Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး 
၇ လ ၁၈ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၁

စစ်အာဏာသိမ်းမှုရဲ့ ၃၃ နှစ်မြောက် 
လွန်ခဲ့တဲ့ ၃၃ နှစ်တိတိက မိုးနှောင်းရာသီတခုရဲဲ့ ညနေခင်း မှောင်ရီပျိုးချိန်မှာ ကျနော်တို့အချင်းချင်းကြားထဲ သတင်းတပုဒ်ပျံ့နှံ့လာပါတယ်။ စစ်အာဏာသိမ်းလိုက်ပြီတဲ့ ဆိုတဲ့ သတင်းစကားဖြစ်ပါတယ်။ စက်တင်ဘာလလယ် ရောက်နေပေမယ့် အဲဒီနှစ်က မိုးကကောင်းနေဆဲဖြစ်ပြီး ညနေမှာမှောင်ရီပျိုးပြမှာ ကြားလိုက်ရတဲ့သတင်းက စိတ်ကိုလေးလံသွားစေပြီး ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ မျှော်လင့်ချက်တွေ ပျက်ပြယ်သွားပြီဆိုတာ သိလိုက်ရပါတယ်။ မြန်မာ့အသံရေဒီယိုကိုဖွင့်လိုက်ရင်ပဲ ဆက်တိုက်ထုတ်လွှင့်နေတာက စစ်ချီသီချင်းတွေချည်း ဖြစ်ပါတယ်။ 
စစ်တပ်ကို သွေးကြွအောင် စစ်ချီသီချင်းတွေ ထုတ်လွှင့်တာဖြစ်မယ်လို့ အခုနေပြန်တွေးကြည့်ပါတယ်။ သူငယ်ချင်းအချင်းချင်း အသိပေးဖို့ သူငယ်ချင်းတွေအိမ်ကိုလိုက်သွား စစ်အာဏာသိမ်းတဲ့ သတင်းပြောပြပြီး ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းက အချင်းချင်းအကြားမှာ ဘုံမေးခွန်းသဖွယ် ဖြစ်လာပါတယ်။ 

အဲဒီညက အတွေးထဲမှာ ဘာကြောင့် လူထုဆန္ဒကိုဆန့်ကျင်ပြီး စစ်အာဏာသိမ်းရတာလဲ ဒီလိုစစ်အာဏာသိမ်းပြီးနောက် ဘာဆက်ဖြစ်နိုင်လဲ၊​ ငါတို့ကရော ဘာလုပ်ကြမလဲဆိုတာမျိုး အတွေးတွေနဲ့ တညလုံး နိုးလိုက်အိပ်ပျော်လိုက် အတွေးပေါ်လာလိုက်နဲ့ မိုးလင်းခဲ့တဲ့ ညလို့ဆိုရမယ် ထင်ပါတယ်။
 
ဒါက လွန်ခဲ့တဲ့ ၃၃ နှစ် မိုးနှောင်းရာသီညနေခင်းနဲ့ ညတညရဲ့ပုံရိပ်ဖြစ်ပါတယ်။ အခု ၂၀၂၁ ခုဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုအပြီးမှာလည်း လူငယ်တွေထဲက အချို့ဟာ အခုလိုခံစားမှုမျိုးခံစားကောင်း ခံစားကြရပါလိမ့်မယ်။ ဟိုအချိန် ၈၈ စစ်အာဏာသိမ်းမှုက လူထုလှုပ်ရှားမှု တလခွဲနီးနီးကြာမြင့်ပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့တာမျိုး ဖြစ်ပြီး အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတာက အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှုက လအနည်းငယ်ကြာ ဖြစ်ပွားတာမျိုး ဖြစ်ပါတယ်။ ဖြစ်ပျက်ပုံအစီအစဥ်က ၈၈ နဲ့ ထပ်တူထပ်မျှတော့မဟုတ်ပါဘူး။ 

အဲဒီအချိန်က လူထုရဲ ဆန္ဒ၊ တိုင်းပြည်က လူများစုကြီးရဲ့ဆန္ဒကို လျစ်လျူရှုပြီး စစ်အာဏာသိမ်းလိုက်တာကို ဘယ်လိုမှလက်မခံနိုင်တဲ့ ခံစားမှုက လူငယ်တချို့ရဲ့ ရင်ထဲမှာ အပြည့်ဖြစ်နေခဲ့တာပါ။  စားလည်း ဒီစိတ် အိပ်လည်း ဒီစိတ်နဲ့ ဒီလိုစစ်အာဏာသိမ်းမှုကိုတော့ လမ်းပေါ်မှာ ဆန္ဒပြနေလို့ မရတော့ဘူး၊ လမ်းပေါ်မှာလည်း စစ်ကားတွေ သေနတ်ကို ေခါင်မိုးပေါ်တင်ပြီး လှည့်နေတဲ့မြင်ကွင်းနဲ့ နောက်ဆုံးနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေဆီထွက်သွားကြတဲ့ ဖြစ်စဥ်တွေ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ 
အဲဒီအချိန်က ဆက်သွယ်ရေး သတင်းမီဒီယာ နည်းပညာတွေက ခေတ်မမှီတော့ သတင်းအချက်အလက် တခုကို ပျံ့နှံ့ဖို့ရာ အတည်ပြုဖို့ရာ ရက်၊ သီတင်းပတ်နဲ့ချီကြာမြင့်ခဲ့တဲ့ေခတ် ဖြစ်ပါတယ်။ ကောလဟလ လည်းပျံ့နှံ့သလို ကောလဟလကိုလည်း ဟုတ်တယ် မဟုတ်ဘူး အတည်ပြုဖို့ ခက်ခဲတဲ့ခေတ် ဖြစ်ပါတယ်။ 

ခုတဖန် စစ်အာဏာသိမ်းတဲ့အခါမှာတော့ ဆက်သွယ်ရေး နည်းပညာက အများကြီးပြောင်းလဲတိုးတက်နေတဲ့ကာလဖြစ်လို့ သတင်းအချက်အလက်တွေက စက္ကန့် မိနစ် နာရီနဲ့အမျှ ပျံ့နှံ့ နေတဲ့ခေတ်ဖြစ်နေတာပါ။ 

၈၈ စစ်အာဏာသိမ်းမှုကို အာဏာသိမ်းတာမဟုတ်ဘူး ဦးနေဝင်းက လူလဲလှယ်ပြီး တာဝန်ပေးတာလို့လည်း အကဲဖြတ် ကောက်ချက်ချတာတွေ ရှိပါတယ်။ ၈၈ အရေးအခင်း မဖြစ်မီ လတွေအထိ ပေါ်ပေါ်ထင်ထင် အုပ်ချုပ်ခဲ့တဲ့ ဦးနေဝင်း၊ ၈၈ အရေးအခင်းမဖြစ်မီ တာဝန်ပေးအပ်ပြီး တာဝန်ယူခဲ့တဲ့ ဦးစိန်လွင်၊ အရေးအခင်းကာလအတွင်း သမ္မတတာဝန် လွှဲပြောင်းယူခဲ့တဲ့ ေဒါက်တာမောင်မောင် ၊ အာဏာသိမ်းပြီး တာဝန်ယူတဲ့ ဗိုလ်ချုပ်စောမောင် စတာတွေဟာ အားလုံး ဦးနေဝင်းရဲ့ တာဝန်ပေးချက် အတည်ပြုချက်တွေနဲ့ လုပ်တာတွေချည်း ဖြစ်သလို စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းချိန်မှာ အဲမတိုင်ခင် အုပ်ချုပ်တာဝန်ယူသူတွေ တဦးတယောက်မျှ ဖမ်းဆီးထိန်းသိမ်းခံရတာမရှိခဲ့လို့ လူလဲ တာဝန်ယူတာ အစိုးရပုံစံပြောင်းတာ နကိုကြားမှာ ဖွဲ့တဲ့အစိုးရကနေ စစ်အစိုးရအသွင်ပြောင်းပြီး ရွေးကောက်ပွဲ လုပ်ပေးပါမယ်ဆိုတဲ့ ကတိကဝတ်နဲ့ အခြေအနေကိုထိန်းတာလို့ အကဲဖြတ်ကောက်ချက်ချကြတာ ဖြစ်ပါတယ်။ 

၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်ဟာ စစ်အာဏာသိမ်းတာ ဟုတ်တယ် မဟုတ်ဘူးဆိုတာ သဘောကွဲလွဲကောင်း ကွဲလွဲပါလိမ့်မယ်  သို့ပေမယ့် သမိုငး်အလှည့်အပြောင်းတခု သင်ခန်းစာ၊ သမိုင်းမှတ်ကျောက်တင်စရာတွေ အများကြီးရှိခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ 
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတကြိမ်နဲ့တကြိမ်အကြား ၂၆ နှစ်၊ ၃၃ နှစ် စသဖြင့် ကြာမြင့်တတ်တာ တွေ့ရမယ်ဖြစ်ပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက်မှာ နောက်တကြိမ်က ၁၉၈၈ ဖြစ်ပါတယ်၊ နောက်တဖန် ၂၀၂၁ ခုနှစ် မှာ တတိယအကြိမ် စစ်အာဏာသိမ်းမှု ဖြစ်ပြန်ပါတယ်။ 

ခုတကြိမ် အာဏာသိမ်းမှုက ဒီမိုကရေစီ ပွင့်လင်းမှု အတိုင်းအတာတခုထိ ရှိပြီးနောက် စျေးကွက်စီးပွားရေးကို အတိုင်းအတာတခုထိ မိတ်ဆက် အခြေတည်ပြီးနောက် ဖြစ်ပွားတဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပါတယ်။ 

ဦးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်တပ်၊ ကြ့ံခိုင်ရေးပါတီရဲ့ စစ်တပ်ပုံစံ အုပ်ချုပ်ရေးမှ အရပ်သားလို့ ယူဆထင်မြင်ရစေမယ့် ဆုတ်ခွာရေး မဟာဗျူဟာ၊ အာဏာအချို့အဝက်ကို မျှဝေပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆန့်လာစေဖို့  မဟာဗျူဟာရဲ့ အခင်းအကျင်းက ၂၀၀၈ အခြေခံဥပဒေပေါ် တည်ပြီး ခင်းကျင်းတာဖြစ်ပါတယ်။ 

ဒီအခင်းအကျင်း ဒီမဟာဗျူဟာက ဆယ်စုနှစ် တခုအကြာမှာ မျှော်လင့်ထားတဲ့အတိုင်း ရှေ့မသွားနိုင်တော့ပဲ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်လာခဲ့တာလို့ ဆိုရပါမယ်။ 

နိုင်ငံရဲ့ နိုင်ငံရေးအာဏာကို စစ်တပ်က သိမ်းယူပြီးအစိုးရဖွဲ့ ပါတီဖွဲ့ အခြေခိုင်အောင် တည်ဆောက် နောက်တပြန် လူထုအုံကြွမှုတွေဖြစ် စစ်အာဏာသိမ်း၊ နောက်တဖန် အစိုးရဖွဲ့ အာဏာကို ဆယ်စုနှစ်နဲ့ချီ ထိန်းချုပ်ထား ပါတီထောင်၊ ရွေးကောက်ပွဲလုပ်၊ ရွေးကောက်ပွဲ ၃ ကြိမ်အပြီးမှာ ပြန်အာဏာသိမ်းနဲ့ မြန်မာ့နိုင်ငံရေးရဲ့ အတက်အကျတွေ  ဖြစ်ပျက်ခဲ့တာတွေ့ရပါလိမ့်မယ်။ 

ခုတကြိမ်မှာတော့ နွေဦးတော်လှန်ရေးလို့ နာမည်ပေးထားတဲ့ ေတာ်လှန်ရေးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ထူေထာင်နိုင်ရေးဖြစ်ပြီး ဒီအတွက် လက်နက်နဲ့ တိုက်ပွဲဝင်မယ်ဆိုတဲ့ မဟာဗျူဟာကို အများစုသော စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေက ချမှတ်ထားကြပါတယ်။ 

ဒီလိုဆိုလို့ ၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ အင်အားစုတွေက အထက်က ရည်ရွယ်ချက် ပန်းတိုင်မရှိဘူးဆိုတဲ့ သဘောမဟုတ်ပါဘူး။ ၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်ခဲ့တဲ့ တော်လှန်ရေး​အင်အားစုတွေလည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေးကို ပန်းတိုင်ထားသလို ဖက်ဒရယ် မူဝါဒကို လက်ခံယုံကြည်ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် လူထုအကြားထဲမှာတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံး အသံက မကျယ်လောင်ခဲ့သေးဘူးလို့ဆိုရမယ် ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar