝ ခုနှစ်ထဲမှာ မီးစာကုန် ဆီခန်းလို့ ၇၆ နှစ်အရွယ် ကွယ်လွန်တုန်းက ကိုယ့်ဒေသ တောင်ပေါ်မြို့လေးကနေ တကူးတကအရောက်သွားပြီး ဂါရဝပြု ရှိခိုးဦးခိုက်လို့ နာရေးစျာပနာကို လိုက်ပို့ဖို့ ဆုံးဖြတ်ထားပေမယ့်ခေတ်ကာလအခြေအနေတွေကြောင့် ခရီးထွက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။
ဆရာကြီးပိုင်စိုးဝေရဲ့ နာရေးဈာပနကို အဝေးကနေ အမျှဝေလို့ ရှိခိုးဦးခိုက်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ၉ လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှာ ဆရာကြီးပိုင်စိုးဝေ ဘဝတစ်ပါးကိုထွက်ခွာသွားခဲ့ပါတယ်။
မိသားစုနဲ့ထပ်တူ စာပေအနုပညာလောကနဲ့ထပ်တူ နှမြောတသဝမ်းနည်းခဲ့ရတဲ့အဖြစ်အပျက်ပါပဲ။
ဆရာကြီးရဲ့နာရေးကို မိသားစုဆွေမျိုးတစုအပါအဝင် လူအနည်းစုနဲ့ တတ်နိုင်သမျှလူစုစုဝေးဝေးမပြုလုပ်ပဲ အကျဉ်းချုံးပြီး ပြုလုပ်ခဲ့ရတယ်လို့ သိလိုက်ရတယ်။ စာဝတ်နေရေးတွေ ခက်ခဲကျပ်တည်းကြသလို သေရေးတွေလည်း ခက်ခက်ခဲခဲဖြစ်ကုန်ကြရတာ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေပါပဲ။
အခုလို ကပ်ရောဂါကာလမှာ ရန်ကုန်မြို့ကြီးမှာနေထိုင်တဲ့စာပေအနုပညာအသိုင်းအဝိုင်းက ကိုယ့်အနေနဲ့ဂါရဝထားပြီး တန်ဖိုးထားလေးစားမိတဲ့ ဆရာကြီး၊ဆရာမကြီးတချို့ ကွယ်လွန်သွားတာကို ကြားသိခဲ့ရပေမယ့် တကူတကအရောက်သွားပြီး နာရေးဈာပနကို လိုက်ပါပို့ဆောင်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။
အဝေးကနေ အမျှဝေရင်းနဲ့ မေတ္တာပို့ရှိခိုးဦးခိုက်ခွင့်ပဲ ရတဲ့ဝမ်းနည်းကြေကွဲဖွယ် အခြေအနေအချိန်အခါတွေပါပဲ။
အကြောင်းအမျိုးမျိုးနဲ့ မဖြစ်မနေ နိစ္စဓူဝလှုပ်ရှားသွားလာ နေထိုင်ရှင်သန်နေရတဲ့ ကပ်ရောဂါကာလကနေ လွတ်မြောက်ပြီး လူတိုင်း ကျန်းမာလန်းဖြာစေဖို့ ဆုမွန်ကောင်း တောင်းမိတယ်။
လူတိုင်းကို စားဝတ်နေရေးတွေအဆင်ပြေစေပြီး ပူပင်သောကတွေနဲ့ ကင်းဝေးစေချင်တာပါပဲ။
နေရောင်လာတဲ့အခါ ပိတ်ဖုံးနေတဲ့မြူနှင်းတွေကွယ်ပျောက်သွားသလိုမျိုး ကပ်ဆိုးကြီးကိုလည်း ဒိုင်နိုဆောတွေ မျိုးတုန်းပျောက်ကွယ်သွားသလို အပြီးတိုင် ပျောက်ကွယ်သွားစေချင်တယ်။
ကိုယ့်အနေနဲ့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
စိတ်မကောင်းဖြစ်ရစေတဲ့အကြောင်းအရာတွေနဲ့ အဆင်မပြေမှုတွေကို ချန်ထားရစ်ခဲ့ပြီး ချမ်းမြေ့ပျော်ရွှင်စရာတွေပဲ ကြုံတွေ့ကြပါစေ။ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
နေ့ရက်တိုင်းမှာ ရောဂါဘယတွေ ကင်းကွာလို့ကျန်းမာ လန်းဖြာကြပါစေ။ ဘေးရန်ခက်သိမ်း ငြိမ်းအေးကြပါစေ။ အမိမြန်မာပြည်ကြီးလဲ စီးပွားလာဘ်လာဘတွေ ဒီရေအလား တိုးတက်ပွားလျက် ဖွ့ံဖြိုးတိုးတက်လာကြပါစေ။
တိုင်းသူပြည်သား နိုင်ငံသူနိုင်ငံသားအားလုံး လူတိုင်းကိုယ်စီ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။
နေချိုသွေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar