Breaking News

မိုးမခအမှတ်တရ - ဆာသော်ဒိုး "ပြုံးစိစိ ပူတာအို"

google.com
မိုးမခအမှတ်တရ
စက်တင်ဘာ ၂၁၊ ၂၀၂၁

"ပြုံးစိစိ ပူတာအို"
ဆာသော်ဒိုး

" ပူတာအို " အမည်ကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ခဏခဏ မြင်နေရတော့ ဟိုးအရင်လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က မဂ္ဂဇင်းတွေကိုသွားပြီး သတိရမိတယ်။ လစဉ်ထုတ်မဂ္ဂဇင်းတွေအမျိုးအစားအစုံ သုံးလေးဆယ်လောက် အပြိုင်ထွက်ပြီး အပြိုင်လူကြိုက်များကြကာ အပြိုင်ရောင်းချရတဲ့ " မဂ္ဂဇင်း ရွှေခေတ်ကြီး " ကိုပေါ့ ခင်ဗျာ။

" ဆသဒ " တို့မီလိုက်တဲ့ တကယ့်ခေတ်ကောင်းကြီး။ မြန်မာပြည်အနှံ့မြို့တွေက စာကြည့်တိုက်တွေတိုင်း စာအုပ်အငှားဆိုင်တွေတိုင်းမှာ အဲသည်မဂ္ဂဇင်း
ပေါင်းစုံကိုဝယ်ယူပြီး တင်ပေးထားကြတယ်။ အချို့စာအုပ်အငှားဆိုင်တွေမှာဆို အချို့သောမဂ္ဂဇင်းတွေဆို " တစ်အုပ် " ထဲတင် တင်လို့မရဘဲ " နှစ်အုပ် "
တောင်မှ ဝယ်တင်ထားရပြီး စာအုပ်ငှားသူတွေရဲ့စာချစ်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတယ်။

ဆသဒ တို့ကတော့ " အကုန်ဖတ် " ပေါ့ခင်ဗျ။ အဲသည်အထဲက ကိုယ် အငှားများ အဖတ်များတဲ့မဂ္ဂဇင်းတွေကို ပြန်ပြီး စဉ်းစားကြည့်မိတယ်။ သပြေ ၊
သွေးသောက်၊ ရှုမဝ၊ မိုးဝေ၊ ပေဖူးလွှာ၊ ချယ်ရီ၊ မြဝတီ၊ သင့်ဘဝ၊ စစ်ပြန်၊ မြတ်လေး၊ စန္ဒာ၊ စံပယ်ဖြူ ၊ ကလျာ၊ လုံမလေး၊ မဟေသီ၊ ဝါနီပြာ၊ ပန်၊ ဒဂုန် . .
. . . . . . စုံမှစုံ ခင်ဗျ။

၁၉၈၀ ပြည့်နှစ်ကျော်ကာလ စာလေးကဗျာလေးတွေလည်းရေး ကာတွန်းလေးဘာလေးတွေလည်း ဆွဲပြီး စာပေရပ်ရွာကို ခြေချတိုးဝင်ကာစ ကာလ။
တစ်လတခါ လကုန်ရင် ပြည်က စာပေသူငယ်ချင်းတွေစုပြီး ရန်ကုန်ဆင်းကာ မေတ္တာလက်ဆောင်စာအုပ်တွေ ဉာဏ်ပူဇော်ခတွေ ထုတ်ယူဖြစ်ကြပါတယ်
ခင်ဗျ။ " အနုပညာကြေး " ဆိုပါတော့။

အဲသည်ခေတ် အချို့မဂ္ဂဇင်းတိုက်တွေက "ချီးမြှင့်ငွေ" ထည့်ထားတဲ့ စာအိတ်ပေါ်မှာ "စာမူခ" လို့ မရိုက်ထားဘဲ "ဉာဏ်ပူဇော်ခ" လို့ တံဆိပ်ရိုက်ထားတယ်ခင်ဗျ။ 
" ဉာဏ် " ကို " ပူဇော်တယ် " ဆိုတာ အင်မတန့်ကိုလှပသင့်မြတ်ပြီး မြင့်မြတ်တဲ့ အယူအဆပါ။

" သွေးသောက် " မဂ္ဂဇင်းကိုလည်း ပုံမှန်ဖတ်ဖြစ်ပြီး သူ့ဆီမှာ ကာတွန်းလည်း ပုံမှန်ရေးဖြစ်တယ်။ မဂ္ဂဇင်းဆောင်ပုဒ်က "သွေးသောက်ပီပီ သစ္စာရှိရှိ တာဝန်သိ
သိ" ပါ။ ကဏ္ဍတွေလည်း သိပ်စုံတယ်။ သွေးသောက် မှာ " ဆရာ ကြပ်ကလေး " ရဲ့ မူပိုင်ကဏ္ဍတစ်ခု ပါပါတယ်။ " စာပေါလောက " ပေါ့ခင်ဗျာ။ စာညွန့်တွေ၊
ကဗျာပြောင်ဖြစ်တဲ့ " ကဗျောင် " တွေ၊ ရိတိတိပုံပြင်တွေနဲ့ ဟာသစွက်တဲ့ အမေးအဖြေ စာတိုက်ကဏ္ဍတွေ ပါပါတယ်။ "ပေါလိုက်တဲ့စာတွေ" တဲ့။ အဲသည်
ကဏ္ဍကိုလည်း ကျနော်တို့ အသည်းစွဲပါ။

ပြီးတော့ " သပြေ " တေးမဂ္ဂဇင်း။ သူ့ဆီမှာလည်းကာတွန်းရေးဖြစ်ပြီး လစဉ်ကိုမျှော်မျှော်ပြီး စောင့်ဖတ်ဖြစ်ပါတယ်။ မဂ္ဂဇင်းတို့ထုံးစံအတိုင်း ရှေ့ဆုံး
က ကဗျာ၊ ပြီးတော့ ကာတွန်း၊ ဆောင်းပါး၊ အင်တာဗျူး၊ သီချင်း၊ ၀တ္ထုတို၊ ၀တ္ထု ရှည် . . စသဖြင့်အစုံပါရှိပြီး သူ့မှာလည်း ထူးထူးခြားခြား တိုတို
တုတ်တုတ် " အမေးအဖြေကဏ္ဍ " တခု ပါပါတယ်။ "တေးသပြေရဲ့အမေးအဖြေ" လို့ အမည်ရှိတဲ့ နှစ်မျက်နှာပါ။

အနယ်နယ်အရပ်ရပ် စာဖတ်သူတွေဆီက စာတိုက်ကနေ ရောက်လာသမျှ စာတွေကို " ဦးသပြေ " က အင်မတန်လှတဲ့ " အလုံး " တွေနဲ့ ခပ်သောသော ခပ်ပျော်ပျော် ခပ်ပြောင်ပြောင် ပြန်ပြန်ဖြေတာတွေကို ဖတ်ဖတ်ပြီး ပြုံးကြရတယ်။ ရယ်ကြရတယ်။ ဟားကြရတယ်။ အူတက်ကြရတယ်။
" ဦးသပြေ " ဆိုတာက တေးရေးဆရာ စာရေးဆရာ ကျနော်တို့ပြည်သားကြီး "ဆရာမောင်တည်ငြိမ်" ဖြစ်မှာပါ။

သွေးသောက်က ဆရာ " ကြပ်ကလေး " ကောသပြေတေးက ဆရာ " ဦးသပြေ " ပါ ပရိသတ်တွေအမောပြေအောင် " ဟာသအာဟာရ " တွေ လစဉ်
မပြတ် ကျွေးနိုင်ကြတယ်ခင်ဗျ။ သူတို့ဦးနှောက်ထဲမှာ အရွှင်ဓာတ်တွေ အချိန်ပြည့် ဝေဝေစီနေပုံပါပဲ။

အဲ . . . အစက ပြောထားမိခဲ့တဲ့ " ပူတာအို " အမည်ကို သတိရမိတယ်" ဆိုတာကို မေ့တော့မလို့။ 

ဒီလိုပါ . . . အဲသည်ကာလ တစ်လတော့ အမေးအဖြေကဏ္ဍမှာ အမေး အဖြေလေးတခု ပါလာပါတယ်။ သူတို့အမေးအဖြေလေးကိုဖတ်ပြီးတော့ ပြုံး
စိစိဖြစ်ခဲ့ရပါတယ် ခင်ဗျ ။

မေး ။         ။ အမျိုးသမီးတွေကို " အပျိုအအို "
ဘယ်လို ခွဲရမလဲ။
ဖြေ ။         ။ " ပူတာ အို "

                    ဆာသော်ဒိုး
                     20-9-21(Mon) 5:33 Pm
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar