မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် " မောင်သင်းခိုင်နဲ့ ကြို့ပင်ကောက် "
မိုးမခအမှတ်တရပုံရိပ်လွှာများ
စက်တင်ဘာ ၂၆၊ ၂၀၂၁
'' မောင်သင်းခိုင်နဲ့ ကြို့ပင်ကောက်''
ဝင်းမင်းခိုင်
လူငယ်တွေစုစည်းမိရင် ကဗျာတွေရွတ်ကြမယ်၊ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ကြမယ် အကိုကြီးကိုလှမ်းခေါ်လိုက်။
ကျနော်အိမ်ထောင်ကျပြီးကထဲက ဆရာဒဂုန်တာရာအပါဝင် အကိုကြီးမောင်သင်းခိုင်တို့က လူငယ်တွေနဲ့ထိတွေ့စေချင်ခဲ့တယ်။
မင်း အိမ်ထောင်ကျပြီး ကဗျာမရေးရင် ငါ့ကိုအဆက်အသွယ်မလုပ်နဲ့လို့လည်း မောင်သင်းခိုင်က တိုးတိုးတိတ်တိတ် သတိပေးထားခဲ့တယ်။
ကြို့ပင်ကောက်အပါအဝင် ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည် စတဲ့မြို့တွေက ကဗျာဆရာလူငယ်တွေကို ဇီးကုန်းက မိုးဆမ်းပိုင်(ကွယ်လွန်)နဲ့ချိတ်ဆက်ပြီး ဆုံဆည်းခဲ့ရတယ်။
သူ့မြို့ကိုယ့်မြို့တလှည့်စီသွားပြီး ကဗျာတွေရွတ်ကြ၊ ခေတ်ပေါ်ကဗျာနဲ့ပတ်သက်တာတွေ၊ ခေတ်ပြိုင်ခံစားမှုတွေ၊ အယူအဆသဘောတရားတွေကို ဆွေးနွေးဖြစ်ခဲ့တယ်။
ပုတီးကုန်း သဲကုန်းအပါအဝင် ပန်းတောင်း၊ ဥသျှစ်ပင်က ပြည်ကောလိပ်တက်နေတဲ့လူငယ်တချို့ပါ မိုးဆမ်းပိုင်နဲ့အတူ ကြို့ပင်ကောက်ကို ရောက်လာတတ်ကြတယ်။
နတ္တလင်းက ကိုအေးလွင်အပါအဝင် မောင်စီးဆင်း(နတ္တလင်း)၊ ဇီးကုန်းက မိုးဆမ်းပိုင်နဲ့လူငယ်တချို့၊ ကြို့ပင်ကောက်က နီသစ်ခိုင်၊ ကိုမြင့်နိုင်ဝင်း၊ ကိုမျိုးသန့်၊ ဝါသနာရှင်ကိုခင်ဇော်၊ နောက်ပိုင်း ဝမ်းဈာန်တို့ပါ မကြာခဏ စကားဝိုင်းလေးတွေလုပ်ဖြစ်ခဲ့ကြတယ်။
ရံဖန်ရံခါအရေးတကြီးဆွေးနွေးစရာတွေရှိရင် လူငယ်အားကောင်းပြီး စုစည်းညီညွတ်တဲ့မကွေးက လေပြေသုန်၊ ကဗျာဆရာထက်သစ်၊ ကိုရိုးသက်တို့အဖွဲ့ဆီကိုလဲ ကျနော်ရောက်တတ်တယ်။
၁၉၈၆ ခုနှစ်လောက်က မန္တလေးမှာ ကဗျာဆရကြည်အောင်နဲ့စကားပြောရင်း ခင်ဗျားအခုကြို့ပင်ကောက်ကိုရောက်နေတယ်ဆိုတော့ အဲဒီမှာကျနော့်မိတ်တွေ ကဗျာဆရာတယောက်ရှိတယ်ဗျ၊ အကြောင်းတခုနဲ့ကျနော်ရှောင်တိမ်းနေတုန်းက ကျနော့်ကိုကူညီစောင့်ရှောက်ခဲ့တဲ့လူ။
သက်နိုင်(ကြို့ပင်ကောက်) ဆိုတဲ့ကလောင်နာမည်နဲ့ကဗျာရေးတယ်၊ လိုက်ရှာပြီး ကျနော့်စာအုပ်ကလေးပေး ပေးပါအုံးဆိုပြီး" ဟေမန္တခြေမြန်တော် "ကဗျာစာအုပ် လက်ဆောင်ပါးလိုက်တယ်။
အဲဒီကစပြီး ကဗျာဆရာသက်နိုင်(ကြို့ပင်ကောက်) ဟာ ကျနော်တို့ရဲ့ဝိုင်းတော်သားဖြစ်ခဲ့တယ်၊၊ မောင်စိန်ဝင်းပုတီးကုန်းကလဲ သူ့ဆရာဟာ သက်နိုင်(ကြို့ ပင်ကောက်) ဖြစ်တဲ့အကြောင်း မကြာခဏထည့်ပြောတတ်ပါတယ်။
စိတ်ရင်းကောင်းပြီး လင်မယား၂ ယောက်စလုံး ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့အတွက် ကျနော်တို့တွေရဲ့ကျန်းမာရေးကိစ္စတွေကို ဒိုင်ခံဖြေရှင်းပေးတတ်ပါတယ်။
အကိုကြီးမောင်သင်းခိုင်နဲ့ ပန်းချီမုတ်သုန်တို့လာတော့ သက်နိုင်(ကြို့ပင်ကောက်)ရဲ့ အမျိုးသမီး မမနီတာဝန်ကျတဲ့ အလယ်ရိုးမထဲက "ဝိုင်း"ဆိုတဲ့ရွာကိုရောက်ပြီး ရွာခံစာသမားတွေနဲ့ ကဗျာဆရာတွေဆုံဖြစ်ခဲ့ကြသလို ကိုမုတ်သုန်အတွက်လဲ ပန်းချီရေးစရာ ရခဲ့တယ်။
"ရိုးမထဲက လူတယောက်" ဆိုတဲ့ခေါင်စီးနဲ့ သက်နိုင်(ကြို့ပင်ကောက်)ကို မောင်သင်းခိုင်အင်တာဗျူးထားတာလဲ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ ဖတ်ကြရမှာပါ။
မောင်သင်းခိုင် ကြို့ပင်ကောက်ကိုလာပြီး လူငယ်တွေနဲ့အတူ ကဗျာတွေရွတ်တာ၊ ကဗျာအလုပ်ရုံဆွေးနွေးပွဲတွေလုပ်တာ အကြိမ်ရေမနည်းပါဘူး၊ ခေတ်ပေါ်ကဗျာနဲ့ပတ်သက်တဲ့ဆောင်းပါးအနေနဲ့က ရွှေသမင်မဂ္ဂဇင်းမှာ ၁ ပုဒ်နဲ့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ ၁ ပုဒ် စုစုပေါင်း ၂ ပုဒ် ရေးခဲ့ပါတယ်။
ရုပ်ရှင်တေးကဗျာထဲကဆောင်းပါးဟာ ကျနော့်ကိုမကြာခဏမေးနေကြတဲ့ မောင်စွမ်းရည်၊ ဇော်(ပျဉ်းမနား)၊ ခင်မောင်တိုး(မိုးမိတ်)တို့ရဲ့ (စွမ်း၊ ဇော်၊ တိုး) စကားဝိုင်းကိုမကြိုက်ကြလို့ အဓိကတုန့်ပြန်ထားတဲ့ လူငယ်တွေရဲ့သဘောထား၊ လူငယ်တွေရဲ့အသံပါ။
ကျနော်တို့တု့ံပြန်ရေးခဲ့ကြတုန်းက သူတို့အားလုံး သက်ရှိထင်ရှားရှိကြပါသေးတယ်။
မောင်သင်းခိုင်က ဘယ်မြို့ဘယ်နေရာကိုရောက်ရောက် သူသိတဲ့၊ ပြည်သူဘက်ကရပ်တဲ့၊ ကဗျာဆရာတွေ၊ လူပုဂ္ဂိုလ်တွေကိုမဖြစ်မနေ သွားတွေ့တတ်ပါတယ်။
ကြို့ပင်ကောက်က သက်နိုင်(ကြို့ပင်ကောက်) ထက်စောတာ မောင်လွမ်းဝေ ဆိုတာရှိတယ်ကွ၊ ၆၂ ခုနှစ် ဗ က သ ကိုအုန်းကျော်က မောင်လေးမွန်နဲ့ ရန်ကုန်တက္ကသိုလ်မှာ အတူတူ၊ အုတ်ဖို မလွမ်းမူ ကောရှိသေးလား၊ မင်းလှမှာ ကိုအောင်မေသု(ကျွန်းပြန်)ရှိတယ်လေကွာ၊ ဇီးကုန်းက ကဗျာဆရာ မောင်အလင်္ကာက ငါတို့နဲ့တခေတ်ထဲရေးတာ သွားတွေ့ကြမယ်။
အဲသလိုကြို့ပင်ကောက်ကိုအထိုင်ချပြီး ကဗျာဆရာတွေ၊ ရဲဘော်မိတ်ဆွေတွေကို ပြည်တို့၊ ဝက်ထီးကန်တို့အထိသွားတွေ့ လည်ပတ်တတ်သလို ကျနော်မသိသေးတဲ့သူတွေနဲ့လဲ မိတ်ဆက်ပေးတတ်ပါတယ်။
မကွေးက ကဗျာဆရာထက်သစ် မင်းတို့ကြို့ပင်ကောက်အနီးတဝိုက်မှာ ရှိတယ်၊ ထမင်းဆိုင်ဖွင့်ထားတယ်လို့ကြားတယ်ကွ၊ မင်းစုံစမ်းထားလိုက်အုံးဆိုတော့ စုံစမ်းပြီးသွားတွေ့ရပါတယ်။
ရန်ကုန်ဘက်ကလာရင် အေးမြသာယာမရောက်ခင်မှာ ဟိုင်းဝေးကားခရီးသည်တွေကိုရောင်းတဲ့ထမင်းဆိုင်ပါ၊ ကြို့ပင်ကောက်ရဲ့တောင်ဖက် ၁၀ မိုင်ဝန်း ကျင်လောက်တော့ ဝေးမယ်ထင်ပါတယ်။
ကိုထက်သစ် ကကျနော့်ကိုတွေ့တော့ ဝမ်းသာအားရနှုတ်ဆက်ပြီး ဗိုလ်ကြီးလာရင် အကြောင်းကြားပါအုံး ကျနော်လာတွေ့ပါမယ်လို့ပြောပါတယ်။
မောင်သင်းခိုင်နဲ့လိုက်လာတဲ့ကဗျာဆရာနေထက်နိုင်က "ကိုဝင်းမင်းခိုင် ကြိုပြီးပြောမထားနဲ့ ဒီကောင်ကြီးကိုအံ့ဩသွားအောင် လုပ်ရမယ်ဗျ"
မောင်သင်းခိုင်၊ နေထက်နိုင်၊ အာကာဦးနဲ့ကျနော်တို့ ကိုထက်သစ်ဆိုင်ကိုရောက်တော့ ကိုထက်သစ်က ဂျူတီချိန်းပြီး အနားယူနေတာပါ။
စားပွဲထိုးကလေးကို ကိုနေထက်နိုင်က ငါတို့မှာတဲ့အစားအသောက်တွေကို မင်းတို့ဆရာဆိုင်ရှင်ကိုယ်တိုင်လာချဖို့ပြောလိုက်ဆိုတော့ စာပွဲထိုးလေးက ကြောက်ကြောက်လန့်လန့်အမူအရာနဲ့သွားပြောပါတယ်။
အိပ်ချင်မူးတူးပုံစံနဲ့ ကိုထက်သစ်ထလာတယ်။ စူးစမ်းတဲ့အကြည့်နဲ့တရွေ့ရွေ့တိုးလာပြီး အနားလည်းရောက်ရော "ဟာ" ဗိုလ်ကြီးဆိုပြီးပြေးပွေ့ပါတော့တယ်။
ဝင်းမင်းခိုင်ရေ
ပြီးခဲ့တဲ့အခေါက်က ကြို့ပင်ကောက်ကနေ ရန်ကုန်ကိုပြန်တော့ လမ်းမှာ ငါ့ဘေးကပ်လျက်ထိုင်နေတဲ့လူက ဟေ့လူ ဘယ်ကပြန်လာတာလဲ ဘာညာနဲ့ငါ့ကိုစကားတွေပြောတယ်ကွ၊ ဒီလူငါ့ကိုမသိပဲနဲ့လူမှားပြီး စကားတွေပြောနေတာဖြစ်ရမယ်လို့တွေးပြီး ခင်ဗျား ကျုပ်ကိုသိလို့လားလို့ငါကမေးလိုက်တယ်။
ခင်ဗျား ကဗျာဆရာမောင်သင်းခိုင်ဆိုတာကျုပ်သိတယ်လို့ပြောပြီး ဦးထုပ်ကိုချွတ်လိုက်တယ်ကွ၊ ငါကသူ့ကို နဝေတိမ်တောင်နဲ့ကြောင်ကြည့်နေတုန်း ...
ကိုသင်းခိုင် ကျုပ် ကိုချက်လေ မမှတ်မိဘူးလား ...ဆိုမှ
"ဟား" ငါ့လူကြီး ကဗျာဆရာ ကိုချက်(တရားသူကြီး) ဖြစ်နေတာကိုးကွ။
မတွေ့တာကြာတော့ မမှတ်မိဘူးလေကွာ။
ဒို့ ၂ ယောက်တလမ်းလုံးစားလိုက်၊ သောက်လိုက်၊ စကားတွေအာရပါးရပြောလိုက်နဲ့ အဖော်ရသွားတာပေါ့ကွာ။
မောင်သင်းခိုင်ကကြို့ပင်ကောက်ကိုအသားလွတ်လာလေ့လာထမရှိဘူး၊ ဒီတခေါက်လာရင် ဘာအကြောင်းဆွေးနွေးမယ်၊ ဘာတွေလုပ်မယ်ဆိုတာကြိုမှာတတ်ပါတယ်။
ကျနော်တို့ကလဲကြိုတင်လေ့လာ၊ ကြိုတင်ပြင်ဆင်ထားပါတယ်။
လူငယ်တွေက လက်ပွန်းတတီးပြောဆိုဆွေးရတာမို့ သိပ်သဘောကျပါတယ်။
ကိုယ့်ကဗျာကိုယ် ဒါမှမဟုတ်ကိုယ်နှစ်သက်တဲ့ကဗျာကို ထရွတ်ရတဲ့ ကဗျာရွတ်တဲ့အလေ့အထကို ရသွားတော့ အသံရဲ့သဘောကို ပိုသိသွားကြပါတယ်။
အဲဒီထက်ပိုတဲ့အကျိုးအမြတ်ကတော့ ဖြတ်သန်းနေရတဲ့ခေတ်ကြီးကို အရင်ကထက်ပိုပြီး စနစ်တကျ ခွဲခြမ်းစိတ်ဖြာတတ်လာတာပါပဲ။
လွန်ခဲ့တဲ့ ၂ နှစ်(၂၀၁၉) အထိ ကြို့ပင်ကောက်ကို မောင်သင်းခိုင်ရောက်ဖြစ်ပါသေးတယ်၊ စောစောကပြောခဲ့သလိုပါပဲ၊ ရည်ရွယ်ချက်တခုခုမရှိပဲ မောင်သင်းခိုင် ဘာအလုပ်မှမလုပ်ပါဘူး။
ကျနော်သတိထားမိသလောက်ကတော့ အဲဒါကိုက သူ့အလုပ်သူ့ရည်ရွယ်ချက် ဖြစ်ပါလိမ့်မယ်။
ချစ်တဲ့
ဝင်းမင်းခိုင်
၂၃.၉.၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar