မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် "မောင်သင်းခိုင်နဲ့ထီလာစစ်သူ"
မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၆၊ ၂၀၂၁
"မောင်သင်းခိုင်နဲ့ထီလာစစ်သူ"
ဝင်းမင်းခိုင်
''ငါမင့်အမကို ထီလာစစ်သူအိမ် ခိုးပြေးတာကွ''
ကဗျာဆရာဒေါင်းနွယ်ဆွေ၊ ကဗျာဆရာနေသွေးနီ၊ ထီလာစစ်သူတို့က တန်းအတူပဲကွတခေတ်ထဲရေးခဲ့ကြတာ။
ထီလာစစ်သူနဲ့ငါတို့နဲ့ကရပ်တည်တဲ့ "ဘက်"မတူဘူး၊ အယူအဆမတူဘူးဆိုတာကတော့ ရှင်းတယ်ကွ။
ဒါပေမယ့် သူက ကဗျာဆရာဆိုတော့ ကဗျာဆရာတွေအပေါ်မှာသံယောဇဉ်ရှိပါတယ်။
ထီလာစစ်သူကလည်းမောင်သင်းခိုင်ကို အယူအဆမတူပေမယ့် ချစ်တာကိုတွေ့ရတယ်။
တခါက ရှုမဝတိုက်ကို မောင်သင်းခိုင်၊ မောင်လေးမွန်၊ မောင်ခိုင်မာတို့နဲ့ရောက်သွားတော့ ရှုမဝမောင်ဆွေတင့်က ရေချိုးပြီးစထင်ပါရဲ့၊ သဘက်ကလေးပတ်ပြီး ဧည့်သည်တွေကိုထွက်တွေ့ စကားပြောပါတယ်။ ရှုမဝမောင်ဆွေတင့်က ရှုမဝဦးကျော်ရဲ့သား မောင်သင်းခိုင်နဲ့ သက်တူရွယ်တူပါ။
ထီလာစစ်သူအကြောင်းပြောနေတုန်း ထီလာစစ်သူရောက်လာပါတယ်။
မောင်သင်းခိုင် ဘယ်တုန်းကရောက်လဲလို့မေးပြီး မောင်သင်းခိုင်ရဲ့ယောက္ခမ ဒါရိုက်တာဦးချစ်ခင်အကြောင်း၊ မင်းသားကြီးမြတ်လေးအကြောင်း၊ မြတ်လေးရဲ့နဘေတွေဟာလုပ်ယူတာမဟုတ်ပဲ ရေးတဲ့အကြောင်းရာနဲ့ဆီလျော်ကွက်တိကျတဲ့အကြောင်းပြောပါတယ်။
နဘေကြိုက်တဲ့ သူ့ကဗျာတွေမှာ နဘေထဲ့အရေးများတဲ့မောင်ခိုင်မာလဲပါသမို့ သဘောတွေကျနေပါတယ်။
မောင်သင်းခိုင်က ..
"မော်စီတုန်းလက်ထက် တရုပ်ဗမာချစ်ကြည်ရေးအားကစားအဖွဲ့လာတော့ မင်္ဂလာဒုံလေဆိပ်မှာ ကိုမြတ်လေးက
"လွင်ဖွာခုန်ကြွတက် လှုပ်ပျံကစား ... ဟေ့ မင်္ဂလာဒုံကလက်ခုတ်သံများ" ဆိုပြီး လက်တန်းရေးလိုက်တယ်။ ကျစ်လစ်ပြီး လွှတ်လှတဲ့နဘေပဲဗျ၊ ကိုမြတ်လေးနဘေတွေကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သိပ်သဘော ကျတယ်လို့ပြောပါတယ် "
ထီလာစစ်သူကပြန်ကာနီး အကိုကြီးတို့ကို လျော့သောက်ဖို့ပြောသွားပါတယ်။
ကိုဝင်းတင်ဝင်းနဲ့ ကိုအောင်ပွင့်တို့လုပ်တဲ့အစီစဉ်တခုထင်ပါရဲ့။ ကဗျာဆရာ(ကို)ကြည်အောင်တို့ဈေးထဲသွား စျေးဝယ်တာကို မှတ်တမ်းတင်တဲ့ပုံစံ ဗွီဒီယိုရိုက်တော့ ထောက်လှမ်းရေးက ဖမ်းသွားပါတယ်။
ယဉ်ကျေးမှုဝန်ကြီးရုံးအဝင်ပေါက် ဂျင်းဘောင်းဘီအင်္ကျီလည်ကတုံးအဖြူဝတ် ဆံပင်အရှည်ကျောပိုးအိတ်ပိုးထားတဲ့လူ ဦးဆောင်တဲ့အဖွဲ့က ဝင်ခွင့်တောင်းတော့ တာဝန်ကျစစ်သားက ဝင်ခွင့်မပေးပါဘူး။ ရှေ့ဆက်မတိုးဖို့ သေနတ်နဲ့ချိန်ပြီး သတိပေးပါတယ်။
ဟေ့ရဲဘော် မင်းတို့ဝန်ကြီး ဦးစိုးညွန့်နဲ့တွေ့ဖို့လာတာ။
ကဗျာဆရာမောင်သင်းခိုင်တို့လာတယ်လို့ ပြောလိုက်။
တာဝန်ကျစစ်သားကစိတ်ရှုတ်ပြီးမယုံသင်္ကာမျက်လုံးနဲ့ကြည့် ဝန်ကြီးဆီအစီရင်ခံလိုက်ပါတယ်။
အေး လွှတ်လိုက်။ အဲဒါ ငါ့မိတ်ဆွေကဗျာဆရာတွေကွလို့ တဖက်ကအမိန့်သံကြားရပါတယ်။
အကိုကြီးမောင်သင်းခိုင်က အဖမ်းခံထားရတဲ့ကဗျာဆရာတွေအကြောင်း၊ လွှတ်ပေးဖို့ ကူညီလို့ရရင်ကူညီဖို့အကြောင်း ထီလာစစ်သူဆီသွားပြောတာပါ။
အေးအေး ကော်ဖီတွေအေးကုန်အုံးမယ် သောက်လိုက်ကြအုံး။ အဲဒီကိစ္စ ငါမေးကြည့်ပါအုံးမယ်လို့ ပြောလိုက်ပါတယ်။
မကြာခင်မှာပဲ ကဗျာဆရာကြည်အောင်တို့ကိုပြန်လွှတ်ပေးလိုက်ပါတယ်။
တခါက မြို့ထဲမှာထီလာစစ်သူရဲ့ကားရှေ့" ကောင်းနေတဲ့" မောင်သင်းခိုင်က လက်၂ ဖက်ကားပြီး ပိတ်ရပ်လိုက်ပါတယ်။
ကားထဲက ထီလာစစ်သူဆင်းလာပြီး နှုတ်ဆက်စကားပြောပါတယ်။
ကျုပ်ကို မုန့်ဖိုးပေးခဲ့အုံးဆိုလို့ ထုတ်ပေးသွားပါတယ်။
ဒေါင်းနွယ်ဆွေကင်ဆာရောဂါဖြစ်တော့ ထီလာစစ်သူကလာခေါပြီး မင်္ဂလာဒုံစစ်ဆေးရုံတင်ပြီးကုသပေးတယ်ဆိုတာလည်းကြားရတယ်။
လူဆိုတာ အကျိုးစီးပွားသတ္တဝါကွ သူ့အကျိုးစီးပွားအရ မင်းတို့ငါတို့မကြိုက်တဲ့ စစ်အာဏာရှင်ဖက်ကရပ်ပြီး ကဗျာတွေရေးနေတာမှန်ပေမယ့် ဒို့ကဗျာဆရာတွေအပေါ်မှာတော့ သံယောဇဉ်ရှိတာအမှန်ပဲလို့ ထီလာစစ်သူအကြောင်း မောင်သင်းခိုင်ကပြောလေ့ပြောထရှိပါတယ်။
ချစ်တဲ့
ဝင်းမင်းခိုင်
၄.၉.၂၁
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar