Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၁၁ ရက်မြောက်နေ့ မြင်ကွင်း
စက်တင်ဘာ ၁၁၊ ၂၀၂၁

စက်တင်ဘာ ၁၁ ရက်နေ့ သတင်းတွေမှာတော့ ကယားပြည်နယ်မှာ လူငယ်နှစ်ဦးကို လက်ချင်းကြိုးနဲ့ ချည်ထားပြီး လက် ၃ချောင်းထောင် ပြနေတဲ့ ဓါတ်ပုံ ဆိုရှယ်မီဒီယာမှာ တက်လာပြီး ဒီလူငယ် ၂ ဦးဟာ စစ်ဘေးရှောင်စခန်းက လူငယ် ၂ ဦးဖြစ်တယ်လို့ သိတဲ့သူတွေက အတည်ပြုကြပြီး အချို့က ဓါတ်ပုံရိုက်ယူပြီးမကြာခင် ပစ်သတ်ခံလိုက်ရတယ်လို့ ပြောဆိုမှုတွေ ရှိပေမယ့် သူတို့ ၂ ဦးရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့တော့ တိတိကျကျ မသိရှိကြရသေးပါဘူး။ 

ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့က ဂန့်ဂေါမြို့နယ် မြင်သားရွာမှာ ကျေးရွာမှာ ကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ လူငယ်၁၅ ဦး ဦးဆောင်သူလို့ သံသယဝင်ခံရသူ လူကြီးတဦး၁၆ ဦး ပစ်သတ်ခံရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့အပြီး တဖန် ကယားပြည်နယ်ထဲမှာ အခုလို ဖမ်းဆီးခံရတဲ့ သတင်း သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

နောက်အခြားသတင်းတွေထဲမှာတော့ ရွှေဘို၊ ကန့်ဘလူနဲ့ နေပြည်တော်တို့မှာ အုပ်ချုပ်ရေးမှူး၊ သတင်းပေးလို့ ယူဆသူတွေကို ပစ်ခတ်လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေဖြစ်ပါတယ်။ နေ့စဥ်ကြားသိနေကျ သတင်းတွေက သတင်းပေး၊ အုပ်ချုပ်ရေးမှူး ရာအိမ်မှူး ဆိုသူတွေကို ပစ်ခတ်လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ အချို့နယ်တွေမှာ သတင်းပေး၊ အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ရင်း မိသားစုဝင်အချို့ပါ သေဆုံးရတဲ့ အဖြစ်တွေလည်း သတင်းတွေထဲ ဖတ်ရှုရပါတယ်။ 

သတင်းပေး၊ ဒလန်၊ အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ကြတာကို တော်လှန်ရေးမှာ နည်းလမ်းတရပ် အဖြစ်ကျယ်ကျယ် ပြန့်ပြန့်သုံးစွဲလာကြရင်း နဲ့ ဒီလို လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ စစ်ရေးရည်မှန်းချက် နိုင်ငံရေးရည်မှန်းချက်ကို မတည်ဆောက်နိင်ပဲ အကြမ်းဖက်တဲ့ အဖွဲ့အစည်းတွေ၊ တရားမျှတမှု မရှိတဲ့ စီရင်ချက်ချမှုတွေ ဖြစ်လာပြီး စစ်အာဏာရှင် စနစ်ကို ဖြုတ်ချဖို့ကြိုးစားရင်း လက်စားချေတဲ့ လက်တုံ့ပြန်တဲ့ လူမှုအဖွဲ့အစည်း ဖြစ်လာမှာ၊ တရားဥပဒေတို့ တရားမျှတမှုတို့ကို တန်ဖိုးမထားတဲ့ လူမှုအဖွဲ့အစည်း တခုအဖြစ် လျောကျသွားမယ့် အရေးလည်း သတိမူသင့်ပါတယ်။ 

အစိုးရ စစ်တပ်လို့ အမည်ခေါ်ဆိုပြီး နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်တဲ့ ဒေသတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ မကောင်းတဲ့ ပုံရိပ်ဟာ ဖမ်းဆီးခံရသူတွေကို ဥပဒေမဲ့ ပစ်သတ်တာ၊ အကယ်၍ မသတ်ခဲ့ရင်လည်း သက်သေအထောက်အထား ခိုင်လုံခြင်းမရှိပဲ ဥပဒေအမျိုးမျိုးနဲ့ တရားစွဲ ထောင်ချတာ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးတာ၊ လုယူတာ၊ လူနေအိမ်တွေမီးရှို့တာ ၊ ကျေးရွာတွေမှာ ပြန်မနေနိုင်အောင် နေအိမ်တွေ မီးရှို့ပြီး မြေလှန်တာတွေဟာ စစ်အာဏာရှင် အသုံးချခံစစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်ပါတယ်။ 

အခုလို ပီဒီအက်ဖ်တွေ အနေနဲ့ လက်ထဲလက်နက်တွေ တပ်ဆင် လာနိုင်တဲ့နောက် စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်တွေကို ရှင်းလင်းရေးဆိုတဲ့ ခေါင်းစဥ် ၊ အယူအဆနဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သတင်းပေးတွေကို လုပ်ကြံသတ်ဖြတ်နေခြင်းကို အဓိက မဟာဗျူဟာတရပ် အဖြစ် သုံးသင့်မသုံးသင့် NUG အစိုးရအနေနဲ့ ပြန်လည် သုံးသပ်သင့်တယ်လို့ထင်ပါတယ်။ 

စစ်ရေးအောင်ပွဲရဖို့ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချဖို့ ရည်ရွယ်ရာမှာ လူထုကို အကာအကွယ်ပေးနိုင်ရေးက အရေးကြီးတဲ့ အချက် ရည်ရွယ်ချက်တခုဖြစ်ပြီး အဲဒီလိုအကာအကွယ်ပေးနိုင်ဖို့၊ နိုင်ငံရေး အာဏာကိုအခြေစိုက် ထူထောင်နိုင်ဖို့  နယ်မြေစိုးမိုးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုနယ်မြေစိုးမိုးနိုင်ဖို့ အတွက် မဟာဗျူဟာလည်း ချမှတ်ပြီး ပြင်ဆင်သင့်ပါတယ်။ 
ပြည်တွင်းမြို့တွေ ကျေးရွာတွေမှာ ဖြစ်နေတဲ့ ခုခံတွန်းလှန်စစ်ကို ရန်သူအုပ်ချုပ်ရေး အခြေမတည်နိုင်ရေးအတွက် ရည်ရွယ်ပြီး အခုလို လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဗုံးခွဲမှုတွေနဲ့ လုပ်ခြင်းအားဖြင့် ဖမ်းခံရ၊ တခါတရံ သတ်ခံရတဲ့အထိ  ဆုံးရှုံးရတဲ့ ပီဒီအက်ဖ်တွေအင်အားတွေရှိလို့ ဒီလိုလုပ်ဆောင်မှုတွေက တန်ရဲ့လား စတဲ့ သုံးသပ်မှုမျိုးလည်း သုံးသပ်သင့်ပြိး  နယ်မြေစိုးမိုးနိုင်ရေးကို မဟာဗျူဟာ အဖြစ်ချမှတ်ပြီး အလေးပေး လုပ်ဆောင်သင့်တယ်လို့လည်း ထင်ပါတယ်။ 

နယ်မြေစိုးမိုးနိုင်မှသာလျင် အစိုးရတရပ် အဖြစ်အသိအမှတ်ပြုမှုကို ပိုရရှိနိုင်ပြီး ဒီဘက်က ဖိနှိပ်မှုအောက်နေရသူတွေ အနေနဲ့ ကူးပြောင်းလိုရင် အဆိုပါ လွတ်မြောက်တဲ့ ဒေသကို ရွှေ့ပြောင်းနိုင်မှာလည်း ဖြစ်ပါလိမ့်မယ်။ 

အခု သီတင်းပတ်တွေမှာ ပီဒီအက်တွေက ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ ပစ်မှတ်တခုက စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်တဲ့ မိုင်တဲလ် ဆက်သွယ်ရေးကုမ္ပဏီပိုင် တာဝါတိုင်တွေကို ဖောက်ခွဲတာ၊ မီးရှို့တာပဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်းတို့မှာ အဓိက ဖောက်ခွဲဖျက်ဆီးတာ မီးရှို့တာတွေ လုပ်ဆောင်နေကြပြီး တချို့သော ဒေသတွေမှာလည်း အနည်းအကျဥ်း ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ စစ်တပ်နဲ့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနကပိုင်တဲ့ ဗီယက်တဲလ်တို့ ဖက်စပ်လုပ်တဲ့ တယ်လီဖုန်းအော်ပရေတာကုမ္ပဏီရဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေကို ဖျက်ဆီးခြင်းဖြင့် စစ်ကောင်စီရဲ့ ဝင်ငွေ၊ စစ်ကောင်စီခေါင်းဆောင်တချို့ရဲ့ အစုရှယ်ယာတွေကိုပါ ဆုံးရှံးအောင်၊ လုပ်ငန်းရပ်ဆိုင်းသွားအောင် အထိရည်ရွယ် လုပ်ဆောင်တာလို့ နားလည်ပါတယ်။ 

NUG က တိုက်ပွဲခေါ်သံ နှိုးဆော်ပြီးနောက် ၄ ရက်ခန့်အကြာမှာ နိုင်ငံရေးအခြေအနေနဲ့ စစ်ရေးလှုပ်ရှားမှု အခြားသောစိုးရိမ်မှုတွေ မရေရာမှုတွေ ပေါ်မူတည်ပြီး စီးပွားရေးနယ်ပယ်မှာ ဂယက်ရိုက်ခတ်မှုတွေ ထင်ထင်ရှားရှားတွေ့လာရပါတယ်။ 

ဒေါ်လာနဲ့ လဲနှုန်းမှာ မြန်မာငွေ သိသိသာသာ တန်ဖိုးကျနေပြီး ဒီနေ့ဆိုရင် ၂၀၀၀ ကျပ်အထိ မြင့်တက်ခဲ့တာပါ။ ဝယ်စျေးနဲ့ ရောင်းစျေးကို ၃၀၀ ကျပ်လောက်ထိကွာဟထားကြပြီး အဝယ်စျေးက  ၁၀ ရာခိုင်နှုန်းလောက် တရက် နှစ်ရက်အတွင်း တက်သွားကြတာမျိုးဖြစ်ပါတယ်။ ဒေါ်လာစျေးတက်တာကြောင့် နေ့ချင်းလိုက်ပြောင်းတာက ရွှေစျေးနှုန်းဖြစ်ပါတယ်။ ရွေးစျေးလည်း ၁၈ သိန်း ၁၉ သိန်း အထိမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်တယ်ဆိုတာထက် စျေးနှုန်းဂယက်ရိုက်ခတ်မြင့်တက်တာမျိုး လို့ယူဆရပါတယ်။ 

ဒီလို ဒေါ်လာစျေးတက်တာတွေက အချိန်တဖြည်းဖြည်း ကြာလာရင်တော့ လူသုံးကုန်ပစ္စည်း ပြည်ပကတင်သွင်းတဲ့ စားသောက်ကုန်ပစ္စည်းတွေ အထိ သက်ရောက်မှုရှိလာနိုင်ပါတယ်။ စစ်ကောင်စီအတွက် စီးပွားရေးနယ်ပယ်မှာ ဂယက်ရိုက်ခတ်တာတွေဟာ အခက်တွေ့စေနိုင်သလို တပြိုင်နက်ထဲမှာ ကိုဗစ်ကူးစက်ကပ်ဘေးကြောင့် စီးပွားရေး အရအထိမခံနိုင်တဲ့ အနေအထားရောက်နေကြရတဲ့ လူထုတွေအတွက်လည်း အနည်းနဲ့အများ ရိုက်ခတ်မှုတွေ ခံစားကြရမယ့် အလားအလာရှိတယ်လို့ မြင်ပါတယ်။

illustration by EdoVader

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar