Breaking News

မိုးမခကဗျာ - စံ ညိမ်း ဦး "တောင်းရမ်းစားသောက်နေရတာ ငါ တယောက်ထဲလား "

မိုးမခကဗျာ
စက်တင်ဘာ ၁၉ ၊ ၂၀၂၁

"တောင်းရမ်းစားသောက်နေရတာ
ငါ တယောက်ထဲလား "
စံ ညိမ်း ဦး


အငြိုးတကြီး
ပိုက်စိပ်တိုက် တောမီးမှာ
ဘေးလွတ်ရာ ခုန်ကြရ။

အရှင်ဘုရား
ခြေဦးတည့်ရာ
အသိုက်မဲ့ 
ဒဏ်ရာရတောခွေးပေါက်တကောင်လို
တအီအီမြည်လို့
ဘယ်နှစ်ရက်ဘယ်နှစ်လလည်းမသိတော့ပါ။

ဆိုက်နေတဲ့အငတ်ဘေးမှာ
တပြားနှစ်ပြားပေမယ့်
မြေကမ္ဘာလောက်ကျယ်ပြောတဲ့မေတ္တာတရားနဲ့ 
သက်တံ့လို ရောက်ရှိလာသောများကို
ကြည်နူးရပါတယ်။

ကျနော့် ပြဿဒါးရက်စွဲများကို ဖွဖွပွေ့ကူ
အနွေးဓာတ်ပေးခဲ့သော လက်များ။

ကျနော့် အိပ်မက်တွေကို အကြင်နာအတိနဲ့
ဝင်ရောက် မက်ပေးခဲ့ကြသောလက်များ။

အဝေးက 'နွေဦးကြယ်နီ'ကို
ရောက်ရာအရပ်ကနေမှ
အတူတူငေးကြည့်နေမိလျက်သားရှိတဲ့
တမိုးအောက်အတူ ကြယ်ငေးသူတွေ။

'နေကောင်းရဲ့လား'ဆိုတဲ့
မက်စင်ဂျာတကြောင်းကလည်း
ဘရမ်းကြက်ပေါင်းရည်ပုလင်းလေးပါပဲ။

'ဂရုစိုက်နော်'ဆိုတဲ့ ဝါကျတကြောင်းကလည်း
အင်နာဗွန်စီဖြစ်လို့။

'ဘေးကင်းပါစေ' ဆုတောင်း စကားတခွန်းကလည်း
ဘုရားအားလုံးရဲ့ ဂရုဏာတော်လို။

ကိုယ့်ဒုက္ခကို အထုပ်ဖြေကြည့်တော့
ကိုယ့်ထက် ကြီးမားတဲ့
ဒုက္ခမီး ဝိုင်းခံထားရသူတွေနဲ့
အသက်ပါပေးလိုက်ရသူတွေအကြောင်းမှာ
ငါ့ ဒုက္ခကိုပြောရတာဟာဖြင့်
ကိုယ့်ဒုက္ခနဲ့ကိုယ်ဖြင့်
ရှက်ရွံ့မိပါတယ်။

*ငွေက လူစကားပြောလာတဲ့အခါ
လူက ခွေးစကား သင်ရ
ငါ့မှာ ခွေးစကား သင်ရ။

ဘာပဲဖြစ်ဖြစ်
တရားသောပြည်သူ့စစ်ဟာ နိုင်ပါစေ။
တရားသော ပြည်သူ့ဆန္ဒဟာ အောင်ပါစေ။

ခုဖြင့်
ကျေးဇူးတရားကို
ဘာသာစကားမျိုးစုံနဲ့မလုံလောက်လို့
ဘာသာတရားမျိုးစုံနဲ့မပြည့်စုံလို့
ကျနော်ပျောက်ပျက်ခဲ့ရင်တောင်
တော်ရုံမဆွေးမြည့်လွယ်တဲ့
အရိုးထဲမှာသိမ်းဆည်းထားခဲ့ပါတယ်။

ခေတ်ပျက်ပေမယ့်
အချစ်မပျက်ခဲ့သော ချစ်မိတ်ဆွေများခင်ဗျား
ပိုက်ဆံတောင်းပေမယ့်
အချစ်များပါ ပေးပို့ခဲ့ကြပုံမှာလည်း
ကျနော်မျက်ရည်စို့ရပါတယ်။

စံ ညိမ်း ဦး
၁၈၉၂၁
*(နေ့လယ်ခင်း အခွံ၊ ကဗျာ၊ ၂၀၀၄ မှ စာသား)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar