Breaking News

မိုးမခအက်ဆေး - ညိုထွန်းလူ '' ရင်ထဲကလက်ခုပ်သံတွေ ''

Image - google
မိုးမခအက်ဆေး
စက်တင်ဘာ ၁၃၊ ၂၀၂၁
'' ရင်ထဲကလက်ခုပ်သံတွေ ''
ညိုထွန်းလူ

၂၀၂၁ တင်းနစ်ရာသီ၏ ဂရင်းစလင်းပြိုင်ပွဲတစ်ခုဖြစ်သည့် ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းဗိုလ် လုပွဲတွင်အသက်၁၈ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ အမ်မာယာဒူကာနူက ပြိုင်ဖက်အသက် ၁၉ နှစ်အရွယ် လီလာဖာနန်ဒက်ဇ်အား ၆-၄။ ၆-၃ နှစ်ပွဲပြတ်ဖြင့်အနိုင်ယူပြီး ချန်ပီယံဆုဆွတ်ခူးသွားကြောင်းသိရသည်။ 

ဘောလုံးပွဲတွေတင်းနစ်ပွဲတွေကို ကိုယ့်စိတ်ကြိုက်တွေ့လျှင်ကြည့်လေ့ကြည့်ထရှိခဲ့သော်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလကတည်းကစ၍ သည်အားကစားပြိုင်ပွဲတွေဖြင့်ဝေးခဲ့ရပြီ။ အကြောင်းကြုံကြိုက်၍ ကြည့်ခဲ့ရသည့်တိုင် စူးစူးနစ်နစ် စိတ်ပါဝင်စားခြင်းမရှိတော့။
ယခင်တုန်းကတော့ဘယ်ဟုတ်ပါ့မလဲ။ ဘောလုံးပွဲတွေကိုအပတ်စဉ်ကြည့်ရှုဖြစ်သည်။ တင်းနစ်ပွဲကျတော့လည်း တခါတရံအကြိတ်အနယ်ပြိုင်ဆိုင်နေကြ၍ ဇလုံထဲမှာထမင်းတွေပုံဟင်းတွေပုံပြီး စားရင်းပြိုင်ပွဲကို စိတ်လှုပ်ရှားစွာငေးမောရင်း။ အသက်ကြီးလာသောအခါ ကိုယ့်လောကနယ်ပယ်က တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့၏။ သို့ရာတွင် စနေ တနင်္ဂနွေမှာဘောလုံးပွဲတွေကြည့်လိုက်။ ဖေ့စ်ဘွတ်ဖွင့်ပြီးကိုယ့်အချင်းချင်းစဟယ်နောက်ဟယ်လုပ်လိုက် သတင်းစာတွေအတွက်ဆောင်းပါးတွေရေးလိုက်ဖြင့် ကိုယ့်ကိုယ်ကိုကျေနပ်နေရသလို ကိုယ့်လောကလေးကလည်း သာသာယာယာ။

လွန်ခဲ့သည့် ၇ နှစ်လောက်ကတည်းအရွယ်၏သဘောကိုဆင်ခြင်လာခဲ့မိ၍ လောကနယ်ပယ်တွေထဲမှာလူလုံးပြရသည့်အခြေအနေတွေထဲမှ တဖြည်းဖြည်းနောက်ဆုတ်လာခဲ့သည်။ ဘာကြောင့်လဲ။ ရွှေဥဒေါင်း၏ဖြောင့်ချက်ဆိုသည့် ဆရာဦးဝင်းတင်၏ဆောင်းပါးကိုအမှတ်မထင်သတိရလိုက်မိပြန်သည်။ 

တစ်နေ့မှာ အသက် ၈၂ နှစ်အရွယ်ဆရာကြီးက ဆရာကိုဝင်းတင်ဒါလေးသတင်းစာထဲ ထည့်ပေးစမ်းပါဟုပြော၍ စာရွက်ကလေးတစ်ရွက်လှမ်းပေးလိုက်သည်။

ရွှေဥဒေါင်း၏ဖြောင့်ချက်
ယခင်ကမူ လူများများကိုသိချင်သည်။ မိမိကိုယ်လည်းလူများများကသိအောင်လုပ်ခဲ့မိဖူးသည်။ ယခုမူဂေါတမဗုဒ္ဓ၏သြဝါဒအတိုင်း မိမိကိုယ်ကိုသိအောင်ကြိုးစားလျက်ရှိပြီဖြစ်၍ လူတွေကိုလည်းမသိလို မိမိအားလူများကသိခြင်းကိုလည်းမလိုလား။ မိမိကိုယ်ကိုမိမိသဘာဝကျကျသိဖို့သာအရေးကြီးတော့သတည်း။

ကိုယ့်ကိုယ်ကိုသိခြင်း-ကိုယ့်အတ္တကိုသိခြင်းဆိုသည့်အဆုံးအမစကားသည် ရှေးရှေးကတည်းက ထင်ထင်ရှားရှားရှိခဲ့သိခဲ့ကြသည်။ နို့ဒါဖြင့် ကျွန်တော်က ဆရာကြီးရွှေဥဒေါင်းကိုအတုယူလိုက်ခြင်းလားဟု မေးခဲ့သည်ရှိသော် မဟုတ်ရပါဟု ကပျာကယာဖြင့်ဖြေရှင်းပါမည်။ မနှိုင်းကောင်းနှိုင်းကောင်း ဆရာကြီးရွှေဥဒေါင်းဖြင့်နှိုင်းယှဉ်ခံရလျှင် မိုးကြိုးပစ်ခံရမှာစိုးလှ၏။ တကယ်တော့ ကျွန်တော့်မှာ ဆရာကြီးရွှေဥဒေါင်း​လို မိမိကိုယ်ကိုသဘာဝကျကျသိရမည့်ဉာဏ်ပညာတွေမရှိသေးပါ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အရွေ့မြန်သည့်ခေတ်၏ နောက်သို့မလိုက်နိုင်တော့၍ ကိုယ့်အကြောင်းကိုသိကာဘေးထွက်နေလိုက်ရခြင်းဖြစ်ပါသည်။

လူငယ်တွေလို စိတ်အားကိုယ်အားမသွက်လက်တော့။ အရွယ်လည်းကျဉာဏ်လည်း "န" သွားခဲ့ရပြီ။ သို့သော်လည်း ကိုယ်တိုင်ဖြတ်သန်းနေရသည့်ခေတ်ကို တဖက်ကလည်း ပွဲကြည့်ပရိသတ်လိုငေးမောဆင်ခြင်နေစမြဲ။ ခေတ်ကိုလူငယ်တွေကဦးဆောင်ကြသည်။ ထို့အတူ တိုင်းပြည်၏အနာဂတ်ကိုသူတို့ကလေးတွေကပဲဖန်တီးကြပါလိမ့်မည်။
သူတို့၏အတွေးအကြံ သူတို့၏အစွမ်းတွေက အားကိုးစရာဖြစ်ရသလို စိတ်အားလည်းတက်မိခဲ့သည်။

သို့ရာတွင်နွေဦးမှာစတင်လိုက်သည့်မြင်ကွင်းက ကျွန်တော့်အားထိတ်လန့်ခြောက်ခြားသွားစေခဲ့ပြီ။ ဆရာငြိမ်းအေးအိမ်ပြောသလို နွေဦးသည်ပုံပြင်မဟုတ် ဆက်ကနေဆဲ ဇာတ်တော်ကြီးဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတုန်းက ရွေးကောက်ပွဲမှာရှုံးခဲ့ကြသည့်ပါတီတွေက ဗခမက မအလကိုသွားရောက်တွေ့ဆုံခြင်းသည် တတိုင်း ပြည်လုံး မျက်ရည်စက်လက်ငိုပွဲဆင်ရတော့မည့်ဇာတ်တော်ကြီးကပြဖို့ စတင်၍ဇတ်ပန္နက်ရိုက်လိုက်မှန်း ကျွန်တော်တို့သတိမပြုမိခဲ့။

နေပြည်တော်မှာ သမီးကလေးမမြသွဲ့သွဲ့ခိုင်ကိုထိမှန်ခဲ့သောကျည်ဆံသည် နောက်ထပ်ရောက်လာတော့မည့်ကျည်ဆံတွေ တိုက်ပွဲတွေနှင့်အတူမီးလျှံမုန်တိုင်းလာတော့မည့်အရိပ်လက္ခဏာမှန် းမသိခဲ့ကြ။

နေ့စဉ်နေ့တိုင်း အဖြစ်အပျက်သတင်းတွေက ကျွန်တော်၏ရင်ကိုတဒုန်းဒုန်းထုနှက်နေလျက်ရှိသည်။ 

တမြန်မနေ့က မြစ်သာမြစ်အရှေ့ဖက် မြင်သားကျေးရွာက ကလေးတွေအသတ်ခံရသည့်သတင်းတွေနှင့်ဓာတ်ပုံတွေကိုတွေ့လိုက်ရသောအခါ ဘုရားတမိလိုက်သည်။ထို့အတူ ကရင်နီပြည်နယ်စံပြ ၆ မိုင်ရွာက သတ်ဖြတ်ခြင်းမခံရမီလက်သုံးချောင်းထောင်ပြီး အာဏာရှင်စနစ်ကိုဆန့်ကျင်သွားခဲ့ကြသည့် 'ပါစကွားလယ်နှင့်ဖီဒေးလယ်' တို့၏ဓာတ်ပုံကိုဖေ့စ်ဘွတ်မှာတွေ့လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ လူငယ်တွေက အသက် ၁၆ နှစ်မှ အသက် ၁၈ နှစ်အတွင်းအရွယ်တွေ။ နောင်တချိန်တိုင်းပြည်အတွက်မျှော်လင့်အားကိုးကြရမည့်သူတွေ။ အသက် ၁၈ နှစ်အရွယ်ဗြိတိန်နိုင်ငံသူ ကလေးမလေးက တင်းနစ်ချန်ပီယံဆု ဆွတ်ခူးသွားချိန်မှာတော့ စစ်မီးတောက်နေသည့်ကျွန်တော်တို့နိုင်ငံမှာဖြင့် လူငယ်တွေခမျာ သေပွဲဝင်နေကြရရှာသည်။

နေ့စဉ်တွေ့နေရသည့်သတင်းတွေက တချက်ကလေးမျှစိတ်ချမ်းသာစရာမရှိ။ မိုင်တဲလ်တာဝါတိုင်တွေ မီး လောင်ပြိုကျပျက်စီးကုန်၍ ဆွေ့ဆွေ့ခုန်ဒေါပွနေကြသူတွေကတော့ သည်အရေးကို ဂရုစိုက်နေမည်မဟုတ်ပါ။ မီးလောင်ပြင်ဖြစ်သွားရသည့်ရွာတွေ။ ကွင်းပြင်ထဲမှာအသက်ဘေးမှထွက်ပြေးရသည့်ရွာသူရွာသားတွေ။ ခန္တီး၊ ဟုမ္မလင်၊း ဖားကန့်မှ ဂန့်ဂေါ၊ ထီးလင်းယောဒေသ ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်နှင့် အညာတခွင်ရှိနေရာဒေသတိုင်းမှာ ကျွန်တော်စာပေဟောပြောပွဲရောက်ခဲ့သည်။ သူတို့အားလုံး ကိုယ့်အရပ်ကိုယ့်ဒေသကိုမြတ်နိုးသံယောဇဉ်ကြီးကြရသူတွေ။ ဘုရားပွဲမှာကိုယ့်အရပ်ကိုယ့်ဇာတ်ဖြင့် ပျော်ရွှင်နေကြသူတွေ။

ယခုတော့ ရင်တထိတ်ထိတ်ဖြင့်နေကြရရှာသည်။ အရေးကြုံလာ၍ ပြေးဟဲ့ပြေးဟဲ့ဆိုပြန်တော့လည်း အညာတခွင်မှာဖြင့် ပြေးလွှားပုန်းခိုစရာ တောမရှိတောင်မရှိ။ ကွင်းပြင်ထဲမှာ ထီးတည်းချည်းဖြစ်နေပြီး အမောင်စစ်သားတို့သနားညှာတာမှ အသက်ရှင်သန်ရမည့်ကိန်းဆိုက်နေရရှာသည်။ နို့ပြီး သူရို့ရဲ့ကြိမ်းမောင်းခြိမ်း ခြောက်တာတွေကလည်း အလိုလေးလေးကြောက်စရာ။ သတ္တိရှိတဲ့သူတွေ ထွက်လာခဲ့တဲ့။ ဦးချိုရှိသောသတ္တဝါသည် ဦးချိုကိုအားကိုး၏။ သေနတ်ကိုင်ထားကြသူတွေကလည်း ထိုနည်းတူစွာ။

သည်မှာပင် သတ္တိအကြောင်းကို ကျွန်တော်တွေးမိလိုက်သည်။ သတ္တိမှာ စိတ္တသတ္တိ (mental courage) နှင့် ကာယသတ္တိ (physical courage) ဟူ၍ နှစ်မျိုးရှိသည်။ မိုက်မဲခြင်းနှင့်သတ္တိရှိခြင်းကိုဉာဏ်ပညာက ခွဲခြားထားသည်။ အမှားနှင့်အမှန်ကို ကွဲကွဲပြားပြားသိမှလည်း သတ္တိ၏အနက်အဓိပ္ပာယ်က ပေါ်လွင်သွားစမြဲ။

ယနေ့အခြေအနေသည် ဓမ္မနှင့်အဓမ္မတို့၏ အားပြိုင်ပွဲဖြစ်သည်။ လူငယ်တွေကတက်ကြွသည်။ သွက်လက်ဖျတ်လတ်သည်။ ရဲဝံ့သည်။ အမှန်တရားကိုမြတ်နိုးသည်။ ယနေ့သူတို့ကလေးတွေက နိုင်ငံ၏အနာဂတ်ကိုတည်ဆောက်ဖို့နှင့်အမှန်တရားအတွက်တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ သူတို့အားလုံးကိုယ့်နိုင်ငံ ကိုယ့်ဇာတိနှင့်ရေမြေဒေသတွေကိုချစ်မြတ်နိုးကြသည်။ အသက်တွေစတေးခဲ့ရ နာကျင်ကြေကွဲရမှုတွေများပြားနေသော်လည်း သူတို့လုံးဝလက်လျော့
နောက်ဆုတ်ကြမည်မဟုတ်ပါ။

ထိုအခါ နွေဦးဇာတ်တော်ကြီးကို သတိလက်လွတ်ငေးမောကြည့်ရှုနေသည့်ကျွန်တော့်နှလုံးသားထဲသို့ အင်အားသတ္တိတွေရှိလာသည့်အလား ခံစားလိုက်ရသည်။ တကယ်တော့ အမှန်တရားကိုမြတ်နိုးခြင်းသည်လည်း သတ္တိရှိခြင်းကိုဖော်ပြနေပါသည်။ ရွေးကောက်ပွဲမှာ လက်သန်းကလေးကိုမှင်စွန်း၍ မဲပေးလိုက်ခြင်းသည် ကျွန်တော်တို့၏အမှန်တရားမြတ်နိုးခြင်းကိုဖော်ပြနေလျက်။ အသက်တွေကြီးလာခဲ့ရသော်လည်း အမှန်တရားကိုမြတ်နိုးခဲ့သည့်သတ္တိသည် ကျွန်တော်တို့ရင်ထဲမှာရှိနေဆဲ။ သည်တော့မှ စိတ္တသတ္တိရှိခြင်းသည် အရွယ်နှင့်မဆိုင်ပါလားဟု ကျွန်တော်သဘောပေါက်လိုက်မိသည်။

ယခုအချိန်မှာ ကျွန်တော်တို့သည်မည်သည့်နေရာမျှ ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်အောင်မစွမ်းတော့သော်လည်း ကိုယ်တတ်နိုင်သလောက်တော့ ကူညီချင်စိတ်တွေရှိစမြဲ။ သို့ဖြင့် အမှန်တရားကိုမြတ်နိုးကြသည့် အရွယ်အိုစ အဘိုးအဘွားတို့၏ရင်ထဲကပွင့်အံထွက်လာကြသည့် လက်ခုတ်အားပေးသံများသည် ကိုယ်တတ်နိုင်သည့်အစွမ်းဖြင့် အင်အား​ဖြည့်ပေးလိုက်ရခြင်းပါဟု ကျွန်တော်ဆိုလိုက်တော့မည်။ 

အချို့က အမှန်တရားကဖိနပ်စီးနေသည့်အချိန် အမှားက ကမ္ဘာတစ်ပတ် ပတ်ပြီးခဲ့ပြီဟု အားလျော့စရာစကားပြောကြသည်။ ကျွန်တော်ပြုံးလိုက်မိသည်။ အမှန်တရားသည်အင်အားကြီးမားသွားခဲ့လျှင် အမှားသည်ကမ္ဘာပတ်ဖို့နေနေသာသာရှေ့သို့ တစ်လက္မမျှ ရွေ့နိုင်မည်မဟုတ်။ ထို့ကြောင့် တစ်နှစ်တစ်ကြိမ်ကျင်းပသည့်ကမ္ဘာ့တင်းနစ်ပြိုင်ပွဲလိုမဟုတ်ဘဲ ကောင်းမြတ်သည့်အနာဂတ်နိုင်ငံတော်တည်ဆောက်ဖို့အတွက် အသက်တွေဖြင့်လောင်း ကြေးထပ်ခဲ့ရသော ဓမ္မနှင့် အဓမ္မတို့၏အားပြိုင်ပွဲတွင် ကျွန်တော်တို့လက်ခုပ်အားပေးသံတွေကလူငယ်တွေဆီသို့စီးဆင်းသွားမည်ကိုတွေးလိုက်မိပြန်တော့ ကျွန်တော့်မှာကြည်နူးပီတိဖြင့် ရင်ခုန်နေလျက်။ အမှောင်ထုလွင့်ပျယ်သွားလျှင် အလင်းရောင်တွေရောက်လာစမြဲ။

အားလုံးဘေးဘယာကင်းဝေးကြပါစေ 
ညိုထွန်းလူ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar