မိုးမခကဗျာ - မစ္စတာဟွန်ဒါ "ပွင့်ဖော်ပွင့်ဖတ်"
မစ္စတာဟွန်ဒါ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၁
ထမင်းချိုင့်ဆိုတာထမင်းထည့်ရတာဖြစ်ပြီး
ဟင်းဆိုတာ လမ်းဘေးက ပဲဟင်း ၅၀ ဖိုးပါပဲ
လှိုင်သာယာက
အထည်ချုပ်သမလေး
လမ်းတခါဖြတ်ကူးဖို့
လူတွေအများကြီးစုခဲ့ရတယ်တဲ့
တကယ့်အဖြစ်အပျက်ဆိုတာ
နွမ်းအိအိမီးရောင်တွေကို
တဂျူန်းဂျူန်းချုပ်ရင်း
ထားခဲ့ရတဲ့ ဧရာဝတီ အမေနဲ့
မောင်လေး ညီမလေးတွေပါပဲ
အမေနေကောင်းလား
သမီးကြယ်သီးပေါက်တွေဖောက်နေတယ်အမေ
တနေ့
မောင်လေးညီမလေးတွေ
သမီးဖောက်လိုက်တဲ့ကြယ်သီးပေါက်ကလေးတွေမှာ
သူတို့ကြယ်သီးလေးတွေတပ်ထားနိုင်ပါစေအမေ
သမီးပြန်လာဦးမယ်အမေ
အိမ်ပြန်တယ်ဆိုတာ အလည်သွားရသလိုပါပဲ အမေရယ်
အရှိန်ပြင်းပြင်းကားကြီးတွေက
သမီးတို့ကိုရပ်မပေးကြပါဘူး
တခါတခါ
အဲဒီအတွေးကိုလဲ
သမီးကြယ်သီးပေါက်တွေထဲထည့်ချုပ်မိတယ်
ထမင်းချိုင့်ထဲကဇွန်းသံတွေ
တချလွင်လွင်နဲ့ သမီးတို့
ကားလမ်းပေါ်နေ့တိုင်းပြေးနေရတုန်းပါပဲ
တကယ့်အဖြစ်အပျက်တွေထဲမှာ
သမီးဟာကြယ်သီးပေါက်ဖောက်သူဖြစ်ပြီး
သမီးသိတာက
တည့်တည့်သွားရင် "ည" ရောက်မယ်
ဒီလောက်ပါပဲ အမေ
ဥပမာ
ဘုရားသခင်က ကြယ်သီးတွေကိုမတီထွင်ခဲ့ဘူး။
၂၁စက်တင်ပါ၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar