မိုးမခသရော်စာ - ဆာသော်ဒိုး ''သာဝ''
မိုးမခသရော်စာ
အောက်တိုဘာ ၁၊ ၂၀၂၁
''သာဝ''
ဆာသော်ဒိုး
ဒီရွာမှာ "သာဝ" က ဇာတ်လိုက်။
"မိုက်" တဲ့နေရာမှာ နှစ်ယောက်မရှိ။
"ရာထူး" နဲ့၊ "အာဏာ" နဲ့။ ဒါပေမယ်လို့ သူ့အဆင့်က ဘာမှမရှိဘူး။ "ဆယ်အိမ်ခေါင်း" ခင်ဗျ။ "ရာအိမ်မှူး" အဆင့်တောင်မရှိဘူး။ ဒါပေမယ့် သူက "သူကြီး" တက်လုပ်ချင်နေတာ။
စာမတတ်ပေမတတ် "ဆယ်အိမ်ခေါင်း" ပေမယ့် "သူကြီးလုပ်ချင်စိတ်" ငယ်ထိတ်တက်နေတာကြာပေါ့။ "တက်" နေဆို ဟိုဘက်ခေတ်တောက်လျောက် "သူ့ပထွေးတွေ" အစဉ်အဆက် လက်ပြောင်းလက်လွှဲနဲ့ ရွာကိုအုပ်ချုပ်ခဲ့တော့ သူလည်း သူကြီးလုပ်ချင်စိတ် ထိပ်တက်ကပ်နေတော့တာပေါ့။
"သူ့ပထွေးတွေ" ဆိုတော့တစ်ယောက်မကဘူးပေါ့။ ဟုတ်တယ်ဗျ။ သူ့မှာပထွေးတွေကို လေးငါးယောက်ရှိတယ်။ အဲသည် ပထွေးတွေက သူတို့ခေတ်သူတို့အခါတုန်းက အစဉ်အလာအရ သူပြီးငါ သူပြီးငါ သူပြီးငါ "သူကြီး" တက်တက်လုပ်ခဲ့ကြတာလေဗျာ။
သူ့အလှည့်ကျတော့ သူ့ပထွေးတွေလို"လက်ဆင့်ကမ်းသူကြီး" လုပ်ခွင့်ရတဲ့ခေတ်မဟုတ်တော့ဘူး။ ရပ်ရွာလူထုက ရွေးချယ်တင်မြှောက်မှ "သူကြီး" ဖြစ်တဲ့ခေတ်။ သူတောင်ကံကောင်းလွန်းလို့ "ဆယ်အိမ်ခေါင်း" ဖြစ်ခွင့်ရခဲ့တာ။ သူက သူ့ပထွေးတွေကို အားကျစိတ်ကြီးနဲ့ ကြိတ်မှိတ်နေနေရတာ။
သူကြီးက ရပ်ရွာအတွက် အစည်းအဝေးခေါ်ရင် လာချင်မှလာတာ။ ဆယ်ခါမှာ ကိုးခါမလာဘူး။ သူ့ထက်ရာထူးမြင့်တဲ့ "ရာအိမ်မှူး" တောင် ပုံမှန် မပျက် မကွက်တက်ပေမယ့် သူကတော့တက်ကိုမတက်ဘူး။ သူ့"ဆယ်အိမ်မှူး" ရာထူးကလေးနဲ့တရွာလုံးကိုအုပ်ချုပ်နေတဲ့ "သူကြီး" ကိုမသိမသာခြေရာတိုင်းရာကနေ သိသိသာသာကို ခြေရာတိုင်းတိုင်းလာတာကို မြင်ကြရတယ်။
"ဆယ်အိမ်မှူး" ဆိုပေမယ့် သူတို့အစုထဲက "ငါးအိမ်" လောက်က သူ့ကိုမနှစ်သက်ကြဘူး။ ဒီတော့ "ငါးအိမ်မှူး " လို့ကွယ်ရာမှာ ခေါ်ကြတယ်။ ဟားကြတယ်။
အဲသည်ကောင်သာဝ တစ်ရက်ကျတော့ရွာထဲက သူဗိုလ်ကျပြီး အလကားယူသောက်နေကျ အရက်ပုန်းဆိုင်ကနေ ရေချိန်လွန်မူးပြီး ထုံးစံအတိုင်း ဆဲဆိုပြန်လာရင်း လမ်းဘေးကမြောင်းထဲကို ထိုးကျသွားတယ် ခင်ဗျ။
အရက်ကလည်း ခွေးသောက်နွားသောက်သောက်လာပြီး သောက်ရမ်းကိုမူးနေလေတော့ တစ်တောင်လောက်နက်တဲ့မြောင်းထဲကျသွားရာကနေ အပေါ်ကို ဘယ်လိုမှပြန်ပြီးမတက်နိုင်ဘူး။
အဲဒါနဲ့ လမ်းထဲကလူတွေက အမြင်မတော်ပါဘူးဆိုပြီး ဆွဲတင်ပေးလိုက်ကြလို့ လမ်းပေါ်ပြန်ရောက်လာတယ်။ ဒါတောင်မှ ကူညီတဲ့သူတွေကို ရန်ရှာပြီး ဝူးဝူးဝါးဝါးနဲ့ ကော်ဆဲနေသေးတယ်။
အဲသည်နေ့ကစပြီး "သာဝမြောင်းထဲရောက်သွားပြီဟ" လို့ ကွယ်ရာမှာ ဟားကြတယ်ခင်ဗျ။ ဒီကောင်ကလည်း မြောင်းထဲမြောင်းပုပ်ရေစပ်စပ်မှာ ရေတိမ်နစ်တော့မဲ့သူ့ကို ဆယ်ပေးထားတဲ့သူတွေကို ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့အပြင် ရန်ပါလုပ်နေသေးတာကလား။
သိပ်တော့မကြာလိုက်ပါဘူး၊ အဲသည်လိုပဲ သူနဲ့သူ့တွဲဘက်အဖော်တွေ ခွေးလိုနွားလိုသောက်စားမူးယစ်ပြီး ပြန်လာရင်း သာဝနောက်ထပ်တခါ ကျပြန်ရောခင်ဗျ။
ဒီတခါကျတာက အရင်တခါလိုမျိုး"မြောင်း" ထဲ ကျတာမဟုတ်ဘူး။ အိမ်ခြံစည်းရိုးတခုဘေးက "အိမ်သာတွင်းဟောင်း" ထဲကို ပြုတ်ကျတာ။ တွင်းဟောင်းက မြေမဖို့ရသေးတော့ သာဝတကိုယ်လုံးကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ ဝင်းလို့ဝါလို့ပေါ့ခင်ဗျာ။
ဝူးဝူးဝါးဝါးမြုပ်ချည်ပေါ်ချည် သာဝကိုသူ့အဖော်တွေက ဆွဲပြီးတင်ဖို့မလုပ်ကြဘဲ အလျှိူအလျှိူ လစ်ပြေးကြတယ်။ သာဝရဲ့ အပေါ်ယံကိုယ်လုံးမှာသာမက အဝါအရည်နဲ့အဆိုင်အခဲတွေဟာ သူ့ပါးစပ်ပေါက်ကနေ သူ့ဝမ်းထဲအထိ အနည်းဆုံးအစိတ်သားလောက်တော့ ရောက်ရှိနေပါပြီခင်ဗျ။
အရပ်ထဲက သူအုပ်ချုပ်ရတဲ့ဆယ်အိမ်စုကလူတွေကလည်း အနားမကပ်ဘဲ ခပ်လှမ်းလှမ်းကနေပဲကြည့်နေကြတယ်။ အရင်တခါ "မြောင်း"ထဲကျတုန်းက ဆွဲတင်သလိုမျိုးဆွဲတင်ပေးကြဖို့ ဆန္ဒရှိကြပုံမပေါ်ဘူး။
အခြေအနေကလည်း တူမှမတူတော့ဘဲကိုး။ အရင်တခါတုန်းက " မြောင်းထဲ" ကျတာ။ ခုတခါက "ချီးတွင်းထဲ" ကျတာလေ။
ကူဖို့ကယ်ဖို့ဆယ်ဖို့ စဉ်းစားနေကြပြီပေါ့။
ဒင်းကို ဒီလိုအော်ဂလီဆန်စရာရွံစရာကောင်းလွန်းလှတဲ့ ဒီချီးတွင်းထဲကနေ ဆယ်ပေးတဲ့သူတွေလည်း ဒင်းလိုပဲ ချီးပေမယ်၊ ချီးစော်နံမယ်။ ဒီတော့ စဉ်းစားကြပြီပေါ့။ ရှောင်ကြပြီပေါ့ ။ ။
ဆာသော်ဒိုး
7-7-21(Mon) 1:21 Am
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar