Breaking News

မိုးမခကဗျာ - စိုးရိမ် ၊ မင်းငြိမ်းအေး၊ မိုးခါး ...တို့၏ ကဗျာများ

Art - Than Htay Maung
မိုးမခကဗျာ
စက်တင်ဘာ ၅၊ ၂၀၂၁

ပန်းခူးတေး
စိုးရိမ်

အားလုံးက
အရောင်အသွေးတူနေရင်တော့
ခွဲလို့ခြားလို့မရတော့ဘူးပေါ့
အေးနေတဲ့ တစ်ယောက်လက်ကို
တစ်ယောက်ကဆုပ်ကိုင်ပြီး
ငါတို့နွေးထွေးကြမယ်လေ
မကြာတော့ပါဘူး
ငရဲလိုအမှောင်အတိ
အသံတွေဆူပွက်နေတဲ့ကြားက
အလင်းပျပျနဲ့ဂူဝကို လှမ်းမြင်နေရပြီ။

...

အုတ်ဂူဖောက်ခြင်း
မင်းငြိမ်းအေး

အလွမ်းပြေပေါ့
အုတ်ဂူတွေဖောက်လိုက်တယ်
​ဇော်ဂျီ
မင်းသုဝဏ်
​ဒေါက်တာမောင်ဖြူး
ငွေတာရီ
ဒဂုန်တာရာ
ဖော်ဝေး
မောင်ချောနွယ်
မောင်သင်းခိုင်
မောင်လူမှိန်
လှသန်း
လူအိမ်
အောင်ချိမ့်
လင်းမိုးစွေ
ခက်သီ
လူဇော်သစ်
အုတ်ဂူကိုဖောက်ရင်
အလောင်းပဲရမှာပေါ့
ကဗျာကိုရအောင်ဖောက်
သားကြီး
မမိုက်နဲ့
တော်လှန်ကဗျာဆိုတာ
ကဗျာ၊သုတ်သွေးရှိမှ
ရဲတာကွ။
...

*လက်ဖက်ရည်ဆိုင်*
မိုးခါး

ကိုယ့်ရှေ့က ဖြတ်သွားသူတိုင်းတွက်
သံဝေဂ ရချင်တယ်
တရား
ရှိမြဲတိုင်း မြဲပါစေ
ဖုန်းလိုင်းမရှင်းလည်း
ချစ်ခြင်းဖွဲ့သီထားသည့် အလွမ်းမှာ
ကျစိမ့်တခွက်မှာမိတာလည်း မမှားဘူး
သတင်း တိကျပစေ
သီချင်း နားစိုက်ပါလေ
အမိုးစွန်းနဲ့ မလွတ်တဲ့ ဦးခေါင်းအကြောင်းစဥ်းစားတော့
စကားလုံးက ပန်းလိုပွင့်လာ
မတည်ငြိမ်တဲ့ ဘဝကိုစွန့်လွှတ်စေဖို့
လိပ်စာ အတိကျရှာကြည့်မိအောင် ရူးရတယ်
တဒင်္ဂ ပျော်ရွှင်ခြင်းမှာ ကျောက်ချလို့
အတိတ်မှာ တစ္ဆေခြောက်ခံရဖူးတယ်
အနာဂတ်မှာ လမ်းရှာမတွေ့သေးတော့
ဆာလောင်မှုတွေ ဆိုက်ရောက်လာတိုင်း
ငြိမ်းချမ်းခြင်းပေါ် ဆင်ခြင်မိတဲ့ အသိက
မောရတယ်။        ။ 

4.9.2021
(မောင်ရင်စစ် လွမ်းရတဲ့ ကဖေးသို့)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar