Breaking News

Kyaw Lion - "အာလူးစားသူတွေရဲ့မျက်နှာတွေ"

Image- Google.com
"အာလူးစားသူတွေရဲ့မျက်နှာတွေ"
Potato Eaters
Kyaw Lion
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၁

လွန်ခဲ့တဲ့နှစ် ၂ဝကျော်ထဲက သွားချင်ခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ မွေးရပ်မြေ ဟော်လန်၊ အခု နယ်သာလန်မှာရှိတဲ့ သူ့ရဲ့ပန်းချီပြတိုက်ကို ၂၀၁၉ မတ်လ က ရောက်ခဲ့ပါတယ်။ ဘာရယ်မှန်းမသိ ငယ်ငယ်ကထဲက မဂ္ဂဇင်းတွေထဲမှာပါတဲ့ သူ့အကြောင်းကိုဖတ်ပြီး စိတ်ဝင်စားခဲ့တယ်။ ဒေါ်လာသန်းတစ်ရာကျော်နဲ့ရောင်းခဲ့တဲ့ အဲဒီ့အချိန်က စျေးအကြီးဆုံး နံမည်ကျော် နေကြာပန်း Sunflowers က စလို့ပေါ့။ တက္ကသိုလ်ရောက်၊ ပန်းချီသမိုင်း Art History အတန်းတွေတက်တော့လည်း သူ့အကြောင်းတွေ ဆက်ပြီးလေ့လာခဲ့ရတယ်။ ကြယ်တွေစုံတဲ့ည Starry Night ကို ဖတ်စာအုပ်ထဲမှာ စတွေ့ပြီး ကြိုက်ခဲ့ပါတယ်။


ဂျာမဏီကိုရောက်တော့ Trade Show အပြီး အမ်စတာဒမ် (ဟော်လန်) ကို ၄ နာရီ အမြန်ရထားနဲ့ သွားခဲ့တယ်။ ဂျပန်က ကျည်ဆံရထားထက်နဲနဲသေးပြီး တဖက်မှာ ၂ခုံစီ၊ ဂျပန်က ၃ခုံ ရှိပါတယ်။ ပန်းချီပြခန်းလက်မှတ်ကို online ဝယ်ပြီး အချိန်နဲ့ပေးဝင်တယ်။ အထဲမှာလူတွေ တိုးဝှေ့မနေဘူးပေါ့။ ဝင်ဝင်ခြင်း ညာဖက်မှာ ဗန်ဂိုးနဲ့မျက်နှာခြင်းဆိုင် “Face to Face with Van Gogh” ဆိုတဲ့အခန်းမှာ သူ့ရဲ့ ကိုယ်တိုင်ရေးပုံတူတွေချည်းပဲ ပြထားပါတယ်၊သူက ဦးထုပ်ကြိုက်တာမို့ မြက်ဦးထုပ်နဲ့ပုံ များပါတယ်။ ပန်းချီကား ၂ကားလောက်က အတော်နံမည်ကြီးတယ်။ ဒီနေရာမှာ သူ့နံမည်အကြောင်းပြောပါရစေ။ သူ့ကိုအင်္ဂလိပ်လို ဗန်ဂိုး၊ ဗင်ဂိုး စသည်ဖြင့်ခေါ်ကြရေးကြပေမယ့် ဒတ်ချ်လိုကတော့ ဗန်ဂေါ့ဂ် လို့ ခေါ်ပါတယ်၊ Goh အသံမထွက်ပါဘူး။ သူက မော်ဒယ်ငှားဖို့မတတ်နိုင်လို့ ကိုယ်ဖာသာကိုယ်ဆွဲရတာတဲ့။ ကိုယ်တိုင်ရေးပုံတူ ၃၀ ကျော်ဆွဲခဲ့တာမို့ နံမည်ကျော်ပန်းချီဆရာတွေထဲမှာ သူအများဆုံးပါပဲ။ ကျနော်ကြိုက်တာကတော့ ဦးထုပ်မပါတဲ့ ဆွဲလက်စပန်းချီကား canvas ရှေ့မှာ ပန်းချီဆွဲနေတဲ့ပုံပါပဲ။ သူက သူ့မျက်လုံးကို အရောင်အမျိုးမျိုး ဆွဲတတ်တယ်တဲ့။
Van Gogh ပြတိုက်အပြင်ဖက် 

ဒုတိယအခန်းကတော့ သူငယ်ငယ် ပန်းချီဆွဲကာစ တောင်သူလယ်သမားတွေကို အာရုံစိုက်ဆွဲတဲ့အချိန်က ပန်းချီကားတွေပါ။ ဗန်ဂိုးကို မင်းတုန်းမင်း မန္တလေးနန်းတည်ချိန် အချိန်လောက် ၁၈၅၃ မှာမွေးခဲ့ပါတယ်။ လယ်သမားမဟုတ်ပေမယ့် မချမ်းသာပါ၊ အဖေက တရားဟောဆရာ၊ ညီ၊ညီမတွေလည်းရှိပါတယ်။ သူက တောင်သူလယ်သမား နဲ့ ကျေးလက်ကလူတွေနဲ့ သူတို့ရဲ့ စရိုက်ကိုဆွဲတဲ့ ပန်းချီဆရာဖြစ်ချင်ခဲ့တယ်။ သူတို့ရဲ့ လယ်တဲလေးထဲမှာဆွဲလေ့ရှိတာမို့ မှောင်နေတာများပါတယ်။ ဒီအခန်းထဲမှာ လူကြည့်အများဆုံးကတော့ နံမည်ကျော် "အာလူးစားသူများ" Potato Eaters” ပန်းချီကားပါ။  ပန်းချီကားကမှောင်ပြီး လူတွေရဲ့မျက်နှာတွေက အချိုးအစားမကျသလို ခံစားရတာမို့ ကျနော်တော့သိပ်မကြိုက်လှ။ ဆင်းရဲတဲ့ လယ်သမားမိသားစုရဲ့ ညနေစာစားချိန်ပန်းချီလေးပါပဲ။ တခုထဲသောမီးရောင်အောက်က လူမည်းတွေရဲ့ညှိုးနွမ်းပြီး အပျော်ကင်းမဲ့တဲ့ မျက်နှာတွေကို အသားပေးဆွဲထားတာပါ။ ဒီပန်းချီမှာ သူ့ရဲနောက်ပိုင်းနံမည်ကြီးအမှတ် အသားဖြစ်လာမယ့် ဆေးရောင်တောက်တောက်တွေ၊ ရွှေ့လျားမှု တွေ၊ စုတ်ချက်အတိုပြတ်ပြတ်လေးတွေ တခုမှမတွေ့ရပါဘူး။ ဆီဆေးနဲ့မဆွဲခင် စက္ကူ ခဲတံနဲ့ အရင်ပုံဖော်ခဲ့ပါတယ်။ အစပိုင်းမှာ လူ ၄ယောက်ပဲပါပါတယ်။ နောက်မှ ဘယ်ဖက် က ဒုတိယတစ်ယောက်ကို ထပ်ထည့်တာပါ။ သူ့မိတ်ဆွေ ပန်းချီဆရာတယောက်ကိုပြတော့ သူ့ကို လူပုံသဏ္ဍန်အနေအထား လက်၊ မျက်နှာအချိုးအစား လေ့ကျင့်ဖို့လိုသေးကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။ တအံ့တသြမဖြစ်ရပေမယ့် နံမည်ကြီးပန်ချီကားတချပ်မို့ မြင်တွေ့ခွင့်ရတာ ကျေနပ်မိပါတယ်။

"အိမ်ဝါလေးနဲ့ နေကြာပန်း"
Yellow House & Sunflowers

ဒုတိယအထပ်ကတော့ သူ ပြင်သစ်မှာ ပန်းချီပညာသွားသင်တဲ့ နှစ်တွေမှာဆွဲခဲ့တဲ့ ပန်းချီကားတွေမို့ စိတ်ဝင်စားစရာပါ။ အဲဒီ့ခေတ်က နံမည်ကျော် ပန်းချီဆရာ Paul Gauguin, Claude Monet, Edouard Manet စတဲ့ တက်သစ်စ ပန်းချီဆရာတွေအားလုံး ပြင်သစ်၊ ပဲရစ်စ်ကိုသွားပြီး ပညာသင်ကြရပါတယ်။ ဗန်ဂိုး ပြင်သစ်မှာပညာသင်နေချိန် သူငှားနေခဲ့တဲ့ အိမ်က အဝါရောင်လေးပါ။ ဒီအိမ်လေးမှာ သူနဲ့ အသက်တူ၊ ခံယူချက်တူတဲ့ ပန်းချီမိတ်ဆွေတွေနဲ့ ပန်းချီပြခန်းလေးဖွင့်၊ ပန်းချီအတူဆွဲလို့ ခေတ်တခေတ်ထူထောင်ဖို့ ဆန္ဒရှိခဲ့တယ်လို့ဆိုပါတယ်။ သူ့သူငယ်ချင်း ပေါလ်ဂိုဂင်လည်းမကြာခဏလာလည်တတ်ပါတယ်။ ဒီအိမ်လေးကို သူဆွဲတဲ့နေရာမှာ အတော်တောက်တဲ့ အဝါရောင်နဲ့ အခြားအရောင်တွေကို သူသုံးခဲ့တယ်။ နောက်ခံကောင်းကင်ကို နက်ပြာရောင်တောက်တောက်ကိုသုံးထားပြီး အိမ်ခေါင်မိုးကို သူနဲ့လိုက်ဖက်တဲ့ Complimentary Color လိမ္မော်ရောင်တောက်တောက်ကို သုံးထားပါတယ်။ အပြာရောင်ကောင်းကင်မှာ ရောင်ပြန်ဟပ်နေတဲ့အလင်းရောင်နဲဲ့ကြည့်ရင် ဗန်ဂိုးရဲ့ဆေးပျစ်ပျစ်နဲ့စုတ်ချက်ကြမ်းကြမ်းတွေကို တွေ့ရပါတယ်။ စုတ်တံကအမွှေးရာလေးတွေမတွေ့ရလို့ အချို့နေရာတွေမှာ ဆေးစပ်ဒါးနဲ့ ဖိဆွဲထားပုံရပါတယ်။ နှစ်ပေါင်း ၁၃၀ ကျော်နေပေမယ့် ဆေးကအတော် လွင်ပါသေးတယ်။ ဟိုးအနောက်မှာ သေချာမမြင်ရတာကတော့ အမှောင်ထဲက မီးရထားတစင်းပါပဲ။ အိမ်ဝါလေးက မီးရထားသံလမ်းနားမှာရှိပါတယ်။

ဒီအိမ်အဝါလေးမှာ သူ့ရဲ့နံမည်ကျော် ပန်းချီကားများစွာကို ရေးဆွဲခဲ့ပါတယ်။ တကားကတော့ နေကြာပန်း Sunflowers ပါပဲ။ နေကြာပန်းများဟာ ခြောက်သွေ့သွားရင်တောင် အရောင်တောက်သေးတာမို့ ဗန်ဂိုးက သူ့ရဲ့အရောင်တွေလေ့လာတဲ့နေရာမှာ အတော်ကြိုက်နှစ်သက်ပုံရပါတယ်။ ဗန်ဂိုးကိုယ်တိုင် နေကြာပန်း ၁၂ ကားဆွဲခဲ့ပါတယ်။ ဒါ ကျနော် ဒုတိယပန်ချီကားမြင်ဖူးတာပါ။ ပထမကားကို လန်ဒန်အမျိုးသားပြတိုက်မှာ ၂၀၁၅ က တွေ့ဖူးပါတယ်။ မှန်ကာမထားလို့ အနီးကပ်ကြည့်ခွင့်ရခဲ့တယ်။ နေကြာပန်းတွေက လေးတာမို့ ရုပ်လုံးလဲကြွအောင် ဆေးအထပ်ထပ်နဲ့ အထူကြီးဆွဲထားပါတယ်။ အဝါရောင် အညိုရောင် တောက်တောက်တွေ သုံးထားပါတယ်။ ခြောက်နေတဲ့ပန်းတွေလည်းပါပါတယ်။ ကျနော်တို့ကျောင်းသားအရွယ် ဒေါ်လာသန်းတရာကျော်နဲ့ ပထမဆုံးရောင်းခဲ့တဲ့ပန်းချီကားက နေကြာပန်းပါ။ နောက်ဆုံးလက်ပြောင်းခဲ့တာ ၂၀၁၆။

တခါကြတော့ သူနေတဲ့ အခန်းကျဉ်းကလေးကို ပန်းချီဆွဲခဲ့ပါတယ်။ သူ့သူငယ်ချင်း ဂိုဂင် လာလည်မှာမို့လို့ သူနောက်ဆုံးဆွဲထားတဲ့ ပုံတူပန်းချီကား နှစ်ချပ်ကိုလည်း ချိတ်ထားပါတယ်။ ပန်းချီကားတွေကလည်း ဖရိုဖရဲ၊ သူ့စိတ်ထဲမြင်တဲ့အတိုင်းဆွဲထားတာ။ တခုထဲသော ပြူတင်းပေါက်အစိမ်းလေးကို သူအရမ်းကြိုက်တယ်တဲ့။ ကြမ်းခင်းကလည်း မဖြစ်နိုင်တဲ့ ပန်းနုညိုရောင်နဲ့ အစိမ်းနုလွင်လွင်၊ ကုတင်ကြတော့လည်း သူ့ရဲ့အမှတ်အသား အဝါရောင်တောက်တောက်။ နံရံကြတော့အပြာနု နဲ့ တံခါးကလည်းအပြာ။ 
သူ့ရဲ့ဘဝ သူ့ရဲ့ပန်ချီကားပေါ့လေ။

“ကြယ်တွေဆုံပြီလား ... ဗင်းဆင့် အနားကို လာကြတယ်တယ် …”
Kyaw Lion

(ပန်းချီမိတ်ဆွေတွေအတွက် တင်ပေးတာပါ / ငြိမ်းအေးကြပါစေ ….။)
-

https://u.pcloud.link/publink/show...
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar