Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၁

နွေဦးတော်လှန်ရေး ဒီရေမြင့်သစ်


၂၀၂၁ စက်တင်ဘာ ၇ မှာ NUG အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်။ လက်နက်ကိုင်ပြီး ခုခံတော်လှန်စစ်ကို တရားဝင်အတည်ပြုလိုက်တယ်။ ၂၀၂၁ စက်တင်ဘာ ၁၄က စတဲ့ ၇၆ ကြိမ်မြောက် ကုလအထွေထွေညီလာခံအဖွင့်မှာ NUG ၏ ကုလအမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဆက်လက်တည်ရှိနေဖို့ အလားအလာရှိတယ်လို့ သတင်းတွေက ထုတ်ပြောလာကြပါတယ်။ စစ်ကောင်စီဟာ ခုချိန်ထိ စစ်ရာဇဝတ်မှုတွေ အတောမသတ်နိုင်အောင် ကျူးလွန်ပြီး အပြစ်မဲ့ လက်နက်မဲ့ ပြည်သူတွေကို ဖမ် းဆီး နှိပ်စက် သတ်ဖြတ်နေတာတွေကို ပြည်သူလူထုဟာ ရရာလက်နက်စွဲကိုင်ပြီး ခုခံစစ်ကို အရှိန်မြှင့်ပြီး ဆင်နွှဲကြတယ်။ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက် နက်ကိုင်တပ်တွေ ထိတွေ့မှုတွေကလည်း ကျယ်ပြန့်လာပါတယ်။ စစ်ကောင်စီဟာ တောရော မြို့ပါ နေရာအနှံ့ စစ်မျက်နှာဖြန့်ပြီး ဖွင့်နေရတဲ့အပြင် လက်နက်ကိုင်ထားတဲ့လူဆိုးဓားမြ အုပ်စုလိုမျိူး ဖြစ်လာပါတယ်။ နိုင်ငံတကာမှာ စစ်အုပ်စုက လူရာမဝင်နိုင်တော့တာကလည်း ထင်ရှားလာသလို သူ့ကို လူရာသွင်းလာရင်လည်း နွေဦးတော်လှန်ရေးရဲ့ NUG CRPH တပ်ဦးက ဂရုစိုက်တော့မယ့် ပုံ မရှိတော့ပါဘူး။ ပြည်သူတွေကလည်း NUG CRPH PDF တွေ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်သူတွေဘက်က ရပ်တည်ဖို့ ခိုင်ခိုင်မာမာ ပိုင်း ဖြတ်ထားတာကနေ လက်လျော့လိုက်မယ့်ပုံ မပေါ်ပါဘူး။

လက်နက်ကိုင်စစ်တိုက်ပြီး အနိုင်ယူမယ်ချည်းပဲ NUG ဘက်က တဖက်သပ်ပြောနေတဲ့ပုံမဟုတ်ဘဲ သမ္မတကြီး၊ ဝန်ကြီးချုပ်နဲ့တကွ ဦးကျော်မိုးထွန်း၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်းတို့ စတဲ့ နိုင်ငံရေးတာဝန်ယူထားတဲ့ ကိုယ်စားလှယ်တွေ ဝန်ကြီးတွေက နိုင်ငံတကာက မိတ်ဆွေတွေ ပြိုင်ဘက်တွေ မဟာမိတ်တွေ စောင့်ကြည့်သူတွေ ကြားနေသူတွေကို စည်းရုံးစကားပြောဆိုနေကြတာ၊ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း တင်ပြနေကြတာတွေကလည်း အားရစရာကောင်းပါတယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ တော်လှန်စစ်ကို အရှိန်မြှင့်မယ် စသည်ဖြင့် ပြောလိုက်ပါသေးတယ်။ အရေးပေါ်အခြေအနေကြေညာထားပြီး စစ်ရှိန်မြှင့်ထားမှတော့ လွယ်လွယ်နဲ့ နောက်ဆုတ်လို့ မရတော့တာ လူတိုင်းလည်း ရိပ်မိပါတယ်။ စစ်ကောင်စီတပ်တွေ ပြိုကွဲသွားအောင် အားနည်းသွားအောင် အရှိန်မြှင့်တဲ့ ဗျူဟာလည်း ဖြစ်ကောင်းဖြစ်နိင်ပါတယ်။ စစ်ကောင်စီဘက်က ရဲတွေ စစ်သားတွေဟာ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းလာတာတွေလည်း များလာတယ် ဆိုပါတယ်။

သည်ကြားထဲ စိတ်ဝင်စားစရာတခု ၂ခုကတော့ စစ်ကောင်စီဘက်ကနေပြီး သတင်းမှားတွေ လုပ်ကြံသတင်းတွေ တိုးပြီး လွှင့်လာတာ၊ လူထု သွေးကွဲအောင် ဇဝေဇဝါဖြစ်အောင် သတင်းဖန်တီးထုတ်လွှင့်တာတွေ ပိုလုပ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိလက်နက်ကိုင်တော်လှန်ရေးကို သဘောမတူဘူးလို့ ပြောသယောင် ဖန်တီးသွေးတိုးစမ်းပါသေးတယ်။ လူတွေ ကြောက်ရွံ့အောင် ဖိနှိပ်မှုတွေ ရက်စက်မှုတွေ လုပ်လာတာတွေကိုပါ ဆိုရှယ်မီဒီယာတွေမှာ သူတို့ကိုယ်တိုင် အကောင့်တုတွေနဲ့ တင်ပြီး လူထုကို တိုက်လာပါတယ်။ အလှူခံတွေ အလှူရှင်တွေကြားထဲ သံသယဖြစ်အောင် သတင်းလုပ်ကြံလွှင့်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၃ ရက်လောက်က သယံဇာတနဲ့ ပတ်ဝန်းကျင်ရေးရာ NUG ဝန်ကြီး ဒေါက်တာတူးခေါင်က ဖေ့စ်ဘွတ်ပေါ်ကနေ အလှူငွေ ဒေါ်လာ ၁၇ သန်းအကြောင်း ထွက်ရှင်းပါသေးတယ်။ သူပြောတာက စာရင်းနဲ့ အင်းနဲ့ စနစ်တကျ လုပ်နေတယ်လို့ ပြောချင်ပုံရပါတယ်။ သူ့အဖြေက တိုတိုတုတ်တုတ်နဲ့ ဆိုတော့ ဘယ်က ဒေါ်လာ ၁၇ သန်းကို ပြောနေတာလဲက မေးခွန်းထပ်ဖြစ်ပါတယ်။ စစ်သတင်းပေးတွေကနေ ဒလန်တွေကနေ လူတွေ အိမ်တွေကို ကျုးကျော်ဝင်ရောက်ပြီး ဖမ်းဆီးတာတွေ၊ ဖမ်းမယ် ဆီးမယ်သတင်းလွှင့်တာတွေကလည်း အတော်ဆိုးလာတယ် ဆိုရပါမယ်။ သူတို့ သွေးပျက်နေတာနဲ့ လူထုကိုပါ သွေးပျက်အောင် လုပ်နေတာလို့ မှတ်ချက်ပေးကြပါတယ်။

မြို့ပေါ်က လူတွေကတော့ နယ်တွေမှာ ဖြစ်နေသလို လူထုဟာ စစ်ဘေးက အသက်လုပြီး ပြေးရှောင်နေရတယ်၊ အိုးအိမ်စွန့်ခွာနေရတယ်ဆိုတာကို သူတို့တွေဆီမှာ မဖြစ်လာဘူးလို့ တွေးနေပုံရတယ်လို့ တဦးက ဆွေးနွေးပါတယ်။ မြို့ပေါ်က ပြောက်ကျားတော်လှန်ရေးသမားတွေကို ဖိပြီး ပိုက်စိတ်တိုက်ရှာနေဖမ်းနေတာတွေ ရှိနေပြီး ခုခံစစ် တုံ့ပြန်စစ် ပြင်းထန်လာရင် စစ်တပ်ဟာ လမ်းဆုံလမ်းခွတွေကနေ မည်းမည်းမြင် ပစ်ခတ်၊ တွေ့ရာလူ ဖမ်း ရိုက်နှက် သတ်ဖြတ်တာတွေ မြို့ပေါ်မှာ လုပ်နေပြီ ဖြစ်ပါတယ်။ အဆောက်အဦတွေ ရပ်ကွက်တွေ မီးတင်ရှို့တာ ဖျက်ဆီးတာတွေ လုပ်မလာဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ စစ်ကောင်စီ စစ်တပ်တွေ စစ်ခေါင်းဆောင်ငယ်တွေအတွက်ကတော့ ပြည်သူလူထုရင်ခွင် မခိုလှုံနိုင်ရင်တောင်မှ စစ်ကောင်စီအမိန့်ကိုမနာခံဘဲ စစ်တပ်ထဲကနေ နည်းလမ်းပေါင်းစုံသုံးပြီး လူထုကို ကာကွယ်ပေးနိုင်ဖို့ မိမိတို့ကိုယ်တိုင်လည်း မိမိရဲဘော်တွေကို သွေးတိုးစမ်း စည်းရုံးရမယ့်အချိန်ရောက်နေပြီ လို့ ဆိုကြပါတယ်။ စစ်တပ်ကတော့ လူတွေရှေ့မှာ သူတို့စစ်သားတွေရှေ့မှာ လူ ၁ ယောက် ၂ ယောက် သတ်ဖြတ်ပြလိုက်ရင် ကျန်သူတွေကို ကြောက်ပြီး နောက်ဆုတ်သွားအောင် ထိန်းထားနိုင်တယ်လို့ ယူဆနေတုန်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးက ဒီရေမြင့်လာတဲ့ အချိန် ရောက်လာပြီလို့ ခေါင်းစဉ်မှာ တပ်ထားပါတယ်။ ၇ လကျော်မှာ ဒီရေမမြင့်နိုင်သေးဘူးဆိုရင် ကျဖို့ပဲရှိတော့တယ် မဟုတ်လား။ အခုက တော်လှန်ရေးအရှိန်ဟာ အကျဘက်မှာ မဟုတ်သေးပါ။ အတက်မှာပဲ ရှိနေတာတော့ သေချာပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar