Breaking News

မိုးမခအမှတ်တရ- စံ ညိမ်း ဦး " ကတ္ထီပါလက်အိတ်စွပ်သံလက်သီး"

မိုးမခအမှတ်တရ
စက်တင်ဘာ ၅၊ ၂၀၂၁

" ကတ္ထီပါလက်အိတ်စွပ်သံလက်သီး"
စံ ညိမ်း ဦး
(၁)

သူငယ်ချင်း ကဗျာဆရာ ခက်သီကျဆုံးတော့ ဆရာဒဂုန် တာရာရဲ့သခင်ဗဟိန်းနဲ့ပတ်သက်တဲ့အရေးအသားမှာ ကတ္ထီပါလက်အိတ်စွပ်ထားတဲ့ သံလက်သီးဆိုတဲ့အဖွဲ့အနွဲ့ကို အတိအကျပြေးသတိရမိပါတယ်။
ခက်သီရော ကျနော်ရောဟာ ဆရာဒဂုန်တာရာကို လေးစားနှစ်သက်ကြရာမှာ သဘောထားညီကြတာမို့ ဒီအဖွဲ့အနွဲ့ကို သူ့အတွက် ပြန်လည်ကိုးကားတာကို အားနာတတ်တဲ့သူ့ပုံစံအတိုင်းနဲ့ သူငြင်းဆန်မယ်လား သတိရမိပါတယ်။
တကယ်တော့ ခက်သီဟာ ကိုဗဟိန်းလောက်မနူးညံ့လှပေမယ့် မဆိုင်ပေမယ့် ကဗျာအနုပညာသမားတယောက်အနေနဲ့တော့ ကတ္ထီပါဆန်တယ်လို့ ခံစားမိပါတယ်။ ကိုဗဟိန်းဟာ လက်နက်ကိုင်တော်လှန်ရေးအတွက် တောင်ငူဘက်မှာ ရဲခေါင်ပြောက်ကြားအဖြစ် ကာဘိုင်ကိုလွယ်ခဲ့သလို ခက်သီဟာ နွေဦးတော်လှန်ရေးအတွက် တူမီးကိုထမ်းခဲ့တဲ့ ပြောက်ကျားခေါင်းဆောင်တယောက်ဖြစ်ပါတယ်။

ဟံသာဝတီဦးဝင်းတင်ပြောခဲ့သလို လူငယ်တယောက်ဟာ လက်ဝဲစိတ်ဓာတ်မရှိရင်သုံးစားလို့မရဘူးဆိုတဲ့စကားကို ပြေးသတိရစရာက ပုလဲသား ခက်သီဟာ လက်ဝဲစိတ်ဓာတ်ယှက်သန်းသူ လူငယ်တယောက်ဖြစ်ပါတယ်။
တိုက်ပွဲအစောပိုင်းမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်ကဗျာဆရာ ကေဇဝင်းဟာလည်း ထိုထိုစိတ်ဓာတ် အားကြီးသူဖြစ်ပါတယ်။ ခက်သီဟာ ဗကပထက် အလံနီဆန်မှုကို ပိုမိုအားသန်ကြောင်း၊သူ့ကိုယ်သူ ထင်ကြောင်း၊ သူကိုယ်တိုင် တခုတ်တရ ထုတ်ဖော်ရင်ဖွင့်ဖူးတာကိုလည်း အမှတ်တရဖြစ်ရပါတယ်။ သူ့အဘိုးကလည်း အလံနီရဲဘော်တဦးလို့လည်း ပြောခဲ့ဖူးပါတယ်။
သူတို့တွေကျဆုံးတော့ ချစ်သော ကဗျာဆရာတွေ၊ အနောက်မြောက်လွင်ပြင်ဒေသ၊ ဂုဏ်ပြောင်သော ချင်းတွင်းရေဆန် သူရဲကောင်းများရယ်လို့ နာကျင်စွာ ခံစားရပါတယ်။

(၂)

၂၀၂၁ မေ၁၀ ဆရာဒဂုန်တာရာ ၁၀၂ နှစ်ပြည့်မွေးနေ့မတိုင်ခင် မေ ၈ ရက်ည ဖမ်းဆီးခံခဲ့ရပြီး မေ ၉ မှာခက်သီ ကြွေလွင့်ခဲ့တယ်လို့ဆိုရမှာပါ။

"သူတို့က ခေါင်းကိုပစ်တယ်။ တော်လှန်ရေးကနှလုံးသားထဲမှာရှိတာ သူတို့မသိကြဘူး'' (ခက်သီ)တဲ့ ရေးခဲ့၊ ပြောခဲ့။ နိမိတ်လိုလို ခံစားရပါတယ်။ အဲ့ဒီရက်များမှာ ဘွိုင်းကောက်တားတွေအဖို့ ခေါင်းတွေချည်းအပစ်ခံ ကျဆုံးမှုတွေများနေချိန် သူ ရေးခဲ့တာဖြစ်ပါတယ်။

ရွှေဘိုကအိမ်မှာနေထိုင်စဉ် အကြမ်းဖက်စကစရဲ့လက်နက်ကိုင်အုပ်စုက ညဘက် ၉ နာရီလောက်မှာဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့ နေ့ဘက်လောက်မှာ သေဆုံးသတင်းကြားကြရတာမို့ ဖမ်းဆီးအပြီး၂၄ နာရီမပြည့်ခင်မှာဘဲ အသက်ဆုံးခဲ့ရတယ်လို့ ယူဆရပါတယ်။ မုံရွာဆေးရုံရင်ခွဲရုံကနေ အလောင်းထုတ်ရပါတယ်။ အလောင်းပြန်ရဖို့ကို အတူဖမ်းဆီးခံခဲ့ရသူ ခက်သီရဲ့ဇနီးက မနည်းတောင်းယူခဲ့ရတယ်လို့ ကြားကြရပါတယ်။

မေလအစောပိုင်းမှာ တော်လှန်ရေးရဲဘော် ခက်သီနဲ့ဖုန်းပြောရင်း ဆရာဒဂုန်တာရာမွေးနေ့ကိုရောက်တဲ့နေရာနဲ့ ရတဲ့အခြေအနေကြားမှာ အကျဉ်းချုံးပြီး တခုခုလုပ်ကြရင်ကောင်းမလားလို့ ပြောမိတယ်။ မွေးနေ့ကနေ ကမ်ပိန်းတခုခု ထုတ်ဖော်ရင်ကောင်းမလားဆိုတော့ ''ငါတော့မလုပ်ချင်ဘူးကွာ၊ ဆရာ့သတိမရ၊ မလေးစားလို့မဟုတ်ပါဘူး၊ ငါလုပ်နေတာက အေအက်စ်လိုင်း (လက်နက် ကိုင်လမ်းစဉ်)၊ ဆရာက ငြိမ်းချမ်းရေးသမားလေ...အားနာလို့ပါတဲ့။ ကျနော်က ''ငါ့အမြင်ကတော့ ဆရာက အေအက်စ်ကို လုံးဝကြီးဆန့်ကျင်သူတော့မဟုတ်ပါဘူးဟ၊ သူ့တဦးတည်းခံစားချက်အရ သူမလိုက်ပါနိုင်တာကိုပဲ ပြောတာလို့ ထင်မိကြောင်း'' ပြောမိတယ်။

ဒီလိုနဲ့ သူလည်း ကျဆုံး၊ ကျနော်လည်း လေနှင်ရာသစ်ရွက်လိုလွင့်၊ မေ၁ဝနေ့မှာဖြင့် တိတိကျကျကြီး ခက်သီကို ပူနွေးအောက်မေ့ ပိုမိုရပါတယ်။

"တော်လှန်ရေးမှာ
မင်း ဘာလုပ်နေလဲ လူမသိစေနဲ့
မင်း ဘယ်ရောက်နေလဲ လူမသိစေနဲ့
ထိရောက်တဲ့စွမ်းဆောင်ရည်လုပ်ပြီး
မင်းကျဆုံးမှ လူသိပါစေ''
(ဟိုချီမင်း)

ရဲဘော်ကဗျာဆရာတွေလုပ်နေတဲ့ 'ဗဟိန်းသွေး ' စာစောင်မှာ ဟိုချီမင်းစကားကိုဖတ်ရတော့ ခက်သီကိုပဲ ပြေးမြင်ပါတယ်။ နွေဦးတော်လှန်ရေးမှာ သူ ဘာလုပ်နေလဲ၊ ဘယ်ရောက်နေလဲဆိုတာ သူ့ရဲဘော်တချို့ကလွဲရင် အတိအကျသိသူနည်းမယ်ထင်ပါတယ်။ ရဲဘော်ကဗျာဆရာ ကေဇဝင်း ကျဆုံးစျာပနအခမ်းအနားနဲ့ အစောပိုင်း သပိတ်မှောက်ဆန္ဒပြပွဲတွေမှာ သူ့ပုံရိပ်ကိုမြင်ကြရပေမယ့် နောက်ပိုင်းမှာ ငုပ်လျှိုးသွားခဲ့ပါတယ်။ သူ့ ဒေသလက်နက်ကိုင်ပြောက်ကျားတိုက်ပွဲများအတွက် ပြင်ဆင်အားထုတ်နေခဲ့တာကို သူ့ဖုန်းကတဆင့် သိနေခဲ့ရပါတယ်။

သူ့လုပ်ဖော်ကိုင်ဖက်များနဲ့ ရဲဘော် မိတ်ဆွေအနည်းငယ်ကသာ သူ့အလုပ်ကို သိကြမှာပါ။ ခုဒီအရေးအသားအတွင်း အချို့ကိုဖော်ပြရတာမှာ အင်မတန် ချိန်ဆ ခက်ခဲပါတယ်။ တော်လှန်ရေးမပြီးဆုံးသေးတာမို့ တချို့အကြောင်းအရာများကိုမရေးသင့်မှန်းသိပေမယ့် သူ့ဂုဏ်ရောင်ကို တထောင့်တနေရာကနေ အမှတ်တရ ရေးထိုးလိုတာကြောင့်လည်းကောင်း၊ ပူဆွေးသတိရမှုကြောင့်လည်းကောင်း၊ ဒါ့အပြင် ကျနော်တို့မျက်မှောက်ခေတ်ကာလကြီးဟာ ဘာမှမသေချာ၊ ကျနော်ကိုယ်တိုင်သည်လည်း မသေချာသောနက်ဖြန်များနဲ့လို့ ယူဆတာမို့ ကလောင်စီးမိခြင်းဖြစ်ပါတယ်။

သူ ကျတဲ့အကြောင်း
သတင်းကြားရပြီးတဲ့နောက်
"ခက်သီ
ပြည်သူတွေလွတ်မြောက်ရေးအတွက်
ခက်တဲ့အမှန်တရားကိုမှ
အသက်သွေးပေးပြီး သီဖို့
မင်းရောက်လာခဲ့လေသလား သူငယ်ချင်းရာ'' လို့
ကျနော် ဝမ်းနည်းစွာ ရေရွတ်နေမိပါတယ်။
နွေဦးအရေးတော်ပုံရဲ့ တပ်သားကြီး၊ လက်နက် ကိုင် တော်လှန်ရေးကို သိုသိပ်စွာလုံ့လစိုက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ပေးသွားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး ​ပြည်သူ့လွတ်မြောက်ရေးရဲ့တပ်မှူးကြီးအဖြစ် သူငယ်ချင်းကို အလေးအနက် အလေးပြုအပ်ပါတယ်။ မျက်ရည်ကျရပါတယ်။

(၃)

"ဓါးမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စ
ဓါးဆွဲပီးပြန်လည်ခုခံရမှာကို
ကြောက်စရာလို့ထင်နေရင်လည်း
ဒီလူမျိုးဟာ
ကျွန်ဘဝနဲ့ပဲ ထိုက်တန်တယ်လို့
ရာဇဝင်က အဆုံးအဖြတ်ပေးပါလိမ့်မယ်''
(ဗန်းမော်တင်အောင်)

သူရော ကျနော်ရောနဲ့ခင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးပဇင်းကြီးက သူ AS လိုင်းရွေးတာကို စောင့်ဖို့ စောနေသေးတယ်ထင်ကြောင်းပြောတော့ သူကငြင်းဆန်ခဲ့တယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းထုတ် ဖော်​နေကြတုန်းအချိန်မှာပင် '' ငါ အေအက်စ်လိုင်းကိုပဲ လုပ်တော့မယ်၊ ဒီကောင်တွေက သပိတ်မှောက်ရုံနဲ့မရဘူးလို့ ငါယူဆလို့ သူငယ်ချင်း''လို့ ဖုန်းဆက်တယ်။ ဘာကြောင့်ရယ်မသိရဘဲ စစ်အုပ်စုရဲ့စီးနင်းရှာဖွေလာမှုကြောင့် ကျနော်လည်း တနေရာပြီးတနေရာ လွတ်ကြောင်းရှာတိမ်းရှောင်နေဆဲအချိန်ဖြစ်ပါတယ်။ ''သတိထားလုပ်ဖို့နဲ့ နောက်ဆုံးမှာ ဒါပဲရွေးချယ်စရာရှိလာမှာဖြစ်ပြီး၊ သူငယ်ချင်း အယူအဆ ငြင်းဖို့မရှိ'' ရယ်လို့ပဲ အားပေးဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ သူအလုပ်တွေ တရစပ်လုပ်နေတာကို မှန်းဆနားလည်နေခဲ့မိပါတယ်။ ဂျီဇက်များကိုယုံကြည်ချစ်ခင်လေးစားပြီး ပြည်သူများနဲ့အတူရုန်းခဲ့တဲ့ခက်သီဟာ စစ်အုပ်စုဖြုတ်ချဖို့ရာမှာ လက်နက်ကိုင်လမ်းစဉ်မှတပါး အခြားမမြင်လို့ ဆုံးဖြတ်ဟန်တူပါတယ်။ သပိတ်ကာလထဲ အစောကြီးကတည်းကပဲ ဆောင်ရွက်နိုင်ရန် ကြိုးစားသူတဦးလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း သူ့ကို အငြိုးတကြီးနဲ့ အသက်ပါ ခြွေကြပုံရပါတယ်။

ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊အမျိုးသားလွတ်မြောက်ရေး၊ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲစဉ်တလျှောက် လက်နက်ကိုင်လမ်းစဉ်ရဲ့ အခန်းကဏ္ဍဟာ ကြီးကျယ်ဂုဏ်ပြောင်ခဲ့တာကို အမှတ်ရဖို့ရှိပါတယ်။

၄။

ကျားကို ကောက်ရိုးနဲ့ချောက်လို့မရတာမို့ သေနတ်နဲ့ပစ်ကြရပါတယ်။ ခက်သီဟာလည်း ကျားဆိုးကို ကောက်ရိုးနဲ့ချောက်ရုံသက်သက် စိတ်မရှိခဲ့ပါဘူး။

"ဒီတောင်ရိုး ကျားဆိုးပေါရဲ့
မောင့်အချစ် မျှစ်ချိုးလိုက်ခဲ့''

သူပြောတဲ့ ''ငါ့မိန်းမ ချောစုက ငါ့အနွံနာသိပ်ခံတာ၊ အရက်သောက်တာတခုပဲ သူက တားတာ၊ တကယ်တော့ ငါ့ရဲဘော်ကွ'' ဆိုတဲ့ ပါရမီဖြည့်ဘက် ခက်သီဇနီးကိုပါ ခက်သီကြိုက်တဲ့ဆရာကြည်အောင်ရဲ့''သစ္စာတိုင်'' ကဗျာလေးနဲ့အတူ သတိရမိပါတယ်။

ခက်သီဟာ ခန္ဓာကိုယ်အရပ်အမောင်း ကြံခိုင်ထူထဲမြင့်မားပြီး ကြီးမားတဲ့မျက်နှာကြီးမှာ လူနဲ့မလိုက်တဲ့ နူးညံသိမ်မွေ့မှုတွေရှိပါတယ်။ ''ကဗျာဆရာဆိုပေမယ့် ငါက ကဗျာသာရေးတာ အနုပညာအားနည်းတယ် ငါ့သူငယ်ချင်းရ၊ စိတ်ကခတ်ထန်နေတာများတာ'' လို့ သူ့ကိုယ်သူဝေဖန်ပြရဲခဲ့သူ​ပါ။ "ဖြစ်ရလေ ငါဖြင့် မင်းကဗျာတွေ မဂ္ဂဇင်းမပါခင် အပြင်မှာ စဖတ်ရကတည်းက သဘောကျတာ၊ ဖွဲ့ပုံတွေအများနဲ့မတူသလို စကားလုံးတွေ၊ အတွေးတွေပါ ထူးခြားလို့ဟ'' ဆိုတော့ ''တကယ်လားဟတဲ့ မင်းကပြောတော့ ငါပျော်တယ်'' တဲ့၊ သူ့ ဆယ်ပြားစေ့လိုမျက်နှာကြီးနဲ့ကလေးတယောက်လို ပြောတယ်။

သတိထပ်ရစရာက ကွယ်လွန်သူ ကိုမော်မင်းသန်းက ခက်သီကို ချစ်စနိုးနဲ့ပေးတဲ့ နာမည်ပြောင်ကိုပါ။ ဆယ်ပြားစေ့မျက်နှာနဲ့ကဗျာဆရာတဲ့လေ။ ပျော်တတ်တဲ့အရွှင်ဓာတ်ရှိတဲ့ ကိုမော်မင်းသန်းကိုပါ လွမ်းရပါတယ်။ ခက်သီဟာ ခါတရံ ခေါင်းမာတာ၊ ဂလန့်တိုက်ချင်တာကလည်း သူ့သဘာဝတခုလို့ဆိုစရာဖြစ်ပါတယ်။

သူ ဂျီတီအိုင်ကျောင်းဆင်းတော့ နယ်စပ်စည်ပင်မှာ အင်ဂျင်နီယာဝင်လုပ်ခဲ့ပါသေးတယ်။ ကျနော်နဲ့တနှစ်ကြီး တနှစ်ငယ်ဖြစ်ကြပြီး ဂျီတီအိုင်တက်ကြတာချင်းလည်းတူကြတယ်။ သူက ၇၇၊ ကျနော်က ၇၆ မွေး။ ဆရာနေဝင်းမြင့်တို့ စာပေမောင်နှံအပေါ် ချစ်ခင်လေးစားကြတာချင်းလည်း မဝေးကြတာကို မကျဆုံးခင်လများထဲ ပြောဖြစ်ကြတယ်။

ခက်သီဟာ မသိရင်စောင့်ကြွားကြွားမျက်နှာပေးနဲ့ အမြင်ကတ်တတ်ကြပေမယ့် ခင်သွားတဲ့အခါမှ သူ့ရဲ့လူနဲ့မလိုက်တဲ့ အတွေးတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ပျော့ပြောင်းမှုကိုသိပြီး ပိုမို ခင်မင်သွားကြတာများပါတယ်။

ခက်သီကျဆုံးတော့ ကြည်ဇော်အေးနဲ့ဖုန်းဆက်ဖြစ်ပြီး ကေဇဝင်းပြီးတော့ ခက်သီကိုပါဆုံးရှုံးလိုက်ကြရတာကို အက်ကွဲစွာ ပြောဖြစ်ကြပါတယ်။ ခက်သီနဲ့ ကြည်ဇော်အေးတို့မတည့်ကြတဲ့ သူငယ်ချင်းတွေအဖြစ်သိနေပေမယ့် တကယ်တမ်းကျ အကြောင်းရင်းမယ်မယ်ရရမရှိဘဲ နွဲ့ဆိုးနေကြသလိုကြီးပါ။

ခက်သီမဆုံးခင်ရက်များမှာကို ''ငါက ငကြည့်ကို စလို့ကောင်းလို့ကို စနေတာ၊ ကျီစယ်နေတာကွ၊ ငကြည်က မကြိုက်ဘူးရယ်၊ ငါကလည်း သူ မကြိုက်မှန်းသိသိနဲ့ကို အကျင့်ပါပြီးစနောက်နေမိတာ'' လို့ သူ့လေအတိုင်းပြောသေးတာ။ ကျနော်က သူငယ်ချင်းနှစ်ယောက်လုံးကို ချစ်တာမို့ ပြန်တည့်အောင် ကြားကနေစေ့စပ်ကြံဆဖြစ်တာ ကြာပါပြီ။ ခုတော့ ကြည်ဇော်အေးလည်း ငိုင်ရပါတယ်။
တခါသားတော့ ''မသေခင်ချစ်ချစ်ခင်ခင်နေနိုင်ကြရင် အကောင်းဆုံးပဲ''လို့ စိတ်လိုလက်ရနဲ့ ခက်သီပြောဖူးတာကိုပါ အောက် မေ့စရာဖြစ်ရပါတယ်။

၅။

ခက်သီကိုပူနွေးစွာ မြင်ယောင်ရင်း ကိုသစ်ငြိမ်းကိုသတိရတယ်၊ ကိုသစ်ကောင်းအိမ်ကိုသတိရတယ်။ ကိုလှသန်းနဲ့ မချောကိုသတိရတယ်။ ကိုအောင်ဘညိုနဲ့ ကိုလူအိမ်ကို သတိရတယ်။ ကိုနိုး၊ ဟိန်းမြတ်ဇော်၊ ခင်ဇော်မြင့်တို့ကို သတိရတယ်။ ကိုသန်းထွန်း၊ ကြည်ဇော်အေးနဲ့ မောင်ပေတို့ကို သတိရတယ်။ ထွန်းကို၊ ညီညီလှိုင်ဦး၊ မင်းငြိမ်းချမ်း၊ ကေဇဝင်း၊ လင်းမိုးစွေ၊ နောင်နောင်တို့ကို သတိရတယ်။ မလွင်ကိုလည်း သတိရမိတယ်။

၉၀ ခုနှစ်များရဲ့ကျနော်တို့မျိုးဆက်များရဲ့ပင်လယ်ဟာ လှိုင်းကြီး၊ မိုးကြီး၊ မုန်တိုင်းကြီး၊ ဂယက်ကြီး ခတ်ထန်လှပါတယ်။ ကျနော်တို့ ရောက်လာခဲ့ကြပါတယ်။ ကျနော်တို့ ပြန်သွားခဲ့ကြရပါတယ်။ တယောက်ပြီး တယောက် ပြန်နေကြရပါတယ်။ အိမ်ကိုပြန်သလို ဘဝတခုဆီ ပြန်သွားကြရပါတယ်။

ဒီနှစ်ဆိုးကြီးဟာ ကျနော်တို့ကဗျာတွေအဖို့လည်း အကြွေများလှတဲ့နှစ်ပဲလား၊ ဒုက္ခကြီးလှတဲ့နေ့ရက်များပေလား။ ရာဇဝင်ရေးမှာ နောက်မတွန့်ကြသူတွေအဖြစ် နိုင်ငံတနံတလျားက ကဗျာဆရာတွေဟာလည်း ရှေ့တန်းမှာ ဝံ့စားခဲ့ကြပါတယ်လို့လည်း ဆင်ခြင်မိပါတယ်။

ကြွေလွင့်ခြင်းမှာ ကေဇဝင်း၊ သက်ငြိမ်သစ်၊ မောင်ခင်မှိုင်း(ချောက်)၊ လွိုင်လွမ်း၊ ခက်သီ။ 

အကျဉ်းထောင်တွေထဲမှာ ယောနသံ၊ မောင်ယုပိုင်၊ မိုးဦးဆွေညိန်း(ယခု လွတ်မြောက်ပြီး၊) ပိုင်သစ်နွယ်( ယခုလွတ်မြောက်ပြီး)၊ ဟံလင်း(ယခု လွတ်မြောက်)၊ သန်းတင့်(ယခု လွတ်မြောက်ပြီး) စသဖြင့် ...ပြီးတော့ ပင်ပန်းလှတဲ့ဝရမ်းပြေးကဗျာဆရာအဖြစ်တွေရော၊ တိုက်ပွဲတွေ၊ တော်လှန်ရေးတွေထဲမှာရော၊လွတ်မြောက်နယ်မြေဆီ တိုင်းပြည်စစ်ကျွန်ဘဝလွတ်ရေးအတွက် အဆင်းရဲခံရုန်းကန်မှုတွေထဲမှာရော၊ ကဗျာတွေ၊ ကျနော်တို့ရဲ့ကဗျာတွေ။

၆။

ရှင်သန်ခြင်းရှင်းတမ်း
-----------------------
သူရဲကောင်းလည်း မဖြစ်ချင်ဘူး
အာဇာနည်လည်းမဖြစ်ချင်ဘူး
ပျော့ညံ့သွေးကြောင်သူလည်း မဖြစ်ချင်ဘူး ။

မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး
တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး
ကိုယ့်ကိုယ်ကို ပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး ။

လျှာဖြတ်ခံရတဲ့ပြောရေးဆိုခွင့်ကို ကြုံဖူးတယ်
အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေ နေဖူးတယ်
သားကြောဖြတ်ခံရတဲ့ နေရက်တွေနဲ့ ရှင်သန်ဖူးတယ်
ငါတို့ ငရဲကို ငါတို့နဲ့ပဲ အဆုံးသတ်ချင်တယ် ။

ရေပေါ်ဆီ နိုင်ငံရေးသမားမဖြစ်ချင်ဘူး
စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး
အဓမ္မဝါဒကို ထောက်ခံတဲ့လူတယောက်မဖြစ်ချင်ဘူး ။

ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင်
အဲ့ဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ် ။     ။

ခက်သီ
14.2.2021

၇။

တညသား ခက်သီက သောက်တယ်၊ ကျနော်ကမသောက်ဖြစ်ဘူး။ အတူအိပ်ကြရင်း နှစ်ကောင်သား အွန်လိုင်းသုံးနေဖြစ်ကြတယ်။ သူ့အကောင့် ''ခက်သူ'' မက်စင်ဂျာကနေမက်ဆေ့ဝင်လာတယ်။

"ကဗျာ တပုဒ် အတူရေးမလား
ငါတော့ ဘယ်သူနဲ့မှမရေးဖူးဘူး
အခု အာရုံပေါက်လို့'' ဆိုပြီး၊
ကျနော်လည်း ဘာလဲဟပေါ့။ ဘေးချင်းယှဉ်လှဲနေတဲ့သူ့ကို ဘာတွေကြောင်နေတာလဲဟဆိုတဲ့အကြည့်နဲ့တချက်ကြည့်ပြီး ဘာမှပြန်မပြောဖြစ်ပါဘူး။ ရေးကြမယ် မရေးကြမယ်လည်း ဘာမှရီပလိုင်းမပြန်ဘဲ ကိုယ့်ဘာသာ ကြည့်စရာရှိတာဆက်ကြည့်နေလိုက်တယ်။ ကျနော်ဘာမှမပြောတော့ သူလည်း ခပ်မဆိတ်နေတယ်။

တကယ်တော့ ဒါဟာ နောက်ဆုံးဆုံကြရတာလို့ ဘယ်သူများသိနိုင်ပါ့မလဲ။ ဒီလိုမှန်းသိ ငါရေးပါတယ်လို့ စိတ်မကောင်းဖြစ်မိပါတယ်။ အခု သူမရှိတော့ဘူးဆိုမှ မက်ဆေ့ကို ပြန်ဖွင့်ကြည့်မိရင်း အင်မတန်စိတ်မကောင်းဖြစ်မိရပါတယ်။

ကဗျာတခြမ်း ငါ့မှာလွမ်းရ၊ မင်းအတွက်
ငါရေးခဲ့မယ် သူငယ်ချင်းရေ လို့သာ
တိုးတိုးရေရွတ်မိပါတယ်။
တိုင်းပြည်နဲ့လူ့အဖွဲ့အစည်းအတွက်
ကောင်းတဲ့စိတ်နဲ့
ကောင်းတဲ့အမှု
ကောင်းတဲ့အရာ
ကောင်းတာလုပ်ခဲ့တဲ့ သူငယ်ချင်း
ကောင်းကျိုးရွက်ခဲ့သူမို့
ကောင်းရာသုဂတိမှာ မင်းအတိအကျမို့
ကောင်းရာသုဂတိရောက်ပါစေလို့
ငါမပြောတော့ပါဘူးကွာ လို့ ဆိုမိတယ်။
မင်း ရှင်သန်မှုဟာ တမိနစ်ပဲကျန်ခဲ့
အဲ့ဒီတမိနစ်ထိ
မင်း လိပ်ပြာဟာ သန့်ရှင်းခဲ့ပါတယ် သူငယ်ချင်း
မင်း လိပ်ပြာဟာ လှခဲ့ပါတယ် သူငယ်ချင်း။

စံ ညိမ်း ဦး
မေ၉၊ ၂၀၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar