Breaking News

ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ သာဝကိုထားရစ်ခဲ့ (၃)

ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ သာဝကိုထားရစ်ခဲ့ (၃)
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၁

မဒမ်သာဝရဲ့ မိုဘိုင်းဖုန်းထဲ မက်ဆေ့ချ်တွေ ဆက်တိုက်ဝင်လာပါတယ်၊ နေပြည်တော်ထဲမှာပဲဆိုပေမယ့် တဂူကနေ နောက်တဂူ၊ (အဲလေ) တနေရာက နောက်တနေရာသွားဖို့ဆိုတာ အတော်အချိန်ယူရပါတယ်။ မရောက်မီအချိန်လေးအတွင်းမှာ ကျော်မကောင်း ကြားမ‌ကောင်းတွေ၊ မဖြစ်သင့်တာတွေမဖြစ်ပါစေနဲ့ဆိုပြီး ကြိတ်ဆုတောင်းနေလေရဲ့။ မက်ဆေ့ချ်တွေ ပြန်ဖတ်နေမိတယ်။

“အဘသာဝတယောက်လက်ထဲမှာ ကြိုးတချောင်းကိုင်ပြီး ခုံတလုံးအမြန်ရှာပေးလို့ အော်ဟစ်နေတယ်” 
“အဘသာဝက ယူလာပေးတဲ့ခုံကို ဒေါသတကြီးပြန်ပစ်ပေါက်လိုက်တယ်” 
နောက်ဆုံးဝင်လာတဲ့မက်ဆေ့ချ်က 
“အဘသာဝက ဒီထိုင်ခုံအပုက အလုပ်ဖြစ်မှာမဟုတ်ဘူး၊ ခုံခပ်မြင့်မြင့်တလုံးသွားရှာကြလို့ အော်ငေါက်ပြီး ပြောနေတယ်” တဲ့။ 

မဒမ်သာဝတယောက် စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုများနဲ့ ရင်ထဲ တဒိုင်းဒိုင်းခုန်နေသလို၊ စာဖတ်သူလည်း အပျော်စိတ်နဲ့ ခုန်ပေါက်ကချင်စိတ်ကို ချိုးနှိမ်လို့မရတော့ပဲ၊ ရင်ထဲ တဒိုင်းဒိုင်းခုန်နေပါလိမ့်မယ်။ တခုတော့ရှိပါတယ်၊အစဥ်အဆက် သာဝတို့  ရပ်ကွက်ကလူတွေနဲ့ စာဖတ်သူတို့လို သာမန်ပြည်သူတွေ ဘယ်တုန်းကမှ ရင်ခုန်သံမတူခဲ့ကြသလို၊ အခုလည်းပဲ ရင်ခုန်ရတဲ့အကြောင်းရင်းတရား မတူပြန်ပါဘူး။ စာဖတ်သူ ကြိတ်မျှော်လင့်နေသလို မဟုတ်တဲ့အကြောင်းကိုတော့ စိတ်မကောင်းစွာနဲ့ အရင်ပြောထားပါရစေ။ 

ဖြစ်ကြောင်းကုန်စင်က ဒီလိုရယ်ပါ။ ပြောရမယ်ဆိုရင် ‘ဝကီလိ(ခ်)’(WAkiLeaks)က ဖေါ်ထုတ်လိုက်တဲ့ သာဝရဲ့ရုရှားခရီးစဥ်နဲ့ ဆက်နွယ်နေပါတယ်။ ဒီလိုအတွင်းလူတွေချည့် လိုက်ပါသွားတဲ့ နိုင်ငံရပ်ခြားခရီးစဥ်အကြောင်း ‘ဝကီလိ (ခ်)’ဆီ ဘယ်လို ဘယ်ပုံ သတင်းပေါက်ကြားသွားသလဲဆိုတာ မသိရလို့ သာဝတယောက်အတော်ခံ ပြင်း‌နေပါတယ်။ ဒေါသကလည်း မိုင်တဲလ်တာဝါတိုင် ထောင်နဲ့ချီပြီးပြိုလဲသွားတယ်လို့ ကြားလိုက်ရတဲ့အလား အကြီးအကျယ်ထွက်နေပါတယ်။  ဒါနဲ့ပဲ ခရီးစဥ်မှာပါခဲ့ကြတဲ့ သာဝရဲ့နောက်တော်ပါ တပည့်တပန်းတွေ ဆီကရှိရှိသမျှ မိုဘိုင်းဖုန်းတွေ အကုန်သိမ်းပြီး စစ်ဆေးခိုင်းပါတယ်။ ‘ဝကီလိ (ခ်)’ကို ဘယ်သူတွေသတင်းပို့နေလဲဆိုပြီး ခြေရာခံဖို့လုပ်ပါတယ်။ သာဝဒေါသကိုသိတဲ့ အိုင်တီပညာရှင်တွေကလည်း သေသေချာချာ စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးပေးကြပါတယ်။ ဒါပေမယ့် ဘာမှမသင်္ကာစရာမတွေ့လို့ “ဘာဗီဒီယိုဖိုင်၊အသံဖိုင်၊ ဓါတ်ပုံဖိုင်မှသိမ်းထားတာ၊ဖျက်ထားတာ၊ရှဲထားတာ မရှိဘူး။ ကျန်တာတွေကလည်း PDF ဖိုင်တွေချည့်ပဲ”လို့ ပြောလိုက်သတဲ့။

ပြဿနာကအဲဒီမှာစတာပါ။ နဂိုကမှ ခပ်ထုံထုံ ခပ်ဝေးဝေး ဆင်ခြင်တုံတရားနည်းပါးတဲ့သာဝ၊ ဒေါသပေါက်ကွဲ နေချိန်နဲ့ ကြုံကြိုက်တဲ့သကာလ ဖြတ်ကနဲစဥ်းစားမိသွားတာက သူ့တပည့်ကျော်တွေနဲ့ PDF တွေ ကျိတ်ပြီး ဆက်သွယ်နေတယ်ဆိုပြီးပေါ့။ ဒါနဲ့ပဲအားလုံးကို ငါနဲ့ကိုင်တုတ်ပြီး ပါးနဲ့နားနဲ့ကွဲအောင်ရိုက်ပစ်မယ်ဆိုပြီး ဖြစ်ပါ လေရော။ဒီနေရာမှာ ကြိုးတွေ၊ခုံတွေက ဘယ်လိုကဘယ်ပုံပါလာရပြန်တာလည်း ဆိုရင်တော့ မဒမ်သာဝနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က ကြားသိရတဲ့အတိုင်း တဆင့်ဖေါက်သည် ပြန်ချလိုက်ရပါတယ်။

ကိုသာဝက လူပုစိတ်တိုဆိုပေမယ့် စည်းနဲ့ကမ်းနဲ့ လက်ပါတတ်သူပါ၊သူ့စည်းကမ်းက ဘာလည်းဆိုတော့ ရိုက်တုန်းပြုတုန်းမှာ သူ့ကိုရန်ပြန်ပြုမှာစိုးလို့ သေသေချာချာ လက်ရော၊ ခြေရော၊ ကိုယ်ရော မံမီလို တကိုယ်လုံး ကြိုး အကျအနတုပ်ပြီးမှ ရိုက်တဲ့စည်းကမ်းပါ၊ အဲဒီလောက် သတ္တိကောင်းပါတယ်။ ခုံဆိုတာကလည်း ကိုသာဝအတွက် မရှိမဖြစ်ပါ။ ဘာ့ကြောင့်လည်းဆိုတော့ ခုံမပါရင် ကိုသာဝအရပ်နဲ့ ခုန်ပြီးပါးရိုက်ရလို့ သူမရိုက်ခင်မှာ ထိုင်ခုံခပ်မြင့်မြင့်တလုံး အရင်ရှာထားရပါတယ်။ မဒမ်သာဝစိုးရိမ်ပြီး ရင်တဒိုင်းဒိုင်းခုန်ရတာတော့ CDM တို့၊ ပရီ CDM တို့ မလုပ်ကြဖို့ မနဲချော့မော့ထားရတဲ့ မောင်မင်းကြီးသား‌တွေ ကိုသာဝအရိုက်အနှက်ခံရလို့ စိတ်ဆိုးပြီး မေကြူ့ရင်ခွင်ကထွက်၊ ပြည်သူ့ရင်ခွင်အဖွဲ့ဘက် ရောက်သွားမှာစိုးလို့ပါ။ 

အဲဒီလိုဆိုရင်တော့ ယာဥ်ထိန်းရဲတောင် အနားခေါ်ခန့်စရာမရှိလေတော့ လခမပေးရတဲ့ နောက်တန်းကျန် ရဲမေတသိုက်နဲ့ မဒမ်သာဝကိုယ်တိုင် ထမီတိုတိုဝတ်ပြီး သေနတ်တဖက်၊ LVအိတ်တဖက်နဲ့ ကိုသာဝ သွားရာဆီ ဘယ်ညာလျှောက်ရင်း လိုက်ရတော့မှာပါ။ အခုတော့ သတင်းရရချင်း အပြေးလိုက်လာမိလို့ လက်မတင် လေးပါပဲ၊ ကိုသာဝကို PDF ဖိုင်ဆိုတာ မဒမ်သာဝတို့ တစ်ရပ်ကွက်လုံး အဲဒီစကားလုံးကြားရုံနဲ့ ခြေမကိုင်မိ လက်မကိုင်မိ၊ တောင်ပြေးရမလို မြောက်ပြေးရမလို ဖြစ်ကြရတဲ့ အေးစက်စက်အသံကြီးတို့ရဲ့ PDFအဖွဲ့နဲ့ မပတ်သက်တဲ့အကြောင်း အချိန်မီရှင်းပြလိုက်နိုင်လို့ ပြေလည်သွားလေရဲ့။ အခုမှ မဒမ်သာဝလည်း ရင်ခုန်သံ ပုံမှန်ဖြစ်သွားကာ သက်ပြင်းချနိုင်ပါတော့တယ်။

သာဝတယောက်ထင်ထားတာက ‘ဝကီလိ(ခ်)’(WAkiLeaks)ဟာ အဆင့်မြင့်နည်းပညာသက်သက်ကိုသာ သုံး ပြီး သတင်းအချက်အလက်များ၊ ဒေတာဖိုင်များကို စပိုင်ဇာတ်ကားတွေထဲကလို ရယူတတ်တယ်လို့ပါ။ လုံးဝ မှားတယ်လို့တော့ ပြောလို့မရပါဘူး၊ ဝကီလိ (ခ်) အဖွဲ့မှာဂျိမ်းစ်ဘွန်းလိုလူတွေရှိသလို၊ ရှေးရိုးစွဲ သမားရိုးကျ စုံစမ်းထောက်လှမ်းတတ်တဲ့ ဦးစံရှားလိုလူမျိုးတွေလည်းပါ ပါတယ်။ ဒီအုပ်စု (၂) စုအလယ်မှာတော့ ဆားပုလင်းနှင်းမောင်တို့လို (နှောင်းလူများကတော့ ဆားပုလင်းသာပိန်ကိုလည်း ဒီစာရင်းထဲ တလေးတစား ထည့်လာနိုင်ပါတယ်) ဖြစ်ပွားတဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျသွား‌ရောက်လို့  သဲလွန်စရှာကြံ အဖြေရှာကြသူများရှိပါတယ်။ ဒီတစ်ခေါက်မှာ cloudတွေ၊ box တွေမှာ ဘယ်လိုမှရှာလို့မရတဲ့ သာဝရဲ့နောက်ကြောင်းအား ကွင်းဆင်းလေ့လာ တွေ့ ရှိထားချက်တွေကို ‌ ‘ဝကီလိ (ခ်’) က ဖေါ်ထုတ်ပေးပါ့မယ်။

မောင်သာဝလေးရဲ့ ကလေးတို့ဘဝ ကစားဝိုင်းအကြောင်းက စလိုက်ပါမယ်။ စာဖတ်သူတို့လည်း ကစားခဲ့ဖူးကောင်း ကစားခဲ့မိကြပါလိမ့်မယ်၊ ကလေးတွေဆိုတာ ဘာရယ်တော့မဟုတ်ပါဘူး၊ သူတို့ လေး၊ငါးယောက် လောက်စုမိတယ်ဆိုရင်ပဲ ထင်းရှူးသေတ္တာခွံတလုံး ဒါမှမဟုတ် တက်ထိုင်လို့ရတဲ့ ရရာပုံးခွံတလုံးကိုရှာပြီး ရှင် ဘုရင်လုပ်တမ်း ကစားကြပါတယ်။ မင်းကြီးများ၊ ဘုရားဆိုပြီး တယောက်က ဘုရင်၊တယောက်ကစစ်သူကြီး၊ တယောက်ကသက်တော်ရှည်အမတ်ကြီးစသဖြင့်ပေါ့။ လူဆိုးလုပ်ရမယ့်သူကလည်း မပါမဖြစ်ပါပဲ။ စစ်သူကြီး က လူဆိုးကိုဖမ်းပြီး နန်းတော်ထဲခေါ်လာ၊ အမတ်ကြီးက ဘယ်လိုပြစ်မှုမျိုးကျူးလွန်ခဲ့လို့ ဘယ်လို အမှုဆုံး ဖြတ်သင့်ကြောင်းအကြံပေး၊ နောက်ဆုံးတော့ ရှင်ဘုရင်က အပြစ်ဒဏ်ချမှတ်ပေါ့။ ကလေးတို့သဘာဝဆို တော့ ဆော့ရင်းပျော်နေကြတာပါပဲ။

မပျော်နိုင်သူကတော့ မောင်သာဝလေးပဲဖြစ်ပါတယ်။ မောင်သာဝလေးဟာ ငယ်စဥ်ကတည်းက ပုလ္လင်ပေါ် တက်ထိုင်ချင်တာ နန့်နန့်တက်ပါတဲ့၊ဒါပေမယ့် ဖြစ်ချင်တော့ ကစားဖို့မဲနှိုက်လိုက်တိုင်း ဘယ်တော့မှ ရှင်ဘုရင်နေရာ မဲမပေါက်ရှာပါဘူး။ ဘယ်ဘဝက ကုသိုလ်ရယ်လို့မသိ၊ မောင်သာဝလေး မဲပေါက်လေ့ရှိတာက သူခိုး သူဝှက် လူလိမ်လူဆိုး ဓါးပြ သူယုတ်မာ လူသတ်သမား စတာတွေပါပဲ။ ဘယ်ကလေးကမှ ဒီလိုဟာတွေနဲ့နေ ရာလဲပြီး မကစားချင်ကြတော့ မောင်သာဝလေး အကြံ ထုတ်နေရပါတယ်။ အဲဒီအရွယ်တုန်းက ဒေါ်စိန်အေးကျောင်းဆိုတာမျိုးလည်း မတက်ရသေးတော့ မဲခိုးတယ်၊ မဲစာရင်းလိမ်တယ်ဆိုပြီး စကားလုံးကြီးကြီးနဲ့ အတည်ပေါက်လိမ်ဖို့ မတတ်‌သေးဘူးပေါ့။ 

မောင်သာဝလေးက ငယ်သာငယ်တယ်၊ ဥာဏ်စိမ် းဥာဏ်ပြာ အတော်များတဲ့ ကလေးပါ (ငယ်စဥ်ကတည်းအ နီရောင်မကြိုက်တဲ့သူမို့ ဥာဏ်နီ ဥာဏ်နက်အစား သူကလေးဘဝကတည်းက အသေကြိုက်တဲ့ အစိမ်း အပြာ ကိုပဲ အစွဲပြု ရေးပေးလိုက်ပါတယ်)။ တစ်နေ့မှာ လူကြီးတွေရဲ့ကွမ်းအစ်ထဲက ထုံးနီကို ခိုးပြီးသူ့နှုပ်ခမ်းကိုဆိုး လာပါတယ်(’မကြိုက်သော်လည်း‌အောင့်ကာဆိုး’ဆိုတဲ့ ဆိုရိုးစကားဟာ မောင်သာဝလေးဆီက ဆင်းသက် လာတယ်လို့ ပညာရှင်ဆိုသူများက မှတ်တမ်းတင်လေမလားပဲ)။ ထားလိုက်ပါ၊ ဒီနေရာမှာ အရောင်က အရေး မကြီးတော့ပါဘူး၊ထုံးနှုပ်ခမ်းနီဆိုး၊ ခုံဖိနပ်တရံကို ဒေါက်ဖိနပ်လို ဟန်ပါပါစီးလာတဲ့ သာဝလေးဟာ ကစား ဖေါ်တွေကို တကွက်ပြလိုက်ပါတယ်။ သူကမိဖုရားလုပ်မယ်တဲ့၊ ကျန်တဲ့ကလေးတွေ အတော်စိတ်လေ သွား ကြပါတယ်။ အစဥ်အဆက်သူတို့ကစားလေ့ရှိတဲ့အထဲမှာ မိဖုရားဆိုတာပါလေ့မရှိပါဘူး၊ မိဖုရားနေရာမဲနှိုက် ပြီး ကစားဖို့ဆိုတာကလည်း ဘယ်ကလေးကမှ နှုပ်ခမ်းနီဆိုး၊ ကနွဲ့ကရနဲ့ ဒေါက်ဖိနပ်ဟန်လုပ်စီးတာမျိုး မလုပ်ချင်ကြလေတော့၊ မောင်သာဝလေးတယောက်ပဲ ‌နောက်ပိုင်းကစားလေသမျှ မိဖုရားအော်တိုမက်တစ် ဖြစ်ပြီး ဘုရင်နားကပ်ကာ ပုလ္လင်ပေါ်တက်ထိုင်ခွင့် ရသွားပါသတဲ့။ တကယ်တော့ သာဝဟာ ပုလ္လင်ပေါ် တက် ရဖို့ဆို ရင် ငယ်စဥ်ကတည်းက ဘာမဆိုလုပ်ခဲ့သူပါ။

ကိုယ့်ဂုဏ်ကိုကိုယ်ဖေါ်တာတော့မဟုတ်၊ ‘ဝကီလိ(ခ်)’ ဟာ တိကျခိုင်မာတဲ့သတင်းများကိုသာ ဖေါ် ထုတ်တင်ပြ လေ့ရှိတဲ့ သိက္ခာရှိရှိ သမာဓိအပြည့်နဲ့ အဖွဲ့အစည်းကြီးပါ။ အတည်ပြုချက်မပေးနိုင်တဲ့ မရေမရာသတင်းများ ကို ‘ဝကီလိ(ခ်)’ မှာ တင်မှာမဟုတ်ပါဘူး။ သို့ပေမယ့် လောလောလတ်လတ် လျှို့လျှို့ဝှက်ဝှက် ရလာတဲ့ သ တင်းဦးတခုကိုတော့ ကြားဖြတ်တင်ပြချင်ပါတယ်။ ဒီလိုပါ၊ (၇)လကျော်လာတဲ့အထိ ခြောက်မရ၊ချော့မရ စည်းရုံးလို့မရလောက်အောင် ပြည်သူလူထုက ခါးခါးသီးသီးဖြစ်နေတာ သူ့ပုံရိပ်ကြောင့်များ ဖြစ်လေမလား ဆိုပြီး သာဝတယောက် စဥ်းစားလာပါသတဲ့။ ဒါ့ကြောင့် ပြည်သူ့မေတ္တာအပြည့်ရတဲ့ လူထုခေါင်းဆောင် အမ ကြီးလို ပန်းတွေပန်၊ ပုဝါကိုခြုံ ၊ဒေါက်ဖိနပ်စီး လူမြင်ကွင်းထွက်ရရင် ‌မေတ္တာတွေဒလဟောရလေမလားလို့ တွေးမိပြီး ခိုနေတဲ့လိုဏ်ဂူထဲမှာ နံမည်ကျော် ဒေါက်ဖိနပ်လျှောက်သံသီချင်းနဲ့ ရီဟာဇယ်လုပ်နေတယ်ဆိုပဲ။

အတော်လေး ခိုင်လုံတဲ့ရပ်ကွက်ကရထားတဲ့သတင်း ဆိုပေမယ့် ‘ဝကီလိ(ခ်)’ ရဲ့မူအရ ကျေနပ်လောက်အောင် အသေးစိတ် ခွဲခြမ်းစိတ်ဖြာ အပြန်ပြန်အလှန်လှန် စစ်ဆေးပြီးမှသာ ‘ဝကီလိ(ခ်)’အနေနဲ့ တရားဝင် အတည်ပြု  ထောက်ခံပေးမှာ ဖြစ်ကြောင်းကို ထပ်လောင်းပြောကြားလိုပါတယ်။ လက်ရှိအနေအထားမှာတော့  မောင်သာဝလေးရဲ့ ငယ်စဥ်ကစလို့ အခုအချိန်အထိ မလုပ်ရဲတာ ဘာမှမရှိတဲ့ အထောက်အထား မှတ်တမ်း မှတ်ရာများကိုကြည့်ပြီးသကာလ ‘ဝကီလိ(ခ်)’အဖွဲ့အနေနဲ့ ‌ဇော်မဲလုံးရဲ့လေသံကို ငှားပြောရရင်တော့ ‘ဟုတ်တယ်လို့မပြောနိုင်သေးသလို၊ မဟုတ်ဘူးလို့လည်း မပြောနိုင်သေးကြောင်း’လို့သာ မယုတ်မလွန် ဆိုထားလိုက်ချင်ပါတယ်။

(ဆားပုလင်းသာပိန်)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar