မင်းကိုနိုင် - သမိုင်းသစ်ရေးမည့်လက်များ (၂)
မင်းကိုနိုင် - သမိုင်းသစ်ရေးမည့်လက်များ (၂)
စက်တင်ဘာ ၂၆၊ ၂၀၂၁
ပန်းပွင့်တဲ့အလုပ်ကို ရိုးတံကလုပ်လိမ့်မယ်
အမြစ်အလုပ်၊ အမြစ်လုပ်ရုံပဲ
မြေနက်နက် ရေရှာထွက်မယ်
အသက်ဆက်မယ်
အရွက်အလုပ် အရွက်လုပ်ရုံပဲ
နေပူခံလျက် အစာချက်မယ်
အသက်ဆက်မယ်
မရောက်နိုင်ရာမပါရလို့
ဘာမှဝောာ့ ယောင်မနေဘူး
"CDM နှင့်သူရဲကောင်းမိသားစုဝင်များရှင့်
အွန်လိုင်းကနေ မေတ္တာဖြင့် စာသင်ပေးပါ့မယ်
ကျန်းမာရေးစောင့်ရှောက်ပေးမယ်
ဆက်သွယ်ပါရှင့်"
"ကျမကတော့ CDM တဦးပါ
မပြေလည်လို့ အလုပ်လိုချင်ပါတယ်"
(ခေါ်စာတွေ လက်ငင်းတွေ့)
"Onlineမှာ ဈေးရောင်းချင်တယ်"
(အော်ဒါတွေ ချက်ချင်းပြည့်)
"ဒါဖြင့် အွန်လိုင်းမတတ် ထမင်းငတ်ရမလား"
"မပူနဲ့အဒေါ် ၊ ချက်တတ်ရင်ရပြီ
ဈေးကွက်က သမီးတို့တာဝန်ထား
ကြော်ငြာအားကောင်းကောင်းနဲ့
လိုင်းပေါ်တင်ရောင်းပေးမယ်
Delivery ပို့ပေးမယ်"
ဒါဟာ တကယ်တော့
ဟင်းချက်ရောင်းရာ- လိုက်ပို့တာမဟုတ်ဘူး
တော်လှန်ရေးသစ္စာယာဉ်နဲ့
ချစ်ခြင်းမေတ္တာကို အိမ်တိုင်ရာရောက်
ပို့ပေးခြင်းပါလား။
***
ကိုဗစ်သရမ်းတဲ့ ခေတ်ကြမ်းကြီးထဲမှာ
တော်လှန်ရေးရဲဘော်များ
နောက်ဆံမငင်နဲ့။
လူကြီးမိဘတွေ ကျနော်တို့တာဝန်ထား
ဒါကျနော်တို့မိသားစုပဲ
ဆေးခန်းကြိုလား
အဖွဲ့တွေခြေချင်းလိမ်နေတယ်
လိုရာဆေး၊ ရအောင်ရှာပေးမယ်
ပိုက်ဆံပေးရင် ထွက်ပြေးမယ်
တော်ကြာနေမှ - အောက်ဆီဂျင်ဘူးကို
ဘီလူးလက်ကသားပြန်လုသလိုရယူ
ခလေးချီသလိုပွေ့ပြန်လာမယ်။
"ဘာလို့ဒီလောက် လုပ်ပေးလဲ" မေး
တော်လှန်ရေးသမားတင်တန်ဖိုးထားတာမဟုတ်
သူ့မိသားစုကိုပါ
လေးစားမြတ်နိုးကြောင်းပြတာတဲ့။
ဒီအဖြေကို
နေ့တိုင်း ထမင်းဟင်းချက်ပို့သူတွေကလည်း
"ဟုတ်တယ် ညီတယ် ညီတယ်" တဲ့လေ
ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုတာ
ကြွေးကြော်သံမျှ မဟုတ်ဘူး
ကမ္ဘာမြေသင်ရိုးမှာ ကျမ်းကိုးစေသား။
***
သပိတ်မှောက်ယောကျ်ားကား
အိမ်ပြန်မလာတော့ပြီ
ဇနီးမှာ ကိုယ်ဝန်သာလျှင် ကိုယ်ပိုင်ရှိချေ၏။
အနီးအဝေးမှ
တော်လှန်ရေးမိသားစုများ
သွေးကဇာတိပြလေပြီ။
လက်မောင်းသားမှာ
နွေဦးတော်လှန်ရေးတက်တူးနဲ့
လက်ချောင်းကြားမှာ
ဘဝတူမီးဖွားစရိတ်ကူထည့်
ငွေစက္ကူအနွမ်းပေါ်ကျတာက
ဝမ်းသာမျက်ရည်လား ကြေကွဲမျက်ရည်လား
မစဥ်စားဖြစ်ခဲ့ကြပါဘူး
မျိုးဆက်သစ်မိခင်လောင်း
လက်ဖဝါးလေးကို ဆုပ်ကာ ဆုပ်ကာ
ငါတို့ရှိသေးပါကြောင်းသာ
ခိုင်မာကတိပေးကြကုန်၏။
ခြေသာလျင် "ယဥ်" ရှိကြသူတို့ခရီး၊
နီးသည် ဝေးသည် မပူပန်ဘိ
ပန်းတိုင်ရှိလျင် ခရီးရှိမည်သာ။
ညီလေးငဲ့ ညီမလေးငဲ့
တယောက်မျက်ရည်တယောက်ပါးနဲ့ ထိုးခံရဲရင်
ညီအစ်ကိုရင်း
မောင်ရင်းနှမပဲ၊ သွေးသားပဲ
မြင့်သော၊ မြတ်သောပြည်သူတွေ
***
ဘယ်သူမထောက်ဘူးလား
ဘယ်ဝါမပံ့ဘူးလား
စိတ်ဝမ်းကွဲပြား စကားဝင်မခံဘူး
ယိုင်သူတွေ့ရင်၊ ပုခုံးပေးလိုက်
ခိုင်သူတွေ့ရင်၊ အပြုံးပေးလိုက်
“ဘီယာ လဘက်ရည်ဖြတ်လိုက်ပြီ” တဲ့
“မဖြတ်နိုင်တောင်လျော့သောက်ပြီ” တဲ့
ရေစက်ကျများ၊ ပြည့်သောအလားပဲ
မုန့်ဖိုးပဲဖိုး၊ စုဗူးအိုးပဲ
အမြစ်အလုပ် အမြစ်လုပ်၊
အရွက်အလုပ် အရွက်လုပ်ပဲ
ပန်းပွင့်တဲ့အလုပ်ကို ရိုးတံကလုပ်လိမ့်မယ်
***
“UN အရေးယူဖို့ ရုပ်အလောင်းဘယ်လောက်လိုပါသလဲ”
ကုလရုံးရှေ့ရပ်မေးခဲ့တဲ့လူငယ်ရဲ့မေးခွန်းကော
ကမ္ဘာတပါတ်မပြည့်သေးဘူးလား
ကမ္ဘာကြီးက၊ ဘယ်လိုမေးခွန်းမျိုးကျမှ
ချွေးပြန်ချင်တာလဲ
တို့ပြည်သူကသွေးသံတွေနဲ့
***
မြင်လား ...
ဆောင်းဦးရွက်ကြွေဘူတာရှေ့ဆီ
သုံးနာရီလောက်ကားရထား
အဆင့်ဆင့်စီးသွားပြီး
ထိုထိုနေ့တိုင်း၊ ဆိုင်းဘုတ်ကိုင်ဆုပ်
ကြေးရုပ်လို မတ်မတ်ရပ်အလှုခံတာ
ဘယ်သူပါလိမ့်
ပျော်အရွယ်မှာမပျော်သာ
တာဝန်သိသူ၊တာဝန်ယူတာဘယ်သူပါလိမ့်
ပြည်သူတွေ မြင့်သောမြတ်သောပြည်သူတွေ
***
မြင်လား
ဆာကူးရာတွေပွင့်ရာမြေမှာ
“ကမ္ဘာမကြေဘူးသီချင်းကို
ဂျပန်မြန်မာ နှစ်ဘာသာနဲ့” ဆိုလို့
လိုက်ရှာတော့ အဂ်လိပ်၊နော်ဝေးဘာသာနဲ့ ထပ်တွေ့
သူ့နိုင်ငံသား၊ တူခံစားအောင်
နှလုံးသားစောင်းကြိုးညှိခဲ့ကြတာ
ဘယ်သူတွေပါလိမ့်
မြင့်သောမြတ်သောပြည်သူတွေ
ကမ္ဘာမြေရဲ့
ခမ်းနားတဲ့မြစ်မဟာတိုင်းမှာ
မြစ်လက်တက်တွေကိုယ်စီနဲ့
ဘယ်လောက်ကျဉ်းကျဉ်း
မြစ်လက်တက်တစင်းစီမှာ
သမိုင်းတန်ဖိုးကိုယ်စီနဲ့
ဒို့ပြည်သူတွေ
မြင့်သောမြတ်သောပြည်သူတွေ
ရိုးတံတွေပွင့်နိုင်ဖို့
အမြစ်ပွါးတချို့၊သစ်ရွက်တချို့
စည်းရိုးအပြင်ရောက်နေရလည်း
တပင်ထည်းကပါပဲ။ ။
မင်းကိုနိုင်
သရုပ်ဖော်ပန်းချီ -
ဂျန်ဇီတွေ ဆွဲပြီးပို့တဲ့ သမိုင်းသစ်လက်ရာ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar