Breaking News

ထွန်းဝေမြင့် - လမ်းတလျှောက်

လမ်းတလျှောက်
ထွန်းဝေမြင့်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၁

          ညနေဘက် ဈေးဝယ်ထွက်တော့ ကုန်စုံဆိုင်ထဲမဝင်မီ ကိုယ့်အိပ်ထဲက ပိုက်ဆံလည်း ထုတ်ကြည့်ရပါသေးတယ်။
ပိုက်ဆံမလောက်ဘဲဖြစ်နေမှာစိုးလို့ထုတ်ကြည့်နေတုန်း ကိုယ့်အနား မိန်းမတယောက်ကပ်လာပြီး ...

"ဆရာကြီး ကျမ ထမင်းမစားရသေးလို့ ကူညီပါရှင်" တဲ့။

သူ့ကြည့်ရတာ တောင်းရမ်းစားသောက်သူ ဟုတ်ပုံမရပါဘူး။

အဝတ်အထည်ကတော့ နွမ်းနွမ်းဖတ်ဖတ်ပါပဲ။ ကျောပိုးအိပ်ပြီးလည်းလွယ်လို့၊ ပိုက်ဆံ နည်းနည်းပါးပါး ထုတ်ပေးလိုက်ပါတယ်။
    ဈေးဝယ်ပြီး နာရီဓာတ်ခဲထည့်ဖို့ နာရီဆိုင်သွားတော့ ဆိုင်ကပိတ်ထားပါတယ်။ သူ့ဆိုင်ရှေ့မှာတော့ အိမ်ခြေမဲ့ မိသားစု နေရာယူထားပါလား။ မိန်းမက လဲ လျောင်းရင်း ကလေးနို့တိုက်နေရဲ့။ ငါးနှစ်ရွယ်ကလေးက စက်ဘီးအဟောင်းလေးစီးလို့၊ အိပ်တွေ ကလေးကစားစရာတွေလည်းတွေ့ရတော့ ခုမှ လမ်းပေါ်လွင့်လာတဲ့မိသားစုဖြစ်ပုံရတယ်။

         နာရီပြင်ဆရာနဲ့လမ်းပေါ်တွေ့တော့ "မင်းဆိုင်မှာ ဧည့်သည်တော်တွေ ရောက်နေတယ်လို့ နောက်ပြောင်ပြီးပြောမိပါတယ်။
နာရီပြင်ဆရာက ကဗျာဆန်နေပြန်တယ်။

"အကိုရေ...ဆိုင်မဖွင့်နိုင်ဘူးဗျာ...ကျတော်ကိုယ်တိုင် ဘဝနာရီ ပျက်နေပြီ" တဲ့။

ပလက်ဖောင်းပေါ်မှာ သီချင်းသီလူငယ်တဦး ဂစ်တာတီးပြီး ဖျော်ဖြေနေတယ်။ သူလည်း စင်ပေါ်မှာသီဆိုချင်ပါလိမ့်မယ်။ ခုတော့ ပလက်ဖောင်းပေါ်မှာပဲ ဖျော်ဖြေနေရရှာတယ်။
လမ်းထဲမှာလည်း မိသားစုလိုက် အရပ်လှည့်တောင်းရမ်းနေသူတွေ ရှိနေတယ်။

FB မှာ ကဗျာဆရာ အိမ်အိုညီက ကဗျာတပုဒ်တင်ထားတယ်။
"တောင်းရမ်းစားနေရတာ ငါတယောက်တည်းလား"တဲ့။
အိမ်အိုညီရေ...ငါတို့တွေလည်း သီချင်းသည်လေးလို ပလက်ဖောင်းပေါ်ထွက်ပြီး ကဗျာရွတ်မှ ဖြစ်တော့မယ်ထင်ပါရဲ့။
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar