Breaking News

မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် " မောင်သင်းခိုင်နဲ့စည်းရုံးရေး ''


Photo - Crd

မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၂၁၊ ၂၀၂၁

'' မောင်သင်းခိုင်နဲ့စည်းရုံးရေး ''
ဝင်းမင်းခိုင်

စည်းရုံးရေးသမားဆိုတာ စိတ်ရှည်ရတယ်။
တကယ်တော့ စည်းရုံးတယ်ဆိုတာ လူတယောက်ကို ကိုယ့်ဖက်ပါလာအောင် သိမ်မွေ့တဲ့နည်းနဲ့ကြိုးစားရတာ ဝင်းမင်းခိုင်ရ။
သူ့ရဲ့အားနည်းချက်၊ ချို့ယွင်းချက်တွေကိုစာနာနားလည်ပြီး တတ်နိုင်သလောက်ဖြည့်ဆည်းပေးရမယ်။
သူကိုယ်တိုင်သတိမထားမိတဲ့ သူ့ရဲ့အားကောင်းအားသာချက်တွေကို ဖော်ထုတ်အသိမှတ်ပြုရမယ်။
တဖက်သားရဲ့အတွေးအမြင် အယူအဆတွေကိုေ လးလေးစားစားနားထောင်ပြီး အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားပြရမယ်။
ဆင်တကောင်ကို ဝိုင်းဝန်းခြောက်လှန့်ပြီး ကျုံးသွင်းသလိုလုပ်ရတာမျိုးမဟုတ်ဘူး။
ကိုယ့်မိတ်ဆွေကို အစားကောင်းအသောက်ကောင်းတွေရှိရာ ညွှန်ပြပေးတာဖြစ်တယ်။
အနာရောဂါရှိရင် ကုသပေးရတာဖြစ်တယ်။ ရောက်ရာအရပ်မှာ ဆွေမျိုးစပ်ရမယ်ကွ။ ကိုယ်နဲ့ အတွေးအခေါ်အယူအဆတူတဲ့သူတွေ
နေရာတိုင်းမှာ ရှိနိုင်တယ်လေ။

ကျနော် မောင်သင်းခိုင်နဲ့ နှစ်ပေါင်းများစွာအနီးကပ်နေလာခဲ့တဲ့တလျောက်လုံး အော်တာ၊ ငေါက်တာ၊ ကြိမ်းမောင်းအပြစ်တင်တာ တခါမှမခံခဲ့ရဖူးဘူး။
အလားတူပဲကျနော့်ရှေ့မှာတခြားလူငယ်တယောက်ယောက်ကို အော်ဟစ်မာန်မဲတာ၊ အပြစ်တင်ဆဲဆိုတာ မတွေ့ဖူးခဲ့ဘူး။
အခွင့်ရေးသမားတွေ၊ အချောင်သမားတွေ၊ ဖောက်ပြန်သူတွေကိုတော့ စည်းခြား တိုက်ခိုက်တတ်ပါတယ်၊ ဘယ်တုန်းကမှလဲ မျက်နှာသာမပေးခဲ့ဘူး။
အဲဒီလိုလူတွေရဲ့ရှေ့မှာ မောင်သင်းခိုင်ကိုကြည့်လိုက်ရင် စစ်ပွဲကိုနိုင်အောင်တိုက်ဖို့ ပြင်ဆင်ထားတဲ့စစ်သူကြီးလို၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့သူရဲကောင်းလို ခင်ဗျားတွေ့ရလိမ့်မယ်။
လူငယ်တွေ၊ မိတ်ဆွေတွေကျရင်တော့ မောင်သင်းခိုင်ဟာ မေတ္တာတရားရဲ့သ‌င်္ကေတ၊‌ တောင့်တင်းသန်မာတဲ့ ထမ်းပိုးသယ်ဆောင်သူ၊ လိုအပ်ရင် မဟာတံတိုင်းကြီးအဖြစ် ရပ်တည်ပေးပါလိမ့်မယ်။

လူငယ်မျိုးဆက်ဆိုတာ နိုင်ငံတနိုင်ငံ၊ သမိုင်းကြောင်းတခုကို လက်ဆင့်ကမ်း သယ်ဆောင်သူတွေဖြစ်တယ်ကွ။
ဒါကြောင့်လူငယ်တွေကို တန်ဖိုးထားရမယ်။
မော်စီတုံးပြောတဲ့ " ယွိကုန်း" တောင်ဖြိုခြင်း ဆိုတာ မင်းမှတ်မိမလားမသိဘူး။

မြို့နဲ့အဝေးကြီးက တောင်မြင့်မြင့်ကြီးတွေပေါ်ကရွာတရွာမှာ" ယွိကုန်း" ဆိုတဲ့အဘိုးကြီးတယောက်ရှိတယ်၊ အဘိုးအို "ယွိကုန်း"ဟာ အားတာနဲ့သူ့ရှေ့ကတောင်ကြီးကိုပေါက်တူးနဲ့ပေါက်ချပြီးဖြိုနေတတ်တယ်၊ နေ့တိုင်းလုပ်နေတာဖြစ်တဲ့အတွက် ကြာလာတော့ လူတွေကသတိထားမိလာတယ်။

' အဘိုးကြီး"ယွိကုန်း" ပေါက်တူးတချောင်းနဲ့ တယောက်ထဲ ဘာတွေလုပ်နေတာတုန်း ..."

" ရွာကလူတွေ မြို့ကိုသွားဖို့ ဒီတောင်မြင့်မြင့်ကြီးတွေကိုခက်ခက်ခဲခဲ ကျော်ဖြတ်သွားနေကြရတယ်။
အလွယ်တကူနဲ့မြန်မြန်သွားလို့ရအောင် တောင်တွေကိုဖြိုနေတာ"

' ဟားဟားဟား ခင်ဗျားအသက်အရွယ်၊ ခင်ဗျားတယောက်ထဲနဲ့ ဒီတောင်တွေကိုဘယ်လိုလုပ်ဖြိုနိုင်မလဲ'

" ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေရမှာပဲ၊ ကျုပ်သေသွားရင် ကျုပ်သားတွေက ဆက်ဖောက်လိမ့်မယ် လို့ပြန်ပြောလိုက်တယ်"

အဲသလိုပဲကွ ငါတို့ရှေ့ကလူတွေရဲ့လက်ထဲကအလံကိုငါတို့ လွှဲယူသယ်ဆောင်လာခဲ့သလို ငါတို့လက်ထဲကအလံကိုလဲ နောက်လူတွေ မျိုးဆက်သစ်တွေက သယ်ဆောင်သွားကြအုံးမှာပေါ့။
ကိုယ်ကာယကြံ့ခိုင်သန်စွမ်းဖို့လိုသလိုပဲ၊ အတွေးအခေါ်မှန်ကန်အားကောင်းဖို့ကလဲ အဓိကလိုအပ်တယ်။
ခရီးတခုထဲသွားကြတဲ့သူချင်း ပန်းတိုင်တူတဲ့အတွက် လက်တွဲနိုင်ဖို့လဲ လုံးပမ်းကြရမယ်။
မိမိကိုယ်ကိုကိုယ်နှိမ့်ချပါ။
ကိုယ့်မိတ်ဆွေ၊ကိုယ့်ရဲ‌ဘော်ဖြစ်လာဖို့ ပိုးမွေးသလိုမွေးပါ၊ ကိုယ်ရဲ့ခြေလက်အင်္ဂါကိုစောင့်ရှောက်သလို လူငယ်တွေကိုစောင့်ရှောက်ပါ။
အပြစ်တွေပြောနေမယ့်အစား အကျိုးအကြောင်းရှင်းပြပြီး နားလည်လက်ခံလာအောင်ဆွေးနွေးပါ။

ဒါကြောင့် "မောင်သင်းခိုင်က တပည့်မမွေးဘူး။ ရဲဘော်ပဲမွေးတယ် " လို့ ငါခဏခဏပြောနေခဲ့တာပေါ့။
အားလုံးညီညွတ်ပေါင်းစည်းမှဖြစ်မယ့်ကိစ္စမှာ အမှန်တကယ်ညီညွတ်၊ အမှန်တကယ်ပေါင်းစည်းဖို့ စည်းရုံးရေးက "အသက်" ဖြစ်တယ်လို့ ငါယုံကြည်တယ်ငါ့ညီရေ။

ချစ်တဲ့
ဝင်းမင်းခိုင်
၂၀.၉.၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar